အဖိုးတန်ရေကို ချွေတာသုံးစွဲပါ

Type

တင်ထက်ထက်ဇော်
===========

 

လူ့အရေးသုံးပါးဖြစ်သည့်   “စားရေး၊   ဝတ်ရေး၊ နေရေး”   များစွာထဲမှာ   သောက်သုံးရေ    အလုံ အလောက်ရရှိမှုကလည်း အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ခန္ဓာကိုယ်ကြီးအတွက် မရှိမဖြစ်လိုအပ် သော  ရေနှင့်ပတ်သက်သည့်   ဗဟုသုတဖြစ်ဖွယ် အချို့ကို မျှဝေလိုပါသည်။ 


v    ဟိုက်ဒရိုဂျင်အက်တမ်နှစ်ခုနှင့်  အောက်ဆီဂျင် အက်တမ်တစ်ခုတို့ပေါင်းစပ်ခြင်းဖြင့်   ရရှိလာ သော ဒြပ်ပေါင်းတစ်မျိုးဖြစ်သောရေသည် လူ၊ တိရစ္ဆာန်များအတွက်သာမက  သက်ရှိအပင်များ အားလုံးအတွက်လည်း      အရေးအကြီးဆုံးအရာ ဖြစ်ပါသည်။


v    ကမ္ဘာ့မြေမျက်နှာပြင် ဧရိယာအများစုကို ရေဖြင့် ဖုံးလွှမ်းထားသောကြောင့် နေရာအနှံ့အပြားတွင် ရေကို လွယ်ကူစွာမြင်တွေ့နိုင်ပါသည်။
v    ရေကို    အရည်ပုံဆောင်   “ရေ”    အဖြစ် လည်းကောင်း၊ အစိုင်အခဲပုံဆောင် “ရေခဲ” အဖြစ်လည်းကောင်း၊  အငွေ့ပုံဆောင် “ရေငွေ့” အဖြစ်လည်းကောင်း       ပုံသဏ္ဌာန်သုံးမျိုးဖြင့် တွေ့ရပါသည်။


v    ကမ္ဘာပေါ်ရှိရေများ၏ ၉၇ ရာခိုင်နှုန်းမှာ ဆားငန် ရည်များဖြစ်ကြပြီး  သောက်သုံး၍    မရနိုင်ပါ။ ကျန်ရေချိုပမာဏ   သုံးရာခိုင်နှုန်းတွင်    နှစ် ရာခိုင်နှုန်းမှာလည်း ရေခဲဖြင့် ဖုံးအုပ်ထားခြင်း ကြောင့် လူသားတို့မသုံးစွဲနိုင်ကြပေ။ ထို့ကြောင့် လူတို့အတွက်        အမှန်တကယ်သုံးစွဲနိုင်သော ရေချိုပမာဏမှာ  တစ်ရာခိုင်နှုန်းမျှသာဖြစ်ပါ သည်။ ရာခိုင်နှုန်းအားဖြင့်  အလွန်နည်းပါးသော် လည်း   အဆိုပါရေများက    ဂါလန်အားဖြင့် အမြောက်အမြားဖြစ်နေသဖြင့်  ကမ္ဘာ့လူသားတို့ နေ့စဉ်သုံးစွဲနေရခြင်းဖြစ်ပါသည်။ 


v    ရေ၏   သဘောသဘာဝအရ   စဉ်ဆက်မပြတ် အငွေ့ပြန်ခြင်း၊    မိုးရွာချခြင်းနှင့်   မြစ်များမှ တစ်ဆင့်   စီးဆင်းခြင်း   စသည်ဖြင့်   သံသရာ လည်ပတ်လျက်ရှိကာ လေနှင့်အတူပါသွားသော ကုန်းပေါ်မှရေငွေ့ပမာဏများသည်    မြစ်များ တွင်  စီးဆင်းနေသည့်ပမာဏနှင့်   တူညီကြပါ သည်။ 
v    အသံလှိုင်းများသည် လေတွင်သွားသော အမြန် နှုန်းထက်  ရေတွင်   သုံးဆမျှပို၍   လျင်မြန်စွာ ဖြတ်သန်းနိုင်စွမ်းရှိပါသည်။
v    ရေ၏ထူးခြားချက်မှာ ခဲသွားသည့်အခါ ထုထည် ကြီးလာပြီး အလေးချိန်ပေါ့သွားလေ့ရှိပါသည်။ ထို့ကြောင့် ရေခဲများက ရေပေါ်တွင် ပေါလော ပေါ်နေခြင်းဖြစ်ပါသည်။

လူသားတိုင်းအတွက် မရှိမဖြစ်ရေ


လူ့ခန္ဓာကိုယ်၏  သုံးပုံနှစ်ပုံသော  အလေးချိန် သည် ရေဖြစ်ပါသည်။ ဥပမာ ပေါင် ၁ဝဝ ကိုယ်အလေး ချိန်ရှိသော လူတစ်ယောက်တွင် ရေ၏အလေးချိန်က ၆၅ ပေါင်ပါရှိနေပါသည်။ သွေးထဲတွင် ရေ ၉၂ ရာခိုင် နှုန်းပါဝင်ပြီး ဦးနှောက်နှင့်ကြွက်သားတို့မှာ ရေ ၇၅ ရာခိုင်နှုန်းနှင့်  အရိုးထဲတွင် ရေဓာတ် ၂၂ ရာခိုင်နှုန်း အသီးသီးဖွဲ့စည်းပါရှိနေကြသည်။        ခန္ဓာကိုယ်မှ တစ်နေ့တာအတွင်း ပျမ်းမျှ အရည်ဓာတ် ၂ ဒသမ ၆ လီတာခန့် ဆုံးရှုံးနေပါသည်။ ၎င်းတို့မှာ ဝမ်း(မစင်) မှ သုည  ဒသမ ၂ လီတာ၊   အသက်ရှူလမ်းကြောင်းမှ သုည ဒသမ ၃ လီတာ၊ အရေပြားချွေးထွက်ခြင်းမှ သုည ဒသမ ၆ လီတာ၊ ဆီးမှ  ၁  ဒသမ ၅ လီတာ ပမာဏရှိသော အရည်ဓာတ်များ နေ့စဉ်ဆုံးရှုံးနေပါ သည်။   လူတစ်ယောက်၏    ခန္ဓာကိုယ်တွင်းရှိ   ရေ ပမာဏသည်   တစ်ရာခိုင်နှုန်းလျော့သွားသည်နှင့် တစ်ပြိုင်တည်း   ရေသောက်ချင်စိတ်   (ရေငတ်ခြင်း) ကို ဖြစ်ပေါ်ခံစားရပါသည်။ 


လူတို့ အစာမစားရဘဲ   တစ်လအထိ   အသက် ရှင်သန်နိုင်သော်လည်း   ရေမသောက်ဘဲ    ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင် နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူတစ်ဦး ရေမရ လျှင် ချက်ချင်းသေနိုင်၍ “ရေအသက်တစ်မနက်” ဟု ဆိုရိုးစကားရှိလေသည်။ ပျမ်းမျှအားဖြင့် လူသား တစ်ယောက် နှစ် ၈၀ ခန့် သက်တမ်းကာလအတွင်းမှာ ရေ ၇၅ဝဝဝ   (ခုနစ်သောင်းငါးထောင်)   လီတာမျှ သောက်သုံးခဲ့ပါသည်။ မြေပေါ်မြေအောက်ရေများက ကမ္ဘာကြီး၏အပူချိန်ကို ထိန်းညှိပေးနိုင်သလို လူတို့ ၏ခန္ဓာကိုယ်ကိုလည်း အပူချိန်ညီညွတ်မျှတအောင် ထိန်းသိမ်းပေးနိုင်ပါသည်။ ထိုမျှမက ခန္ဓာကိုယ်ထဲရှိ အာဟာရပစ္စည်းများ၊   အောက်ဆီဂျင်၊    ကာဗွန်ဒိုင် အောက်ဆိုက်၊ ဟော်မုန်းများနှင့် အညစ်အကြေးများ ကို  တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ပေး သူကလည်း ရေသာလျှင်ဖြစ်ပါသည်။ 


ရေ၏ အခြားလုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ် ထဲသို့ရောက်ရှိလာသော အစားအစာများကို ခွန်အား အဖြစ်ပြောင်းလဲပေးခြင်း၊  ခန္ဓာကိုယ်ထဲက  ပိုလျှံပြီး မလိုလားအပ်သောအရည်များနှင့်  အဆိပ်အတောက် များကို   ဆီး၊ ဝမ်း၊   သွေး၊   ချွေး၊   ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးခြင်း၊ အသက်ရှူခြင်းကို အထောက်အပံ့ ဖြစ်စေခြင်း၊ အရိုးအဆက်များ ပွန်းပဲ့တိုက်စားခြင်းမှ သက်သာစေခြင်း၊     ခန္ဓာကိုယ်တွင်းဆဲလ်များကို အောက်ဆီဂျင်မပြတ်လပ်အောင် ထိန်းသိမ်းပေးခြင်း၊ သက်လုံကောင်းစေခြင်း၊         ခေါင်းကိုက်ရောဂါ သက်သာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေ ကာ   စိတ်ကြည်လင်လန်းဆန်းစေခြင်း၊   ကင်ဆာ ဖြစ်နိုင်ခြေအလားအလာကို   လျော့ပါးသွားစေခြင်း၊ အမောအပန်းခံနိုင်ပြီး လေ့ကျင့်ခန်းကြာကြာလုပ်နိုင် ခြင်း၊  အသားအရေကောင်းမွန်ပြီး   အရွယ်တင်နုပျို စေခြင်း၊   ဝက်ရူးပြန်၊   တီဘီ၊     ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါ စသည်တို့ကို သက်သာစေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်စေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြုနိုင်သဖြင့် “ရေ”  သည်   လူသားတို့အတွက် မရှိမဖြစ်အရာဖြစ်ပေသည်။


ရေဓာတ်အလွန်များပြားစွာ ဆုံးရှုံးသွားချိန်တွင် ခန္ဓာကိုယ်က  ထိန်းညှိနိုင်မှုမရှိတော့ခြင်း   သို့မဟုတ် ရေဓာတ်ခန်းခြောက်လာခြင်းကို    ဖြစ်စေသည်။ အသေးစားရေဓာတ်ခန်းခြောက်မှုမှ ပြင်းထန်သော ရေဓာတ်ခန်းခြောက်မှုအထိ ရောဂါလက္ခဏာများတွင် ရေဆာလောင်မှု     ပိုမိုဆိုးလာခြင်း၊     ခံတွင်း ခြောက်သွေ့ခြင်းနှင့် လျှာရောင်ရမ်းခြင်း၊ အားနည်း ခြင်း၊ ခေါင်းမူးခြင်း၊  ရင်တလှပ်လှပ်ဖြစ်ခြင်း၊   စိတ် အာရုံရှုပ်ထွေးခြင်း၊   ရင်တုန်ခြင်း၊    ဆီးပမာဏ လျော့နည်းခြင်း   စသည်တို့ဖြစ်စေနိုင်ပါသည်။ ရေဓာတ်ခန်းခြောက်မှု      ခံစားနေရသူအတွက် တစ်ရက်ထက်ကျော်၍   အော့အန်ခြင်း၊     ကိုယ် အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက်ကျော်လွန်သည်အထိ         ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန်   လျော့ကျခြင်း၊    ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့်   အာရုံရှုပ်ထွေးခြင်း   စသည်တို့ ကြုံရပါက    ဆရာဝန်နှင့်    အဆောတလျင်ပြပါ။ အကယ်၍ ကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက် ထက်ပို၍ ဖျားနာပါက ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ပြီးခဲ့သော ၁၂ နာရီအတွင်း ဆီးမသွားခြင်းကဲ့သို့  ပြဿနာများကြုံတွေ့ရပါက ၎င်းလူနာကို  အရေးပေါ်ဌာနသို့   ပို့ဆောင်ပေးရပါ မည်။


ရေတွင် အာဟာရနှင့် ကယ်လိုရီမပါသော်လည်း သန့်ရှင်းဘေးကင်းသောရေသည်         လူသားနှင့် သက်ရှိများအတွက်  အထက်ပါအတိုင်း   အလွန် အရေးပါလှသည်။  ထို့ကြောင့်   ကမ္ဘာ့စားနပ်ရိက္ခာ နေ့၏ နေ့တစ်နေ့ဆောင်ပုဒ်တွင် “ဘဝအတွက်ရေ” ဟု သတ်မှတ်ခဲ့ကြောင်း လေ့လာသိရသည်။ ယနေ့ အထိ   ကမ္ဘာပေါ်တွင်  စားနပ်ရိက္ခာမဖူလုံသော လူသားများရှိနေသလို သန့်ရှင်းသောသောက်သုံး ရေမရသည့်နိုင်ငံနှင့်   လူသားများရှိနေဆဲ    ဖြစ်ပါ သည်။ ၂၀၂၅ ခုနှစ်ထဲတွင် ကမ္ဘာ့လူဦးရေထက်ဝက် ခန့်သည် ရေကိုအခြေခံသောရောဂါများကို ရင်ဆိုင် ရဖွယ်ရှိကြောင်း ပညာရှင်များက သုံးသပ်ထားသည်။  ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်းပေါင်း ၃၅၀၀ ခန့် ရေရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး က ကြိုတင်ခန့်မှန်းထားသည်။ 


အရေးပါသော ရေသယံဇာတ


အထက်တွင်  ဖော်ပြထားသကဲ့သို့ ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါဆုံးဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက  အသက်ရှင်ရန်   မလွယ်ကူပေ။ ထို့ကြောင့် မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေသယံ ဇာတနေ့ (World Water Day)” အဖြစ် The United Nation General Assembly က ကြီးမှူး၍ ၁၉၉၃ ခုနှစ်တွင် စတင်သတ်မှတ်ပြီး အဖွဲ့ဝင်နိုင်ငံတိုင်း တွင်  ကျင်းပလာခဲ့ကြရာ   ယခုဆိုလျှင် (၂၈)  နှစ် ပြည့်ခဲ့ပြီဖြစ်ပါသည်။          

 

 


ထိုသို့ကျင်းပရခြင်း၏       ရည်ရွယ်ချက်များမှာ ရေသယံဇာတထိန်းသိမ်းရန်၊ ရေအခက်မကြုံစေ ရန်၊ ရေကို စနစ်တကျသုံးစွဲကြရန်၊ လုံခြုံဘေးကင်း သည့်ရေ၊ ကောင်းမွန်သည့်ရေနှင့် သန့်ရှင်းမှုစနစ် တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိခဲ့သူများစွာအတွက် အကြောင်းအရင်းများ အလေးထားရှာဖွေဖြေရှင်း ပေးကြရန်နှင့် ရေသယံဇာတ၏အရေးပါမှုကို ဂရုပြု မိလာကြစေရန်ဖြစ်သည်။ ၎င်းမတိုင်ခင်မှာလည်း နှစ်စဉ် မတ်လ ၁၄ ရက်နေ့ကို နိုင်ငံတကာ မြစ် ချောင်း၊ အင်းအိုင်များနေ့ဟု သတ်မှတ်ကျင်းပကြ ပါသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကကြီးမှူး၍   ရေနှင့် သဘာဝရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာ ပေး  ဟောပြောဆွေးနွေးပွဲများကို   ကျင်းပပြုလုပ် လေ့ရှိပါသည်။


ရေချိုသည်   လူနှင့်တိရစ္ဆာန်များ၊ အပင်များ ရှင်သန်ရေးအတွက်        မရှိမဖြစ်အရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။  ထို့အတူ   ရေသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိက အခန်းကဏ္ဍတွင်   ပါဝင်နေပါသည်။  လက်ရှိတွင် ကမ္ဘာ့လူဦးရေတစ်ဘီလီယံခန့်သည်         လုံခြုံ ဘေးကင်းသော သောက်သုံးရေမရရှိနိုင်သေးသည့် အတွက် ၎င်းတို့၏   ကျန်းမာရေး၊    ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း       လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိနေသည်။   ကမ္ဘာ့လူဦးရေ   ၂ ဒသမ ၃ ဘီလီယံခန့်သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ်ဖြင့်  အလှမ်းဝေးနေဆဲဖြစ်သည့်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံက   ၂၀၁၈ -   ၂၀၂၈ ခုနှစ်အထိကို ရေသယံဇာတဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက်  အကောင်အထည်ဖော် ဆောင်ရွက်ရန်   ဆယ်စုနှစ်အဖြစ် သတ်မှတ်ထား သည်။ 


ရေချိုရှားပါးရခြင်း၏  အကြောင်းရင်းများတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာပြီး ကမ္ဘာကြီးပူနွေး လာခြင်း၊ သဘာဝပတ်ဝန်းကျင်များ  ထိခိုက်ပျက်စီး လာခြင်း၊ ရှိရင်းစွဲရေချိုအရင်းအမြစ်များကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းမထားနိုင်ခြင်း၊ မြို့ပြများ တွင် ရေဆိုးများစွန့်ပစ်မှု စနစ်တကျမပြုလုပ်ခြင်း၊ မိလ္လာစနစ်များ စနစ်မကျခြင်း၊ အမှိုက်များကို မဆင် မခြင်စွန့်ပစ်ခြင်း၊  ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ရေချို အရင်းအမြစ်ပျက်စီးမှုများ ဖြစ်ပေါ်ခြင်းတို့က အဓိက ကျသည်။ ထို့ကြောင့်  နှစ်စဉ်ရွာသွန်းသည့်မိုးရေကို သိုလှောင်ထိန်းသိမ်းခြင်း၊ မြေအောက်ရေ စိမ့်ဝင်နိုင် ရေးအတွက်  သစ်ပင်သစ်တောများ   ပြုစုပျိုးထောင် ခြင်း၊ မြို့ပြများတွင် ရေစိမ့်ဝင်နိုင်မည့် ဧရိယာများနှင့် ရေကန်များ   ဖန်တီးတည်ဆောက်ခြင်း၊     အမှိုက်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်မှုများ စနစ်တကျတည်ထောင် ခြင်း    စသည့်နည်းလမ်းများဖြင့်    ရေသယံဇာတ ထိန်းသိမ်းရေးဆောင်ရွက်မှုများဖြင့်        ရာသီဥတု ပြောင်းလဲမှုအပေါ်           ရင်ဆိုင်တုံ့ပြန်နိုင်ကြပေ လိမ့်မည်။ 


အချုပ်အားဖြင့်ဆိုသော်   ရာသီဥတုဖောက်ပြန် ပြောင်းလဲလာမှုက အဓိကအချက်ဖြစ်နေပြီး “မမြင် ရသည့်သယံဇာတ” ဟုခေါ်ကြသည့် မြေအောက်ရေ (အဝီစိရေ) များ အလွန်အကျွံထုတ်ယူအသုံးပြုမှုက လည်း သတိပြုရမည့်အချက်တစ်ချက်ဖြစ်ပါသည်။ မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ   နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင်ဖြစ်သည်။ ကမ္ဘာ့ လူဦးရေ   တိုးပွားနေခြင်း၊    လူမှုဘဝဖွံ့ဖြိုးလာခြင်း ကြောင့် ရေသုံးစွဲမှုပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှု အားနည်းသောနိုင်ငံများတွင် ရေပြုန်းတီးမှု များပြား လာခြင်း၊    ရေကိုလိုအပ်သည်ထက်   သုံးစွဲမှုပိုမို များပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက် စက်ရုံ၊   အလုပ်ရုံ များမှ ရေကို ပိုမိုသုံးစွဲရခြင်းနှင့်   ရာသီဥတုပြောင်းလဲ မှုကြောင့်    ကမ္ဘာကြီး၌   ရေအရင်းအမြစ်များ တဖြည်းဖြည်းလျော့ပါးနေပါသည်။   ထို့ကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားများအနေဖြင့် သဘာဝပတ်ဝန်း ကျင်ကို      ထိန်းသိမ်းခြင်း၊    ရေကိုချွေတာသုံးစွဲ ခြင်းများကို      အလေးထားလုပ်ဆောင်နိုင်မှသာ  ရေသယံဇာတများ          ရေရှည်တည်တံ့ရေးနှင့် ရေအရင်းအမြစ်များ  ရရှိရေးအတွက်   ယှဉ်ပြိုင် နေရသည့် ပဋိပက္ခများလျော့ပါးရေးကို   အထောက် အကူပြုမည်ဖြစ်ပါသည်။  သို့ပါ၍  ရေသယံဇာတကို ထိန်းသိမ်းရန် တစ်ဦးတစ်ယောက်၊ တစ်မိသားစုမှ သည် ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၊    တိုင်းဒေသကြီး နှင့် ပြည်နယ်ရှိလူသားအားလုံးတွင်     ကိုယ်စီကိုယ်ငှ တာဝန်ရှိပါကြောင်းနှင့်         ယခုအချိန်မှစပြီး        အလေ့အကျင့်ကောင်းတစ်ခုပြု၍ ရေတစ်ပေါက်မျှ ကိုပင် မိမိကြောင့် အလေအလွင့်မဖြစ်အောင် အဖိုး တန်ရေကို ချွေတာသုံးစွဲကြပါရန် အကြံပြုလိုက်ရ ပါသည်။           ။