
ပြည်ပနိုင်ငံများမှ မဟာသင်္ကြန်ကာလမတိုင်မီအတွင်း ပြန်လာမည့် မြန်မာနိုင်ငံသား အများအပြားအား လိုအပ်ပါက အသွားအလာကန့်သတ်ခြင်း
ဆောင်ရွက်နိုင်ရန်အတွက် အဆောက်အဦနေရာများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အစိုးရအဖွဲ့များ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည်
နေပြည်တော် မတ် ၂၀
အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်ခဲ့သော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၇/၂၀၂၀)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ Video conferencing ပုံစံဖြင့် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီး များအားလုံး ပါဝင်ဆွေးနွေးနိုင်ခြင်းဖြင့် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှု များ ပိုမိုအားကောင်းခြင်း၊ ကဏ္ဍစုံမှ လုပ်ငန်းသဘောသဘာဝများကို သိရှိညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ နောက်ဆုံးရ သတင်းအချက်အလက်များကို ဝေမျှနိုင်ခြင်းအကျိုးကျေးဇူးများ ရရှိနိုင်ပြီဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် မိမိတို့ဦးစီးကျင်းပသည့် အစည်းအဝေးပွဲကြီးများ၊ မွမ်းမံသင်တန်းများ၊ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယခုကာလအတွင်း ရပ်ဆိုင်းထားပြီဖြစ်ပြီး ယခုကဲ့သို့ Video Conferencing များ ပြုလုပ်ခြင်းနှင့် အီးမေးလ်အစုအဖွဲ့၊ viber group များ၊ အင်တာနက်ကွန်ရက် အသုံးပြု ချိတ်ဆက်မှုများဖြင့် ယခုကာလသာမက ရေရှည်တွင်လည်း ဆက်လက် ဆောင်ရွက်သွားတော့မည် ဖြစ်ပါကြောင်း။
ထို့အပြင် မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်မအီမသာ ကိုက်ခဲခြင်းရှိပါက အိမ်မှ သာလျှင် တယ်လီဖုန်း၊ အီးမေးလ်၊ အင်တာနက်ဖြင့် လုပ်ငန်းဆောင်ရွက် စေလိုပါကြောင်း၊ အစည်းအဝေးအများစုကို Video Conferencing ဖြင့် ဆောင်ရွက်ခြင်းဖြင့် ငွေကုန်ကြေးကျနည်းပါးသည့်အပြင် မိမိတို့ဝန်ထမ်းများ ခရီးသွားလာရန်လည်း မလိုအပ်တော့သဖြင့် ဘက်စုံမှ အကျိုးရှိမည် ဖြစ်ပါ ကြောင်း။
ပြတ်သားတိကျစွာ ဆောင်ရွက်ချက်များသည် မှန်ကန်သည့်အတွက် လေ့လာဆောင်ရွက်ရမည်
ယခုလက်ရှိ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါဖြစ်ပွားမှုများ ကျဆင်းလာလျက်ရှိသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကပ်ရောဂါ တစ်ခုဖြစ်ပွားမှုကို ဤကဲ့သို့ ပြတ်သားတိကျစွာ ဆောင်ရွက်ချက်များသည် ကပ်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့်မှ မှန်ကန်သည့်အတွက် မိမိတို့ အနေဖြင့် အသိအမှတ်ပြုမှတ်တမ်းတင်ရမည့်အပြင် လေ့လာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့ကဲ့သို့ နိုင်ငံများ၏ သာဓကများကို ဆန်းစစ်ရာတွင် ပြည်သူများကိုယ်တိုင် ရောဂါကာကွယ်ရေး နည်းလမ်းများကို ကျင့်သုံးကာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သည်ကို တွေ့ရှိရသဖြင့် မိမိတို့သည်လည်း ဤကိစ္စကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံမှ ပြည်သူများ အထူးသဖြင့် ရောဂါဖြစ်ပွားပါက ပြင်းထန်ပြီး အသက်သေဆုံးနိုင်ခြေများပြားသော အသက်အရွယ်ကြီးသူများနှင့် ကင်ဆာ ရောဂါ ၊ နာတာရှည်အဆုတ်ရောဂါ ၊ ဆီးချိုရောဂါ ၊ နှလုံးရောဂါ ၊ အသည်း ရောဂါအပါအဝင် အခြားရောဂါအခံရှိသူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ပါရန်နှင့် မိမိ၏ စိတ်အလိုကို မလိုက်ဘဲ မိမိကိုယ်တိုင် ရောဂါမရရှိစေရန်သာမက အခြားသူများထံ မကူးစက်စေရန် အတွက် လူစုလူဝေးနေရာများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း။
ကမ္ဘာတစ်ဝန်း၌ COVID-19 ဖြစ်ပွားပျံ့နှံ့မှု မကျဆင်းမီ ကာလပတ်လုံး မိမိတို့အားလုံး ညီညွတ်စွာဖြင့် မိမိတို့၏ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ စဉ်းစားကာ ပူးပေါင်းအားထည့် ဆောင်ရွက်ပါက မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်လာနိုင်ခြေ ရှိသော ဤကပ်ရောဂါကိုကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အချို့ နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားပြီး သက်သာကောင်းမွန်ခဲ့သူများတွင် ဒုတိယအကြိမ် ထပ်မံဖြစ်ပွားသည်ဟု ပြောဆိုနေမှုများရှိ၍ မိမိတို့အနေဖြင့် အဆိုပါအချက်ကိုလည်း သတိထားလေ့လာရမည်ဖြစ်ပါကြောင်း။
ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပ၌ ရောဂါဖြစ်ပွားသည့် နိုင်ငံအရေအတွက်နှင့် ကူးစက်မှုပုံစံ၊ သေဆုံးမှုအရေအတွက်များသည် တစ်နေ့တခြား တိုးမြှင့်လာလျက်ရှိသဖြင့် COVID-19 ရောဂါသည် ဆက်လက်၍ အရှိန်အဟုန်မြင့်နေမည်ဟု ခန့်မှန်း၍ ရပါကြောင်း၊ မိမိအနေ ဖြင့် ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက မကြာခဏ ပြောကြားချက် ဖြစ်သည့် “မိမိတို့နိုင်ငံသို့ COVID-19 ရောဂါ အချိန်မရွေး ဝင်ရောက် ဖြစ်ပွားနိုင်သည်ဟု ခံယူကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်မြှင့်၍ ရွက်နေရမည်” ဆိုသည့်အချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း ရောဂါမဝင်ရောက်သေးသည့် နိုင်ငံများသို့ အချိန်မရွေး ရောဂါဝင်ရောက်နိုင်သည်ဟု လွန်ခဲ့သော နှစ်ရက်ခန့်က ပြောကြားခဲ့သည်ကို သိရှိရပါကြောင်း။
နေ့စဉ်နီးပါး ကျင်းပနေသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးများတွင် မိမိပြောကြားခဲ့သော အချက်များအားလုံးကို စုစည်း၍ တိုင်းဒေသကြီး/ ပြည်နယ်များအားလုံးသို့ ဖြန့်ဝေပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဌာနများ၊ ဆေးရုံများအနေဖြင့် အဆိုပါ အချက်များကို သက်ဆိုင်ရာ နေရာဒေသ၊ ဌာနနှင့် ဆေးရုံများ၏ အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီစေရန်နှင့် ချိန်ထိုးကာ မိမိတို့နိုင်ငံတွင်းသို့ COVID-19 ရောဂါ ဝင်ရောက်ခြင်းမရှိစေရန်နှင့် ရောဂါဝင်ရောက်လာပါကလည်း ထပ်မံ ပြန့်ပွားမှုမရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
အဆိုပါ ပြောကြားချက်များတွင် ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ၊ လက်တွေ့ ဆောင်ရွက်ရမည့်အချက်များ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံ ကျန်းမာရေးတက္ကသိုလ်၌ ပြည်သူ့ကျန်းမာရေးဘာသာရပ်ကို သင်ကြားသည့် အခါ မှီငြမ်းကိုးကားသင့်သည့်အချက်များ၊ ရေရှည်တွင် ရည်ညွှန်းကိုးကား ရမည့်အချက်များပါရှိသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် အလေးထားဖတ်ရှုလေ့လာ၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း။
ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဦးစားပေးအားဖြည့်ဆောင်ရွက်နေ
မိမိတို့နိုင်ငံ၌ ရောဂါကာကွယ်ရေးလုပ်ငန်းများသည် ပီပြင်စွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရပြီး ယခုအခါတွင် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို ဦးစားပေး အားဖြည့်ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူတစ်ဦး တွေ့ရှိ ပါက လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းနှင့် အသွား အလာ ကန့်သတ်ခြင်းဆောင်ရွက်ရန်၊ ကုသရေးလုပ်ငန်းများကို ဆေးပညာ အထူးကုဆရာဝန်ကြီးများ ရေးဆွဲထားသော လုပ်ငန်းလမ်းညွှန်များ အတိုင်း ဆောင်ရွက်ရန် စသည်တို့ကို စနစ်တကျဖြစ်စေရေးအတွက် လုပ်ငန်း အဆင့်ဆင့်ကို ပုံစံ (flow chart) ရေးဆွဲကာ အမြန်ဆုံး ဖြန့်ဝေထားရှိရမည် ဖြစ်ပါကြောင်း။
ယခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါအဓိပ္ပာယ်သတ်မှတ်ချက် နှင့်အညီ ရောဂါဖြစ်ပွားရာနေရာဒေသများသို့ ခရီးသွားရာဇဝင်ရှိပြီး နိုင်ငံတွင်း သို့ ဝင်ရောက်လာကာ သံသယရောဂါလက္ခဏာရှိသူများ၊ ရောဂါဖြစ်ပွား သူနှင့် ထိတွေ့ခဲ့ပြီး သံသယရောဂါလက္ခဏာရှိသူများကိုသာ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ ယခုအခါတွင် မိမိတို့နိုင်ငံ၌ အဆိုပါလူနာ များကိုသာမက ပြောင်းလဲလာသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါ အဓိပ္ပာယ်သတ်မှတ်ချက်နှင့်အညီ ခရီးသွားရာဇဝင်နှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိစေကာမူ သံသယလက္ခဏာများရှိပါက ဓာတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးမှုများကို ပိုမိုကျယ်ပြန့်စွာ တိုးမြှင့်လုပ်ဆောင်နေသည်ကို ပြည်သူများ သိရှိရန် လိုအပ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများသည် ပြည်သူ့ကျန်းမာရေးပညာရှင်များ ဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဆေးရုံတွင် လုပ်ဆောင်ရန် ရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြတ်သားစွာ ဆုံးဖြတ် ချက်ချ လုပ်ဆောင်ရန်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါ ဗေဒရှုထောင့်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဆောင်ရွက် ရမည့် ကိစ္စရပ်များကို ပြတ်ပြတ်သားသားဆုံးဖြတ်၍ ဆောင်ရွက်စေလို ပါကြောင်း၊ မူဝါဒရေးရာကိစ္စရပ်များကိုသာ ဗဟိုအဆင့် တာဝန်ရှိသူများထံ တင်ပြရန်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်များတွင် လိုအပ်ချက်များအား စာရင်းပြုစုကာ အမြန်ဆုံးတင်ပြကြစေလိုပါကြောင်း၊ ပြည်သူများထံမှ လှူဒါန်းလက်ခံ ရရှိငွေများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ စနစ်တကျသုံးစွဲရန် လမ်းညွှန်နှင့်အတူ ယနေ့ပင် ခွဲဝေချထားမည်ဖြစ်ပါကြောင်း၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အသက်ရှူစက်များ အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများနှင့် ပတ်သက်၍ လိုင်စင် လုပ်ငန်းများကို အထူးဦးစားပေးအနေဖြင့် ခြွင်းချက်ဖြင့် ချက်ချင်းဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများမှ မဟာသင်္ကြန်ကာလမတိုင်မီ အတွင်း ပြန်လာမည့် မြန်မာနိုင်ငံသား အများအပြားအား လိုအပ်ပါက အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် အဆောက်အဦနေရာ များကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် အစိုးရအဖွဲ့များ ဆွေးနွေးညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ရောဂါဖြစ်ပွားသေဆုံးမှုများပြားသော နိုင်ငံအရေအတွက်လည်း တိုးပွား လာသည်ဖြစ်၍ ပြည်တွင်းသို့ ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်မည့် နိုင်ငံစာရင်းကို ယနေ့ပင် ထပ်မံတိုးမြှင့်တော့မည် ဖြစ်ပါ ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် မိမိတို့၏ သောင်းဂဏန်း အရေအတွက်ရှိသော အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၏ အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ အတွက် လုပ်ငန်းလမ်းညွှန်များကို Mobile Tablet များမှတစ်ဆင့် ကျယ်ကျယ် ပြန့်ပြန့် အမြန်ဆုံးဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း၊ ဤရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် ကျေးလက်ဒေသအထိ လွှမ်းခြုံမှုရှိသည့်အပြင် ပြည်သူများနှင့် နိစ္စဓူဝ ထိတွေ့ကာ ကျန်းမာရေးဝန်ဆောင်မှုပေးနေသော အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှသာလျှင် ထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း။
နိုင်ငံတွင်းသို့ ရောဂါဝင်ရောက်ဖြစ်ပွားမှုမရှိစေရေးနှင့် ဖြစ်ပွားပျံ့နှံ့မှု မရှိစေရေး အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းဆောင်ရွက်
အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားသည် ဖြစ်သည့်အတွက် ၎င်းအဖွဲ့အနေဖြင့် Video Conferencing မှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ဆေးရုံများရှိ ဆရာဝန်၊ သူနာပြု များနှင့် နှီးနွှယ်ဝန်ထမ်းများထံသို့ နောက်ဆုံးပေါ်တွေ့ရှိချက်များကို မျှဝေရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက်ဖြစ်ပွားမှု မရှိစေရေးနှင့် ဖြစ်ပွားပျံ့နှံ့မှု မရှိစေရေးတို့အတွက် အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး)မှ တာဝန်ရှိသူများ၊ ဆေးရုံအသီးသီးမှ အထူးကုဆရာဝန်ကြီး များက Video Conferencing ဖြင့် ဆောင်ရွက်နေသည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံများ၊ အခက်အခဲ များ၊ လိုအပ်ချက်များ၊ အသွားအလာကန့်သတ်ခြင်း ပြုလုပ်ရန်အတွက် အဆောက်အဦနေရာ စီစဉ်ထားရှိမှုများ၊ မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ဇီဝလုံခြုံမှုအဆင့်(၂)မှ အဆင့်ပိုမြင့်ရန် Enhanced Biosafety level – 2 အဖြစ်သို့ အဆင့်မြှင့်တင်မှုပြုလုပ်ကာ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည့်ကိစ္စ၊ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေး မှုများတွင် ခရီးသွားရာဇဝင်နှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ရာဇဝင်မရှိသော လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါ လူနာရှိသူများကိုပါ ပိုမိုစစ်ဆေးသွားမည့်ကိစ္စ၊ COVID-19 ရောဂါကုသမှု ကုထုံးဆိုင်ရာ ကိစ္စရပ် များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းအင်အားများလိုအပ်သည့် ကိစ္စများ၊ ဘဏ္ဍာငွေနှင့် ဆေးပစ္စည်း ထပ်မံလိုအပ်ချက် များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၏ လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ချက်များ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါ နှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)နှင့် တာဝန် ရှိသူများက ပြန်လည်ဆွေးနွေးခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။
သတင်းစဉ်