အွန်လိုင်းလောင်းကစားမှုများနှင့် ငွေလိမ်မှုများ ဖော်ထုတ်နှိမ်နင်းရေး

 

အရှေ့တောင်အာရှဒေသနိုင်ငံများတွင် အခြေစိုက်၍ အွန်လိုင်း ရာဇဝတ်မှုခင်းများ မြင့်တက်နေခြင်းအပေါ် ကမ္ဘာက စိတ်ဝင်စား နေခြင်းနှင့် တစ်ပြိုင်တည်းမှာပင် အဆိုပါဂိုဏ်းများကို ဒေသတွင်း နိုင်ငံအသီးသီးတို့က ဖော်ထုတ်နှိမ်နင်းလျက်ရှိသည့် သတင်းများ ကိုလည်း တွေ့ရှိရသည်။ ကုမ္ပဏီများအဖြစ် အမည်ခံထားသည့် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများတွင်  နိုင်ငံအများ အပြားမှ လူငယ်များကို လစာကောင်းကောင်းနှင့် အလုပ်ရမည် ဟု လိမ်လည်ခေါ်ယူပြီး ၎င်းတို့၏ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များကိုလုပ်ကိုင်ရန် အတင်းအကျပ် ဖိအားပေးခိုင်းစေနေကြောင်း လည်း သိရသည်။


အွန်လိုင်းလောင်းကစားနှင့်     ငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသူအများစုမှာ လိမ်လည်စုဆောင်းခံရသူများအပြင် လူကုန်ကူးခံရသူများလည်း    ပါဝင်နေပြီး   နေ့စဉ်အလုပ်ချိန်  ၁၂ နာရီမှ ၁၄ နာရီအထိ  လုပ်ကိုင်ကြရသည်။  လိမ်လည်မှုများကို လုပ်ကိုင်ကြရာတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်  ဆွဲဆောင်ခြင်း၊ အွန်လိုင်းလောင်းကစားခြင်း၊  ငွေချေးခြင်း၊ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်ပြီးလိမ်လည်ငွေညှစ်ခြင်း စသည်တို့ပါဝင်ပြီး အွန်လိုင်း မှတစ်ဆင့် လိမ်လည်မှုများက နှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံ နှင့် ချီ၍ရှိသည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးက ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန် ချက်အရ အွန်လိုင်းမှ လောင်းကစားနှင့် လိမ်လည်မှုကျူးလွန်သည်  ဟု သံသယရှိသူ အဓိက အမာခံခေါင်းဆောင်တစ်ဦးအပါအဝင် တရုတ်နိုင်ငံသား  ၂၄ ဦးကို  လေးရက်အတွင်း  တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


အင်ဒိုနီးရှားနိုင်ငံတွင်လည်း အွန်လိုင်းမှုခင်းများနှင့် စပ်လျဉ်း ၍ မသင်္ကာသူ တရုတ်လူမျိုး ၈၈ ယောက်ကို ဩဂုတ် ၂၉ ရက် တွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ငါး ယောက်ပါဝင်နေရာ အွန်လိုင်းမှတစ်ဆင့် အမျိုးသားများကို သွေး ဆောင်ဖြားယောင်း ငွေလိမ်၊ ငွေညှစ်ပြုလုပ်ကြသူများဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဩဂုတ်လ  လလယ်ပိုင်းက   အွန်လိုင်းငွေကြေး လိမ်လည်မှုများကို ဖော်ထုတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ မြန်မာ အမျိုးသမီးတစ်ဦးအပါအဝင် တရုတ်နိုင်ငံသူ၊ နိုင်ငံသားအချို့၊  ထိုင်းနိုင်ငံသားအချို့နှင့် တန်ဖိုးကြီးဇိမ်ခံကားများ၊ အိမ်ခြံမြေ စာချုပ်စာတမ်းများ၊ ငွေသားများ စသည်တို့ ဘတ်ငွေသန်း ၁၅၀၀ ကျော်ဖိုးခန့်  သိမ်းဆည်းနိုင်ခဲ့သည်ဟု  သိရသည်။ အွန်လိုင်း ရာဇဝတ်ဂိုဏ်းများကြောင့် ထိုင်းနိုင်ငံတွင် တစ်နှစ်အတွင်း ဘတ် ငွေသန်းပေါင်း ၁၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ရာ ပမာဏကြီးမား လှသည်။


အွန်လိုင်းလောင်းကစားနှင့်   ငွေလိမ်လုပ်ငန်းအများစုမှာ  နယ်စွန်နယ်ဖျားဒေသများတွင်ရှိနေပြီး  နိုင်ငံဖြတ်ကျော်လူကုန် ကူးမှုများနှင့်လည်း ဆက်စပ်နေသည်။ အဆိုပါလုပ်ငန်းများက အွန်လိုင်းမှတစ်ဆင့် ၎င်းတို့အတွက် လူသစ်များစုဆောင်းရာတွင် ကုမ္ပဏီများအဖြစ်  အသွင်ယူထားပြီး  အင်တာနက်နည်းပညာ နှင့်ဘာသာစကားတစ်ခု၊ နှစ်ခု  စသည်ဖြင့် တတ်ကျွမ်းသူများကို ရာထူး၊ လစာစသည်ဖြင့်   သွေးဆောင်ဖြားယောင်း   ခေါ်ယူကြ ခြင်းဖြစ်ရာ ပညာတတ်လူငယ်လူရွယ်များ သတိပြုဖွယ်ပင်ဖြစ် သည်။ တစ်ဖက်တွင်လည်း ၎င်းတို့၏ အွန်လိုင်းလောင်းကစား အမျိုးမျိုးတို့ကို မြန်မာနိုင်ငံတွင်  အသုံးများသည့် လူမှုကွန်ရက် များတွင် တွေ့မြင်လျက်ရှိရာ  မတော်လောဘဖြင့် ဝင်ရောက် မကစားကြစေရန်လည်း  သတိပြုစေလိုသည်။  အွန်လိုင်းဂိမ်း ဟူသမျှတို့မှာ ၎င်းတို့၏  အမြတ်အစွန်းအတွက်  ဖန်တီးထားပြီး ဖြစ်သည့်အလျောက် မိမိဘက်မှာ  အရှုံးသာလျှင် ဖြစ်သည်ဟု နားလည်ထားကြရမည်ဖြစ်သည်။ အွန်လိုင်းမှ ငွေချေးခြင်း၊ အတု အယောင်ရင်းနှီးမြှုပ်နှံခြင်း စသည့်အားလုံးတို့မှာလည်း အလိမ် အညာများသာဖြစ်ပြီး ယုတ်စွအဆုံး  အွန်လိုင်းမှချစ်သူရည်းစားသည်ပင်လျှင် ဂိုဏ်းဖွဲ့ကျူးလွန်မှု အတုအယောင်တစ်ခုဖြစ်သည် ကို သတိပြုကြရန်ဖြစ်သည်။


ယခုအခါ  မိမိနိုင်ငံနှင့်တကွ နိုင်ငံတကာမှ နိုင်ငံသူ၊ နိုင်ငံသား များအတွက်ပါ အန္တရာယ်ကြီးမားသည့် အွန်လိုင်းရာဇဝတ်ဂိုဏ်း များကို   တစ်နိုင်ငံချင်းအလိုက်ရော၊  နိုင်ငံများအချင်းချင်းပူးပေါင်း ၍ပါ ဖော်ထုတ်နှိမ်နင်းလျက်ရှိရာတွင် နယ်စပ်ဒေသများ တည်ငြိမ်  အေးချမ်းရေးနှင့်     တရားဥပဒေစိုးမိုးရေးတို့ကို      ပိုမိုတိုးမြှင့် ဆောင်ရွက်ကြရပါမည့်အကြောင်း။       ။