အွန်လိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို လိမ်လည်ရယူသူများအား ပြစ်ဒဏ်ချမှတ်

 

ရန်ကုန်  သြဂုတ်  ၁
အွန်လိုင်းမှတစ်ဆင့် ပြည်ပနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက် များကို လိမ်လည်ရယူသူများအား ဇူလိုင် ၃၁ ရက်က   ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့ကြောင်း တာမွေမြို့နယ်တရားရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ၂၆-၁၀-၂၀၂၃ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ် တာမွေကြီး(ခ) ရပ်ကွက် ဦးချစ်မောင်လမ်း ဦးချစ်မောင်အိမ်ရာ တိုက်အမှတ် 5-19 တွင် ဖွင့်လှစ်ထားသော Support Fix ကုမ္ပဏီသည် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ ကမာရွတ်မြို့နယ် (၇) ရပ်ကွက် ကျွန်းတော လမ်းနှင့် Time City Office Tower-(3)  ၁၅  လွှာ  အခန်း ၁၅၀၂ ၌ ရုံးခန်းဖွင့်လှစ်ထားသော Zhan Tu ကုမ္ပဏီမှ ရှာဖွေပေးသည့် ဝန်ထမ်း များဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ရန်အလို့ငှာ    ပြည်ပ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို လိမ်လည်ရယူနေ သဖြင့် တရုတ်နိုင်ငံသားလောက်ဖပါ ခြောက်ဦးအား အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)/၃၈ အရ လည်းကောင်း၊ မမိုးမိုး ကြည်ပါ ၆၃ ဦးအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)/၇၃  အရ လည်းကောင်း၊ ၁၉-၁၂-၂၀၂၃ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံး တွင် တရားစွဲဆိုခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်သည့် လောက်ဖ(ခ)ဇူကျန်း၊ ကျန်းယွိ(ခ) ဝူခုန်းတို့အား ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ အရ တရားစွဲဆိုခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ တရားခံလောက်ဖ(ခ)ဇူကျန်းပါ ခြောက်ဦးအပေါ် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)/၃၈ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်စီ၊   တရားခံ မမိုးမိုးကြည်ပါ ၆၃ ဦးအပေါ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)/၇၃ အရ အလုပ်နှင့်ထောင်ဒဏ်  သုံးနှစ်စီ  လောက်ဖ(ခ)ဇူကျန်းပါ နှစ်ဦး အပေါ် ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်စီနှင့် ရာဇသတ်ကြီးပုဒ်မ ၄၆၈ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်စီ ပြစ်ဒဏ် များအား သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း  သိရသည်။                                                     
အောင်မြင့်(ပြန်/ဆက်)