အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ် (မ-၂၊ ၇၈) တွင် “ချစ်သားရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင်မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲသော အကုသိုလ်ဟူ၍မရှိ၊ မှောက်ထားသောရေခွက်မှာ ရေတစ်စက်မှမကျန်၊ ဘာမျှမရှိတော့သလို ထိုလိမ်ဝံ့ သူ၌ အရည်အချင်းကောင်းဟူသမျှ ဘာမျှမရှိနိုင်တော့ချေ” ဟု မြတ်စွာဘုရားရှင်က သျှင်ရာဟုလာအား ဆုံးမသွန်သင်ထားသည်။ မုသာဝါဒမလုံခြုံသူသည် မည်သည့် ပြစ်မှုမျိုးကိုမဆို အလွယ်တကူ ကျူးလွန်နိုင်သူဖြစ်၍ အထူးသတိပြုဆင်ခြင်ရှောင်ရှား ရမည်ဖြစ်သည်။
လူတို့ကျင့်သုံးအပ်သော ကံငါးပါးတွင် မုသာဝါဒကံသည် အလွယ်ကူဆုံး ဖောက်ဖျက်ကျူးလွန်နိုင်သော ကံတစ်ပါးဖြစ်သည်။ လူတို့အနေဖြင့် မုသာဝါဒအမှုကို သေးငယ်သောအမှုဟူ၍ လွယ်လွယ်ကူကူကျူးလွန်တတ်ကြသည်။ သို့သော် မုသာ ဝါဒအမှုမှာ မသေးငယ်လှပေ။ အပြစ်အားဖြင့်လည်းကောင်း၊ ကိုယ်ရည်ကိုယ်သွေး အားဖြင့်လည်းကောင်း အကျိုးသက်ရောက်မှုကြီးမားသဖြင့် မုသားစကားဆိုလျှင် ပြက်ရယ်ပြုသည့်အနေဖြင့်ပင် မပြောမိစေရန် ဘုရားရှင်က သတိပေးထားသည်။ မုသာဝါဒသည် လူ့မနောမှ ဖြစ်ပေါ်လာသော နှုတ်ဝစီအမှုဖြစ်သည်။ မဟုတ်မမှန် သောအကြောင်းအရာဖြစ်ခြင်း၊ မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း၊ ပြောလည်းပြောခြင်း၊ ပြောသည့်အတိုင်း သူတစ်ပါးတို့ယုံကြည်ခြင်း စသည့်အင်္ဂါလေးခုနှင့်ညီပါက မုသာ ဝါဒကံမြောက်သည်။
မုသာဝါဒသည် သူတစ်ပါးအား ထိခိုက်စေသည့် လိမ်ညာသောအမှုဖြစ်မှသာ အကုသိုလ်ဖြစ်စေသည်မဟုတ်ပေ။ မဟုတ်မမှန်သောမည်သည့်စကားမဆို အကုသိုလ်ဖြစ်စေသည်။ မုသာဝါဒသည် ပါးစပ်တစ်ခုဖြင့် အလွယ်တကူကျူးလွန် နိုင်သောကံဖြစ်၍ ပါးစပ်နှင့်ပင် မလုပ်ရဲသောအကုသိုလ်ဟူ၍ မရှိတော့ပေ။ ပါးစပ် ဖြင့် အကုန်ကျူးလွန်ပေတော့သည်။ ကျည်ဖြင့်ပစ်ရသောသေနတ်သည် လူတစ်ဦး တစ်ယောက်၏အသက်ကိုသာ သေစေနိုင်သော်လည်း ပါးစပ်သေနတ်နှင့်ပစ်လျှင်မူ လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးနိုင်သည်ကို ယနေ့ကာလ၌ တွေ့မြင်နေရ သည်။ မျက်မှောက်ကာလ၌ ဆိုရှယ်မီဒီယာများပေါ်တွင် နိုင်ငံရေးကို အကြောင်းပြု၍ မမှန်သတင်းများ၊ ကောလာဟလသတင်းများ၊ ပုံကြီးချဲ့ထားသောသတင်းများ၊ အမှန်တရားမှသွေဖည်သည့် ဘက်လိုက်သတင်းများကို နေ့စဉ်မြင်တွေ့နေရသည်။
မသမာသူတို့သည် ၎င်းတို့၏ရည်မှန်းချက်၊ ၎င်းတို့၏ အလိုဆန္ဒအတွက် မုသာ ဝါဒကို လက်နက်သဖွယ်အသုံးပြုလာကြသည်။ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင်၊ စိုးရိမ်ထိတ်လန့်မှုဖြစ်အောင်၊ စိတ်ခံစားချက် မြင့်မားလာအောင်၊ အသိ အမြင်လွဲမှားပြီး လမ်းမှားပေါ်သို့ရောက်အောင်၊ အဖျက်လုပ်ငန်းများ ပိုမိုကြီးထွား လာအောင် အခြေအနေတစ်ရပ်၊ ဖြစ်စဉ်တစ်ရပ်အပေါ်မူတည်၍ ပြောင်ကျကျ လိမ်ညာမှုများ သို့မဟုတ် ပိုမိုသိမ်မွေ့စွာဖြင့် အချက်အလက်အမှားများ၊ အပိုများ ထည့်သွင်းခြင်းဖြင့် စိတ်ဓာတ်စစ်ဆင်ရေးသဘော ပြုလုပ်လာကြသည်။ မုသာဝါဒကို အခြေခံ၍ အမျိုးမျိုးပုံဖော်မှုများ ပြုလုပ်လာကြသည်။ ဆိုရှယ်မီဒီယာများပေါ်တွင် အကြောင်းအရာတစ်ရပ်ပေါ်သည်နှင့် မုသာဝါဒအကုသိုလ်အမှုကို အဆစ်ယူကြသူ အများအပြားတွေ့ရသည်။
လူမှုကွန်ရက်ပေါ်၌ သတင်းတု၊ သတင်းမှား၊ အလိမ်အညာလှည့်ဖြားမှုများအား တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိနေမှုများသည် မြန်မာနိုင်ငံသာကြုံတွေ့နေရသည်မဟုတ်။ ကမ္ဘာတစ်ဝန်းတွင်လည်း ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်။ ထို့ကြောင့် မုသားကမ္ဘာဟုပင် ခေါ်ဆိုလာကြသည်။ သတင်းအတု၊ လိမ်ညာလှည့်ဖြားသော အကြောင်းအရာများသည် ရည်ရွယ်ချက်ရှိရှိ တစ်ဖက်ထိခိုက်နစ်နာအောင် ဦးတည် သောလုပ်ဆောင်မှုဖြစ်သည်။ ယင်းတွင် ငွေကြေးရရှိရန်၊ ကိစ္စတစ်ခုခုအတွက် အောင်မြင်ရန် သို့မဟုတ် သြဇာအာဏာထူထောင်နိုင်ရန်နှင့် အဆိုပါသတင်းကြောင့် ပြဿနာကြီးထွားလာစေရန်ဟူသည့် စေ့ဆော်မှု၊ လှုံ့ဆော်မှုဖြစ်သည်။ ကောလာဟလ ဆိုသည်မှာ မှန်ကန်သောအချက်အလက်ဖြစ်စေ၊ မမှန်ကန်သောအချက်အလက် ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ၊ မသိ၍ဖြစ်စေ အဆင့်ဆင့်ဖြန့်ဝေခြင်းဖြစ်သည်။
CDM အမြောက်အမြား ပြုလုပ်ကြသည်ဟုလည်းကောင်း၊ CDM ပြုလုပ်သူများ ကို ငွေကြေးထောက်ပံ့တော့မည်ဟုလည်းကောင်း၊ CDM ပြုလုပ်လျှင် ဆုချီးမြှင့်မည် ဟုလည်းကောင်း၊ ပြည်သူများကို အကြောင်းမဲ့နှိပ်စက်နေသည်ဟု လည်းကောင်း၊ အောင်ပွဲကြီးရတော့မည်ဟုလည်းကောင်း၊ တစ်သောင်းတန်ငွေစက္ကူ ဖျက်သိမ်း တော့မည်ဟုလည်းကောင်း၊ ကာကွယ်ဆေးထိုးလျှင် အသက်သေဆုံးသည်ဟု လည်းကောင်း စသည့် မုသာဝါဒစကားများကိုအသုံးချ၍ စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ် လာကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုမုသာဝါဒအပြစ်ကား ကြီးမားလွန်းလှပါ သည်။ လူတစ်ဦးတစ်ယောက်ကို ထိခိုက်ပျက်စီးစေရန် ဆောင်ရွက်ခြင်းမဟုတ်ဘဲ တစ်တိုင်းပြည်လုံးပျက်စီးစေရန် လုပ်ကြံခြင်းဖြစ်၍ အလွန်အပြစ်ကြီးလှပါသည်။
သို့ဖြစ်ရာ အလွန်အပြစ်ကြီးမားလှသော မုသာဝါဒ မမှန်သတင်းစကား၊ အပို သတင်းအကြွားများကို နားယောင်မိလျှင် မိမိတို့တွင် မုသာဝါဒအပြစ်ကို အဆစ်ယူ သကဲ့သို့ ဖြစ်နိုင်သဖြင့် မမှန်သတင်း၊ လုပ်ကြံသတင်းများကို အသိတရား၊ ဆင်ခြင် နိုင်အားနှင့် အသိအမြင်ဗဟုသုတကြွယ်ဝမှုများဖြင့် ကာကွယ်ပြီး ကြီးမားသော အကုသိုလ်အမှုမဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။