အင်္ဂလန်နိုင်ငံအခြေစိုက် THET အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် နှစ်ပတ်လည် ညီလာခံဖွင့်ပွဲ အခမ်းအနား ကျင်းပ

အင်္ဂလန်နိုင်ငံအခြေစိုက် THET အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် နှစ်ပတ်လည် ညီလာခံဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

==============================================================

နေပြည်တော် အောက်တိုဘာ ၁

 

အင်္ဂလန်နိုင်ငံ အခြေစိုက် Tropical Health and Education Trust (THET) အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် နှစ်ပတ်လည် ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီခွဲက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အဖွင့်မိန့်ခွန်းပြောကြားသည်။

 

၄၆၀ ကျော် တက်ရောက်လျက်ရှိ

ရှေးဦးစွာ THET အဖွဲ့၏ Chief Executive Officer ဖြစ်သူ Mr. Ben Simms က ယခုကျင်းပသော နှစ်ပတ်လည် ညီလာခံသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန် နှင့် တိုက်ဆိုင်နေသော်လည်း နိုင်ငံပေါင်း ၃၀ ကျော်မှ ပညာရှင် ၄၆၀ ကျော် တက်ရောက်လျက်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တစ်သန်း ကျော်သွားပြီဖြစ်ပြီး ၎င်းတို့အနက် ကျန်းမာရေးစောင့်ရှောက် ပေးသူ ၇၀၀၀ လည်း ပါဝင်ပါကြောင်း၊ မိမိအနေဖြင့် ကိုဗစ်-၁၉ သည် ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်ရုံသာမက အခြားသော ကပ်ရောဂါများကိုပါ အတူယှဉ်တွဲဖြစ်စေသည့် ကပ်ရောဂါကြီးတစ်ခုဖြစ်သည်ဟု ပြောလိုပါကြောင်း။

 

မိမိတို့အနေဖြင့် အရေးကြီးပြီး မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ ယခုလို အချိန်များတွင် မိမိတို့အားလုံးသည် ဘဏ္ဍာရန်ပုံငွေ များ၊ နည်းပညာများ၊ ကျွမ်းကျင်ပညာရှင် အစရှိသည့် စွမ်းအားစုများကို ပေါင်းစုစည်းပြီး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယူကေနှင့် မြန်မာနိုင်ငံအကြား မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သည့်အနေဖြင့် ထောက်ပံ့မှုများ ပိုမိုပေးအပ်လျက်ရှိပါကြောင်း ပြောကြား သည်။

ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြား ရေးမှူးချုပ် Dr. Tedros Adhanom က လွန်ခဲ့သော ကိုးလမှ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် လူ့အသက်သေဆုံးမှုများကိုသာမက ဘဝရှင်သန်မှု၊ အလုပ် အကိုင်အခွင့်အလမ်းများစွာကို ဆုံးရှုံးမှုဖြစ်စေခဲ့ပါကြောင်း၊ မိမိတို့အားလုံး စုစည်းညီညွတ်မှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို နားလည်စာနာကာ ထောက်ပံ့ကူညီလိုသည့် စိတ်ဆန္ဒများ ကို ပြသရမည့်အချိန်ဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ကို ဆက်လက်ပေးနိုင်ရေးသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုများ ပြန်လည်ရရှိရေးတို့အတွက် အရေးပါသော လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအကြား နီးကပ်စွာ မိတ်ဖက်သဖွယ် ပူးပေါင်း ဆောင်ရွက်ပြီး ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုကို ပြန်လည်တည်ဆောက်ကြပါစို့ဟု ပြောကြားသည်။

 

အရင်းအမြစ်အမျိုးမျိုး အသုံးချ

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုအချိန်တွင် မိမိတို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံးသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကူးစက်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ အပါအဝင် အရင်းအမြစ်အမျိုးမျိုးကို အသုံးချဆောင်ရွက်နေကြပါ ကြောင်း၊ ပြည်သူများ၏ ကိုယ်တိုင်ပူးပေါင်းပါဝင်ကာ စည်းကမ်းလိုက်နာဆောင်ရွက်မှုသည် ကိုဗစ်-၁၉ ဖြစ်ပွား ကူးစက်မှုများကို ဟန့်တားနိုင်ရန် အဓိက အရေးအကြီးဆုံး အချက်ဖြစ်သည်ကို အလေးထားပြောကြားလိုပါကြောင်း၊ ထို့အပြင် ကမ္ဘာအရပ်ရပ်ရှိ ကျန်းမာရေးဝန်ကြီးဌာနများအနေဖြင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများနှင့် ချိန်သားကိုက် စုစည်းချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မှုများ၊ နိုင်ငံအကြီးအကဲများ၏ စိတ်ဝင်စားစွာ ဦးဆောင်မှုများ ပြုလုပ်မှသာလျှင် ဤကပ်ရောဂါကို အမြန် ဆုံးထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း။

ယခု ညီလာခံ၏ အကြောင်းအရာခေါင်းစဉ်ဖြစ်သည့် "အားလုံးအတွက် ကျန်းမာရေး ဆယ်စုနှစ်အတွင်း ဆောင်ကြဉ်းပေး (Health for All; A decade to deliver)" နှင့်အညီ ကမ္ဘာ့နိုင်ငံများသည် ပြည်သူများ ကျန်းမာရေး အဆင့်အတန်း မြင့်မားစေရေးအတွက် အမျိုးမျိုးသော နိယာမသဘောတရားများ၊ ချည်းကပ်မှုပုံစံများဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင် အထူးအရေးကြီး သည်မှာ တီဘီ၊ ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက် နှိမ်နင်းရေးလုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း များ၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အပါအဝင် အခြားသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှု အရှိန်အဟုန် ကျဆင်းလျက်ရှိခြင်း (သို့မဟုတ်) ရပ်ဆိုင်းထားရခြင်းသည် ရေရှည်တွင် နိုင်ငံများ၏ ကျန်းမာရေးအဆင့်အတန်းကို ကျဆင်းထိခိုက်စေမည်ဖြစ်ပါကြောင်း။

 

နေထိုင်မှုပုံစံသစ် စတင်စဉ်းစား

အထူးသဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါး သော နိုင်ငံများမှ မူဝါဒချမှတ်သူများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားမှု အတိုင်းအတာ တစ်ခုအထိ လျော့နည်းသွားချိန်တွင် အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ချက်ချင်း အရှိန်အဟုန်မြှင့်၍ မပျက်မကွက် စတင်နိုင်ရေး ယခုကာလကတည်းက ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံများ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှု အရှိန်အဟုန်နှင့် ဖြစ်ပွားသူအရေအတွက်မှာ နေရာတစ်ခုနှင့်တစ်ခု တစ်ပြေးညီ မဟုတ်သည့်အတွက် ဖြစ်ပွားကူးစက်ပျံ့နှံ့မှု နည်းပါးသော နေရာများ၌ ဖော်ပြပါ ကျန်းမာရေးစီမံချက်လုပ်ငန်းများကို စတင်လုပ်ဆောင် သင့်ပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း ထိုသို့ဆောင်ရွက်ရန် ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတွင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး မိမိတို့အနေဖြင့် နေထိုင်မှု ပုံစံသစ်များဖြင့် ကျင့်သုံးလိုက်နာဆောင်ရွက်နိုင် ရန် ယခုကတည်းက စတင်စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။

 

မိမိအနေဖြင့် မြန်မာနိုင်ငံပြည်သူများ အရည်အသွေး ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် အတွက် လက်တွေ့ကျပြီး သမားရိုးကျမှ ဖောက်ထွက်သော အတွေးအမြင်များ၊ ရှေ့သို့ကြိုတင်တွက်ဆသည့် အတွေး အမြင်များဖြင့် လက်တွေ့လုပ်ငန်းကို ရှေးရှုဆောင်ရွက် ပံ့ပိုးနေသည့်အပြင် နိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ပံ့ပိုးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်လျက်ရှိသော THET အဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း၊ ဥပမာအားဖြင့် THET အဖွဲ့၏ ပံ့ပိုးမှုဖြင့် လွန်ခဲ့သော ခုနစ်နှစ်တာကာလမှစ၍ The Cambridge-Yangon Trauma Intervention Project ဖြင့် အရိုးနှင့်ထိခိုက်ဒဏ်ရာကုသမှု၊ အထူးကြပ်မတ်ကုသမှု၊ ပြန်လည်သန်စွမ်းရေး၊ ရောဂါဗေဒနှင့် ဦးနှောက်နှင့်အာရုံ ကြောပညာရပ်အသီးသီးတို့ စုပေါင်းကာ ထိခိုက်ဒဏ်ရာရရှိ သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ THET အဖွဲ့အနေဖြင့် အာရှ၊ အာဖရိက၊ တောင်အမေရိကနှင့် ကမ္ဘာအနှံ့အပြားရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် မိတ်ဖက်ပူးပေါင်းမှုများ ပိုမိုတိုးမြှင့်သွားရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် THET အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် ပုဂ္ဂလိကအထွေထွေ ရောဂါကု ဆရာဝန်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများသည် "လူတိုင်းကျန်းမာရေး" အတွက် များစွာ အထောက်အကူပြုသဖြင့် THET အဖွဲ့အနေဖြင့် အခြား သော နိုင်ငံများတွင်လည်း ဆောင်ရွက်သွားရန် အကြံပြု တိုက်တွန်းလိုပါကြောင်း။

လေ့ကျင့်သင်ကြားရမည်

မြန်မာနှင့် UK နိုင်ငံတို့အကြား ကျန်းမာရေးလှုပ်ရှား မှုများ ချိတ်ဆက်ဆောင်ရွက်ခြင်းများသည် နှစ်စဉ်နှစ်တိုင်း အရှိန်အဟုန်များပြားလာသည့်အတွက် Myanmar – UK Health Alliance အစီအစဉ်သည် မြန်မာနိုင်ငံ၏ ဆေးကုသရေးကဏ္ဍ၌ အဓိကနေရာမှ ပါဝင်နေပါကြောင်း၊ လူတိုင်းကျန်းမာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်ကို ရရှိအောင်မြင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုကို သာတူညီမျှမှုရှိစွာနှင့် တန်းတူညီမျှမှုရှိစွာ ရရှိနိုင်ရေး ဆောင်ရွက်ရာတွင် THET အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေ နည်းပါးသော နိုင်ငံများအား ပံ့ပိုးမှုများ ပိုမိုပေးအပ်ပါရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊ လူတိုင်း ကျန်းမာရေး ရည်မှန်းချက်ကို ရရှိအောင်မြင်နိုင်ရေး ဆောင်ရွက်ရာ တွင် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ကျင့်ဝတ်လိုက်နာမှု၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအား ကြိုးပမ်းစွမ်းဆောင်လိုစိတ်ရှိသည့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်လေ့ကျင့် သင်ကြားပေးရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံများ အထူးသဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ လက်တွေ့မြေပြင်အခြေအနေများ၊ လုပ်ငန်း အောင်မြင်မှုများကို ဝေမျှခြင်းအားဖြင့် အခြားနိုင်ငံများ အနေဖြင့်လည်း အတုယူလုပ်ဆောင်မှုများ ပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ THET အဖွဲ့အနေဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများ အကြား ထိုသို့ အတွေ့အကြုံဝေမျှခြင်းဆောင်ရွက်နိုင်ရေး အကြံပြုတိုက်တွန်းလိုပါကြောင်း၊ လူတိုင်းကျန်းမာရေး ရည်မှန်းချက်သည် မျှော်မှန်းချက်မြင့်မားသောပန်းတိုင် (aspirational goal) တစ်ခုဖြစ်ပြီး ၎င်းကို ရရှိစေရန်မှာ နိုင်ငံတစ်ခု၏ အမျိုးသားမူဝါဒ၊ ကျန်းမာရေးမူဝါဒနှင့် ထင်ဟပ်ကိုက်ညီမှုများ ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၎င်း ရည်မှန်းချက်ရရှိရန်မှာ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အသိပညာ၊ အတွေးအမြင်နှင့် ကျင့်သုံးလိုက်နာမှုများအပေါ် မူတည်နေပါကြောင်း။

 

မိမိတို့နိုင်ငံတွင် ပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတကြွယ်ဝစေရေးအတွက် အခြေခံကျန်းမာရေး ဝန်ထမ်းများသည် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးပြု၍ ဆောင်ရွက်နေမှုကိုလည်း အတွေ့အကြုံဝေမျှလိုပါကြောင်း၊ နိုင်ငံအသီးသီးတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာ နှင့် ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် လုပ်ငန်းဆောင်ရွက်မှုကဏ္ဍနှင့် နေရာဒေသ ထပ်နေခြင်း မရှိစေရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု ကောင်းများလိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် Myanmar Health Sector Coordination Committee (M-HSCC) ဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံ တကာအဖွဲ့အစည်းများ ချိတ်ဆက်မှုကောင်းမွန်စေရေးကို ဂရုပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝင်ငွေအလယ်အလတ် နှင့် ဝင်ငွေနည်းပါးသော နိုင်ငံအများစုတွင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့သည် ကျန်းမာရေးကဏ္ဍအတွက် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာအဓိက အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ နှစ်နှစ်တာ ကျန်းမာရေး စီမံချက်များသည် လူတိုင်းကျန်းမာရေးရည်မှန်းချက်ဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်မှု အခြေအနေကိုလည်းဆန်းစစ်ကြရန် အကြံပြု တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် လူတိုင်းကျန်းမာရေး ရည်မှန်းချက်၊ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက် ပန်းတိုင်များဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှု အခြေအနေ များကိုလည်း ဆန်းစစ်ပါရန် အကြံပြုတိုက်တွန်းလိုပါ ကြောင်း။

 

အားလုံးပါဝင်သည့် ချဉ်းကပ်ပုံစံ

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေရာအနှံ့ အပြားတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နေသည့် ပုဂ္ဂလိက အထွေထွေရောဂါကုဆရာဝန် များသည် အရေးကြီးမှုကို သတိပြုကြကာ ၎င်းတို့၏ အခန်း ကဏ္ဍမြှင့်တင်မှုလုပ်ငန်းများကို တွေးတောကြံဆကြရ မည် ဖြစ်ပါကြောင်း၊ လူတိုင်းကျန်းမာရေး ရည်မှန်းချက် ကို ရရှိအောင်မြင်စေရေးအတွက် အားလုံးပါဝင် ဆောင်ရွက် သည့် ချဉ်းကပ်မှုပုံစံဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် အင်္ဂလန်နိုင်ငံမှ အထွေထွေရောဂါကု ဆရာဝန် Dr. Bethany Moos က မြန်မာနိုင်ငံတွင် မြွေကိုက် ရောဂါစီမံချက်သုတေသန ဆောင်ရွက်ခဲ့မှု အတွေ့အကြုံ များကို လည်းကောင်း၊ East Landon NHS Foundation Trust မှ Dr. Navina Evens က အင်္ဂလန်နိုင်ငံ အမျိုးသား ကျန်းမာရေးဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကွန်ရက်တွင် ပူးပေါင်းဆောင်ရွက်နေမှုများကို လည်းကောင်း ဆွေးနွေး ပြောကြားသည်။

 

အဆိုပါညီလာခံကို အောက်တိုဘာ ၁ ရက်၊ ၂ ရက်၊ ၅ ရက်နှင့် ၆ ရက်များတွင် လေးရက်တာ ကျင်းပမည်ဖြစ် ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ ကျန်းမာရေးဝန်ကြီးဌာနများ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည်သူ့ကျန်းမာ ရေးပညာရှင်များ၊ သုတေသနပညာရှင်များ၊ ဆေးပညာ ဆိုင်ရာ အထူးကုဘာသာရပ်အသီးသီးမှ ဆရာဝန်ကြီးများ၊ အထွေထွေရောဂါကု ဆရာဝန်ကြီးများနှင့် စိတ်ပါဝင်စားသူ ၄၆၀ ကျော်တို့က ဗီဒီယိုကွန်ဖရင့်ပုံစံဖြင့် ပါဝင်တက်ရောက် ကြသည်။

 

သတင်းစဉ်