
သူရိန်သော်
လွန်ခဲ့သည့်ရက်ပိုင်းက အလုပ်သမားအဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အခြေအနေသည် တစ်နေ့တခြား ပိုဆိုးလာကြောင်း၊ ယခုအခါ အလုပ်သမားများကို တစ်ရက်လျှင် ကျပ် ၃၆၀၀ သာရမည်ဟု အချို့သောစက်ရုံများတွင် ကြေညာမှုများရှိလာကြောင်း၊ တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီ ဆိုသည်မှာ အာမခံချက်မရှိကြောင်း၊ စက်ရုံအများအပြားတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုများ များပြားလာကြောင်း၊ နိုင်ငံတကာအမှတ်တံဆိပ် အများအပြား သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို အခွင့်ကောင်းယူခြင်းဖြင့် မြန်မာအလုပ်သမားများကို အမြတ်ထုတ်သည့်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း စသည်ဖြင့် ထုတ်ပြန်ထားသည်ကို တွေ့လိုက်ရသည်။
ထို့ပြင် Global Brand အမှတ်တံဆိပ် ကုမ္ပဏီများနှင့် Industrial Global Union(IGU) အလုပ်သမားသမဂ္ဂတို့ သဘောတူညီမှုရယူ၍ တန်ဖိုးကွင်းဆက် အဝတ်အထည်လုပ်ငန်းတွင် အလုပ်သမားများအား Living Wage ပေးနိုင်ရေး နှိုးဆော်နေသောအဖွဲ့ဖြစ်သည့် Action Colla-boration Transformation (ACT)သည် ယင်းတို့ နှင့် တွဲဖက်လုပ်ဆောင်နေသည့် IGU ၏ ညီနောင် အသင်းဖြစ်သော မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM မှ ပြည်တွင်းလုပ်ငန်းစဉ်ဆောင်ရွက်မှုများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်းမရှိတော့သည့် အတွက် ACT ၏ လက်ရှိဆောင်ရွက်ချက်များမှ နုတ်ထွက်ခဲ့သဖြင့် ACT သည် ယခု လတ်တလော အခြေအနေတွင် မြန်မာနိုင်ငံရှိ ယင်းတို့၏ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ရပ်နား လိုက်ကြောင်း ၁၅-၁၂-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ချက်စာတစ်စောင် ထုတ်ပြန်ခဲ့သည် ကိုလည်း တွေ့ရှိရသည်။
အဆိုပါထုတ်ပြန်ချက် နှစ်စောင်နောက်တွင် အနည်းဆုံးလုပ်ခလစာကျပ် ၃၆၀၀ နှုန်းဖြစ်သွား ကြောင်း မမှန်မကန်သတင်းများနှင့် ACT ရပ်နား မှုကို မြန်မာနိုင်ငံရှိ အဝတ်အထည်လုပ်ငန်းကြီး တစ်ခုလုံး ရပ်နားသွားပြီဆိုသည့် ခေါင်းစဉ်နှင့် မမှန် သတင်း ဖြန့်ဝေမှုကိုလည်း ထပ်မံကြားသိတွေ့ရှိ ရပြီး ရိုးသားသည့်ပြည်သူများနှင့် အလုပ်သမားများ ကြား စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်ဟုလည်း သိရှိရသည်။
ထို့ကြောင့် အမှန်သတင်းသိရှိနိုင်ရေးနှင့် ဖြစ်စဉ်အမှန်သိရှိနိုင်ရေးတို့အတွက် သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများကို ဆက်သွယ်မေးမြန်းရာ သတင်းနှင့် ဖြစ်စဉ်အမှန်ကို သိရှိခဲ့ရသည့်အတွက် ပြည်သူများ နှင့် အလုပ်သမားများသိရှိနိုင်အောင် အကျဉ်းချုပ်၍ ဖြန့်ဝေတင်ပြပေးချင်ပါသည်။
အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်း
အလုပ်သမားဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေနှင့် အနည်းဆုံး အခကြေးငွေနည်းဥပဒေများကို သတ်မှတ်ပြဋ္ဌာန်း ထားပြီး အနည်းဆုံးအခကြေးငွေဥပဒေ၊ နည်းဥပဒေ များနှင့်အညီ နိုင်ငံတော်သမ္မတမှ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်း သို့မဟုတ် အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ အလုပ်ရှင် အဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များနှင့် အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်ပြီး မျှတစွာဆောင်ရွက် မည့် အခြားပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးထားပြီး အဆိုပါ ကော်မတီမှ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းစဉ်များကို အဆင့်လိုက်လုပ်ဆောင်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသဘောတူညီ ချက်အရ ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်တွင် အနည်းဆုံး အခကြေးငွေအား တစ်ရက်လျှင် ကျပ် ၃၆၀၀ နှုန်းဖြင့် လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် အနည်းဆုံးအခကြေးငွေအား တစ်ရက်လျှင် ကျပ် ၄၈၀၀ နှုန်းဖြင့်လည်းကောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ပေးခဲ့ရာ ယနေ့အချိန်အထိ အနည်းဆုံး အခကြေးငွေသည် တစ်ရက်လျှင် ကျပ် ၄၈၀၀ သာဖြစ်ကြောင်း သိရှိခဲ့ ရသည်။
အနည်းဆုံးအခကြေးငွေကို ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ(ဇ)အရ နှစ်နှစ်လျှင်တစ်ကြိမ် တိုးမြှင့် ပြင်ဆင်ခြင်း၊ ပြန်လည်အတည်ပြုခြင်းဆောင်ရွက် ရမည်ဖြစ်သော်လည်း ကမ္ဘာ့ကပ်ရောဂါ (ကိုဗစ်-၁၉) ဖြစ်ပွားနေခြင်းနှင့် ရောဂါကူးစက်မှုအန္တရာယ် ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထား၍ ကုန်စည်စီးဆင်းမှု ရပ်တန့်နေခြင်းတို့ကြောင့် စက်ရုံ၊ အလုပ်ရုံအချို့ ပိတ်သိမ်း၊ အင်အားလျှော့ခဲ့ ရပြီး အနည်းဆုံး အခကြေးငွေနှုန်းထား ပြန်လည် သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ခေတ္တခဏ ဆိုင်းငံ့ထားခြင်းဖြစ်၍ အခြေအနေ တည်ငြိမ်သွားပါ က အနည်းဆုံးအခကြေးငွေနှုန်းထား ပြန်လည် သုံးသပ် ပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသားကော်မတီအနေဖြင့် ထုတ်ပြန်သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် လျှော့ချသတ်မှတ်လေ့မရှိဘဲ ဆက်လက်အတည်ပြုခြင်း သို့မဟုတ် တိုးမြှင့် သတ်မှတ်ခြင်းကိုသာ ဆောင်ရွက်သွားသည့် အစဉ် အလာရှိကြောင်းကိုလည်း သိရှိခဲ့ရသည်။
အနည်းဆုံး အခကြေးငွေသတ်မှတ်ချက်များ အတိုင်း စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ပေးချေနေ ပါကြောင်းနှင့် ပေးချေခြင်းမရှိသည့် စက်ရုံ၊ အလုပ်ရုံ များ ရှိလာပါကလည်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဥပဒေနှင့်အညီ ပေးချေနိုင်ရေး စိစစ် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိနေသည့်အပြင် အလုပ်ချိန်ကိုလည်း သတ်မှတ်အလုပ်ချိန်အတိုင်းသာ လုပ်ကိုင်ရေး၊ အချိန်ပိုရှိပါကလည်း အချိန်ပိုကို ဥပဒေနှင့်အညီဖြစ်စေရေး သက်ဆိုင်ရာအလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိနေ ကြောင်းနှင့် ဥပဒေချိုးဖောက်သော အလုပ်ရှင် များရှိပါကလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း ကြားသိခဲ့ရသည်။
Global Brands အမှတ်တံဆိပ်ကုမ္ပဏီများမှ
အမှာစာများဆက်လက်ပေးပို့မှု
ACT အဖွဲ့က ထုတ်ပြန်ချက်နှင့် ပတ်သက်၍ လည်း စိစစ်ကြည့်ရာ ACT အဖွဲ့၏ အလုပ်သမား သမဂ္ဂဆိုင်ရာ လုပ်ငန်းစဉ်များ ရပ်နားထားကြောင်း သိရပြီး ACT အဖွဲ့ဝင်များဖြစ်သည့် H&M (Sweden)၊ Inditex (Spain)နှင့် Primark (Britain) စသည့် အမှတ်တံဆိပ်ကုမ္ပဏီတစ်ခုချင်း စီ၏ မြန်မာနိုင်ငံတွင် အမှာစာများ အပ်နှံနေခြင်းနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ အဆိုပါကုမ္ပဏီများမှ အမှာစာအပ်နှံမှု ရပ်ဆိုင်းခြင်းမရှိကြောင်း စက်ရုံ များထံမှ မေးမြန်းသိရှိရသည်။ အဆိုပါ အမှတ် တံဆိပ်ကုမ္ပဏီများသည် ယခုအချိန်အထိ မြန်မာ နိုင်ငံရှိ စက်ရုံများတွင် အမှာစာများ ထပ်မံပေးပို့၍ အထည်များချုပ်လုပ်ပေးရန် အပ်နှံနေကြောင်း သိရှိရသည့်အပြင် အခြားစက်ရုံများလည်း ပုံမှန် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည့် အတွက် မြန်မာနိုင်ငံရှိ အဝတ်အထည်လုပ်ငန်းကြီး တစ်ခုလုံး ရပ်နားသွားပြီဆိုသည့်သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပေါ်လွင်ထင်ရှားနေသည်။
ထို့ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ နှင့် မြန်မာနိုင်ငံရှိ အဝတ်အထည် လုပ်ငန်းကြီးတစ်ခုလုံး ရပ်နားသွားရပြီဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိပါကြောင်း၊ ပြည်သူ များ၊ အလုပ်သမားများအနေဖြင့်လည်း သတင်းတစ်ခု ထွက်လာလျှင် မှန်/မမှန် သိရှိနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်းများသို့ မေးမြန်းခြင်း ဖြင့် သတင်းအမှန် သိရှိနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments