အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်ခံခဲ့ရသော ဒေသ များတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်ကောင်းမွန်လာသည့် အခြေအနေများကို မြင်တွေ့ နေကြရသည်။ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးမှာ ပြည်နယ်မြို့တော်ဖြစ်သည့်စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့ ဖြစ်ပြီး အဆိုပါမြို့နှစ်မြို့ အပါအဝင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်လေးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
“သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့ရာတွင် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ယူ၍ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူအင်အားအများ အပြားဖြင့် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ထို့ကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ အများအပြားကို သဘာဝဘေးဒဏ် သင့်ဒေသများသို့ စေလွှတ်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင် ကူညီဆောင်ရွက်စေလျက်ရှိကြောင်း။” မေ ၂၀ ရက်က ကျင်းပခဲ့ သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြား ရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ကမ်းရိုးတန်းဒေသကို စတင် ဖြတ်ကျော်ဝင်ရောက်ချိန်မှစ၍ ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်း တစ်လျှောက် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်မှသည် ကုန်းတွင်းပိုင်းသို့ အားပျော့ဝင်ရောက်သွား သည်အထိ ပြင်းအားအဆင့်ဆင့်ဖြင့် ဖျက်ဆီးခဲ့ရာတွင် တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီး၌ လူနေအိမ် တစ်သိန်းရှစ်သောင်းကျော်၊ သာသနိကအဆောက်အအုံ တစ်ထောင့်ခုနစ်ရာကျော်၊ ဘုန်းတော် ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၄၀၀ ခန့်၊ ဆေးရုံ ဆေးခန်း ၂၂၇ ခု၊ သေဆုံးသူ လူဦးရေ ၁၅၀ ခန့်၊ မွေးမြူရေးတိရစ္ဆာန် ကောင်ရေ ငါးသိန်းကျော်၊ စိုက်ပျိုးသီးနှံ ဧက ခြောက်သောင်းကျော် စသည်ဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦး တစ်ယောက်မှ မကျန်စေရဟူသောမူနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်ထက် ပိုမိုသာလွန်ကောင်း မွန်သော အခြေအနေသို့ ရောက်ရှိစေရမည်ဟူသော မူတို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းတော် ကြီးကျောင်းများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ခြင်း၊ သဘာဝဘေးဒဏ်ခံဒေသများ စားရေရိက္ခာ ပြတ်လပ်မှုမရှိစေရေး၊ ဆက်သွယ်မှုပြတ်တောက်မှု မရှိစေရေး၊ လမ်းပန်းဆက်သွယ်မှု ပုံမှန်အတိုင်းဖြစ်စေရေး၊ လျှပ်စစ်မီး ရရှိရေး တို့ကို ဦးစားပေးအင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
သဘာဝဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများမှာ ပမာဏလွန်စွာကြီးမားသည့် အလျောက် စေတနာရှင်၊ အလှူရှင်များ၏ ငွေအား၊ ပစ္စည်းအား လှူဒါန်းမှုများကိုလည်း ဖိတ်ခေါ်လက်ခံလျက်ရှိရာ မေလ ၂၀ ရက် နေ့အထိ ငွေကျပ်ဘီလီယံ ၂၀ ကျော်နှင့် ထိုင်းဘတ်ငွေ တစ်သန်း၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ စသည်တို့ကို ပြည်တွင်းအလှူရှင်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများက လှူဒါန်းခဲ့ကြသကဲ့သို့ ဆက်လက်၍လည်း လှူဒါန်းမှုများ ပြုလုပ်နေ ကြသည့်အပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များက ရန်ပုံငွေ ပဒေသာကပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။
မိမိတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများမှာ စေတနာသဒ္ဓါ ထက်သန်မှု၊ အလှူဒါနရက်ရောမှုတို့တွင် ကမ္ဘာသိထင်ရှားသူ များဖြစ်ကြသည့်အလျောက် တိုင်းရင်းသားသွေးရင်းသားရင်း တို့၏ သဘာဝဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးတို့တွင် အင်တိုက်အားတိုက် ပါဝင်လှူဒါန်းနိုင်ကြစေရေး တိုက်တွန်းဆော်ဩလိုက်ရပါကြောင်း။ ။