
ကိုရင်ဩ
အီရတ်နိုင်ငံ၏ မြို့တော်လည်းဖြစ်၊ အာရပ် ကမ္ဘာ၏ ဒုတိယအကြီးဆုံး မြို့ကြီးလည်း ဖြစ်သော ဘဂ္ဂဒက်မြို့၌ အမေရိကန်၏ လေကြောင်းစီးနင်းမှုတစ်ရပ်ကြောင့် အီရန် နိုင်ငံ၏ ထိပ်တန်းတပ်မှူးကြီး တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ ကျဆုံး ခဲ့ရသည်ဆိုသော သတင်းတစ်ပုဒ်က ၂၀၂၀ ပြည့်နှစ်၏ ဦးဦးဖျားဖျား အစောပိုင်းနေ့ရက် တစ်ရက်ကို ထူးထူးခြားခြားလှုပ်ခတ်သွား စေခဲ့သည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ အရှေ့အလယ်ပိုင်း ဒေသ၏ လတ်တလော တင်းမာလာမှု၏ ဂယက်တုံ့ပြန်ရိုက်ခတ်မှုများ အသို့ရှိလာ မည်ကို ရင်တမမဖြင့် စေ့ငုလေ့လာကြည့်မိ လေ၏။
တစ်ကျော့ပြန်တင်းမာလာ
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ဟာရှိအယ်လ်ရှာဘီ ပြည်သူ့စစ်တပ်ဖွဲ့၏ တပ်မှူးကြီး ဗိုလ်ချုပ်ကြီးကာဆမ်းဆိုလန်း မန်းနီသည် မြို့တော်ဘဂ္ဂဒက်ရှိ နိုင်ငံတကာ လေဆိပ်အနီးတွင် အမေရိကန်၏ လေကြောင်းစီးနင်းမှုအတွင်း ကျဆုံးခဲ့ရ သည်။ အီရန်၏ ဩဇာအာဏာအကြီးမားဆုံး တပ်မှူးကြီးတစ်ဦး သေဆုံးခဲ့ရခြင်းကို အကြောင်းပြု၍ အမေရိကန်နှင့် အီရန်ကြား တစ်ကျော့ပြန် တင်းမာလာမှုဖြစ်ရပြန်သည်။
ပစ္စက္ခတင်းမာမှု၏လားရာများမှာ “သူ
ပါးကိုက်လျှင် ကိုယ်နားကိုက်မည်” ဆိုသော သဘောတရားအတိုင်းပင် ရှုမြင်ကြရပြီး “ရည်စားလူလု အူနုကျွဲခတ်” ခံရသည့်အလား အီရန်နိုင်ငံက ရှူးရှူးရှားရှား ပြန်လည် တုံ့ပြန်တော့မည့် လက္ခဏာသဖွယ် ရင်ထိတ်သည်းဖိုဖွယ် အခြေအနေတစ်ရပ်ကို ပေါ်ပေါက်စေ၏။
ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ သည် ဘဂ္ဂဒက်နိုင်ငံတကာ လေဆိပ်အနီး
မော်တော်ယာဉ်တန်းဖြင့် သွားလာနေစဉ် အမေရိကန်က လျှပ်တပြက်စီးနင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ အီရန်၏ လက်ရွေးစင် “ကိုက်စ်” (Quds) တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ်ကြီးဆိုလန်းမန်းနီနှင့်အတူ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ လက်အောက် ခံ အပျော်တမ်းပြည်သူ့စစ်အဖွဲ့ (Popular Mobilization Force)၏ ဒုတိယတပ်မှူးကြီး အဘူမာဒီအယ်လ်မူဟန်ဒစ္စမှာလည်း ကျဆုံး ခဲ့ရသည်။
ယမ်းပုံမီးကျ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ညွှန်ကြားချက်အရ ဗိုလ်ချုပ်ကြီးဆိုလန်း မန်းနီကို သုတ်သင်ရှင်းလင်းခဲ့ရခြင်းဖြစ် သည်ဟု အမေရိကန်ကာကွယ်ရေးဌာန (ပင်တဂွန်)က အတည်ပြုပြောကြားခဲ့သည်။ ဤကဲ့သို့သော အခြေအနေအရ အမေရိကန် ၏ စစ်ရေးဆောင်ရွက်ချက်သည် အရှေ့ အလယ်ပိုင်းဒေသ၏ လုံခြုံရေးကို ရုတ်ခြည်း အလှည့်အပြောင်းတစ်ရပ် ဖြစ်စေနိုင်ပေ
လိမ့်မည်။ ယမ်းပုံမီးကျ ဒေါသအိုး ပေါက်ကွဲ ခြင်းနှင့်အတူ အီရတ်နိုင်ငံသည်လည်း ကောင်း၊ ယင်းနိုင်ငံက အားပေးထောက်ခံ သော ဒေသတွင်းရှိ စစ်အင်အားစုများသည် လည်းကောင်း အမေရိကန်နှင့် အစ္စရေး တို့၏ အကျိုးစီးပွားများကို ပစ်မှတ်ထား ကာ ပြင်းပြင်းထန်ထန် လက်တုံ့ပြန် မှုများရှိလာမည်ဟု မျှော်လင့်ရလေသည်။
တညံညံတလျှံလျှံ
ဇန်နဝါရီ ၄ ရက်နေ့သည်ကား မြို့တော် ဘဂ္ဂဒက်၌ “အမေရိကန်ကျဆုံးပါစေ”ဟူသောကြွေးကြော်သံများ တညံညံတလျှံလျှံ ပေါ်ထွက် ခဲ့ရသော နေ့တစ်နေ့ပါပေတည်း။ အကြောင်း မူကား ကျဆုံးခဲ့ရသော ဗိုလ်ချုပ်ကြီးဆိုလန်း မန်းနီ၏ ဈာပနစီတန်းလှည့်လည်ပွဲ ယင်းနေ့ တွင် ကျင်းပခဲ့ပြီး ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသူ အီရတ်လူမျိုး ထောင်ပေါင်းများစွာက အမေရိကန်ဆန့်ကျင် ရေး ကြွေးကြော်သံများကို တစ်ခဲနက် ဟစ်ကြွေးခဲ့ကြခြင်းကြောင့် ဖြစ်သည်။
ဘဂ္ဂဒက်တွင် ဗိုလ်ချုပ်ကြီးဆိုလန်းမန်းနီ၏ ဈာပနအခမ်းအနားကို နိုင်ငံတော်ဈာပနပွဲ အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ပြီး ဂုဏ်သရေရှိ ပုဂ္ဂိုလ်အပေါင်း တက်ရောက်ခဲ့ကြသည်။ ယင်း အခမ်းအနားအပြီးတွင် သူ၏ရုပ်အလောင်းကို အီရန်နိုင်ငံ ခါမန်ပြည်နယ်၏မြို့တော် ခါမန်မြို့ ၌ ဂူသွင်းမြှုပ်နှံထားရှိမည်ဖြစ်သည်။
အမေရိကန်သမ္မတ ထရမ့်ကမူ ဆိုလန်းမန်း နီကို အကြမ်းဖက်သမားတစ်ဦးအဖြစ် ပုံဖော် ပြောဆိုခဲ့ပြီး စစ်မက်ဖြစ်ပွားလာခြင်းမှ တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ ၎င်းကို ရှင်းလင်း သုတ်သင်ခဲ့ရခြင်းဖြစ်ကြောင်း အကြောင်းပြပြောဆိုခဲ့သည်။
ဆိုလန်းမန်းနီသည် အမေရိကန်သံတမန် များနှင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များကိုတိုက်ခိုက်နိုင်ရန် စီစဉ်ညွှန်ကြားနေသူဖြစ်ခြင်း ကြောင့် ၎င်းကို ရှင်းလင်းသုတ်သင်ခဲ့ရသည်ဆို ၏။
အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ရပြီး နောက် တစ်ကျော့ပြန်အုံကြွလာသော တင်းမာ မှုဖြစ်စဉ်တွင် အရှေ့အလယ်ပိုင်းဒေသ၌ စစ် အင်အား ဖြန့်ကြက်မှုတစ်ရပ်အဖြစ် အမေရိ ကန် ကြည်းတပ်တပ်ဖွဲ့ဝင် ၃၀၀၀ ခန့်ကို ဇန်နဝါရီ ၃ ရက်တွင် စေလွှတ်ခဲ့သည်။ ယင်း တပ်ဖွဲ့များမှာ မြောက်ကာရိုလိုင်းနားပြည်နယ် ဘရဂ္ဂစခန်းရှိ အမှတ် ၈၂ လေထီးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များဖြစ်ကြသည်။
အကြမ်းဖက်ဆန္ဒပြ
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဘဂ္ဂဒက် ရှိ အမေရိကန်သံရုံးကို အီရန်ထောက်ခံသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့အား ထောက်ခံသူများက အကြမ်းဖက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် အမှတ် ၈၂ လေထီးတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် ၇၀၀ ခန့်ကို ကူဝိတ်နိုင်ငံ၌ ဦးစွာ ဖြန့်ကြက်ခဲ့ပြီးနောက် ထပ်မံ၍ အင်အားတိုး လိုက်ခြင်းဖြစ်သည်။
ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို အကြမ်း ဖက်ကာ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော ဆန္ဒပြသမားများ ပြန်လည်ရုပ်သိမ်းထွက်ခွာရန် PMF ပြည်သူ့စစ်တပ်ဖွဲ့က ညွှန်ကြားခြင်းမရှိမီ ဒီဇင်ဘာ ၃၁ ရက်တွင် ဆန္ဒပြသမား ထောင် ပေါင်းများစွာက သံရုံးကို ဝန်းပတ်ပိတ်ဆို့ထား ခဲ့ကြပြီး သံရုံးဝင်းအတွင်းရှိ အဆောက်အအုံ များကို အဓမ္မဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ ပစ်မှတ်များကို အမေရိကန်က လေကြောင်းမှ စီးနင်းတိုက်ခိုက် မှုများကြောင့် ဟာရှိအယ်လ်ရှာဘီ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးခဲ့ရခြင်းအတွက် အမျက်ဒေါသ ပြင်းစွာထွက်မှုကို ဖြေလျှော့နိုင် ရန် အမေရိကန်သံရုံးကို ဝန်းပတ်ပိတ်ဆို့ခဲ့ကြ ခြင်းဖြစ်သည်။
အမေရိကန်စစ်ဘက်ဆိုင်ရာ ကန်ထရိုက် တာတစ်ဦး ဘဂ္ဂဒက်မြို့၌ သေဆုံးခဲ့ရမှုအတွက် အမေရိကန်က လက်တုံ့ပြန်ခဲ့ရသည်ဟု ဆိုခဲ့ သော်လည်း အခြေအနေမှာ ငြိမ်းအေးမသွားခဲ့ ဘဲ လက်တုံ့ပြန်မှုများသာ တိုးပွားလာခဲ့ရလေ သည်။
အင်အားသုံး လက်တုံ့ပြန်မှုများ ဆက်တိုက်ဖြစ်ပွားလာချိန်တွင် အီရတ်ပါလီ မန်က ဇန်နဝါရီ ၅ ရက်တွင် အထူးအစည်း အဝေးတစ်ရပ် ကျင်းပရန်စီစဉ်ထားသည်။ ယင်းအစည်းအဝေးတွင် ဘဂ္ဂဒက်၌ ဖြစ်ပွား ခဲ့သော လေကြောင်းစီးနင်းမှု၏ အကျိုးသက် ရောက်လာဖွယ်ရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဆို၏။
ဆိုလန်းမန်းနီ သေဆုံးမှုကို ဖြစ်စေခဲ့သော အမေရိကန်၏ တိုက်ခိုက်မှုသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ချိုးဖောက်ခံရမှုအဖြစ်အီရတ်ဝန်ကြီးချုပ် အဗ္ဗဒူမာဒီကဝေဖန်ပြော ကြားခဲ့ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူကာအမတ်များကို တိုက်တွန်းခဲ့သည်။
အီရန်တပ်မှူးကြီးကို သုတ်သင်သည့် အမေရိကန် စစ်ရေးဆောင်ရွက်ချက်နှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများက ကွန်ဂရက်လွှတ်တော်တွင် ရှင်းလင်းတင်ပြရန် စီစဉ်ထားကြောင်း အမေရိကန်အထက် လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် မစ်မက်ကွန်းနယ်က ပြောကြားသည်။ လာမည့်ရက်သတ္တပတ်တွင် အထက် လွှတ်တော်အမတ်များအား အမေရိကန်အစိုးရ တာဝန်ရှိသူများက ရှင်းလင်းတင်ပြဖွယ်ရှိသည်။
သဘောကွဲလွဲမှု
အီရန်တပ်မှူးကြီးအား ပစ်မှတ်ထားသော စစ်ဆင်ရေးကို အကြောင်းပြု၍ အမေရိကန် ကွန်ဂရက်လွှတ်တော်အတွင်း ယခုအချိန်တွင် သဘောကွဲလွဲမှုတစ်ရပ် ဖြစ်ရပြန်သည်။ ယင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ အမတ်များအား ချက်ချင်းရှင်းလင်းတင်ပြရန် အောက်လွှတ် တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက တိုက်တွန်းခဲ့ သည်။ လက်ရှိတင်းမာလာမှုတွင် အမေရိကန် အစိုးရ မည်သို့ဆက်လုပ်သွားရန် အစီအစဉ်များ ရှိသည်ကို မိမိတို့သိရှိလိုသည်ဆို၏။
အီရန်စစ်ဘက်ခေါင်းဆောင်အား ချေမှုန်း သည့် စစ်ဆင်ရေးကို ဆောင်ရွက်ရာတွင် ကွန် ဂရက်လွှတ်တော်နှင့် တိုင်ပင်ခဲ့ခြင်းမရှိသလိုအီရန်အား စစ်အင်အားသုံး၍ ကိုင်တွယ်ဆောင် ရွက်ရေး ခွင့်ပြုချက်ကိုလည်း ရယူခဲ့ခြင်းမရှိ ကြောင်း ဒီမိုကရက်တစ်ဦးဖြစ်သူ ပယ်လိုစီက ဝေဖန်ပြောကြားခဲ့သည်။
သို့ဖြစ်စေကာမူ နိုင်ငံတော်လုံခြုံရေးအတွက် အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်မှာ မမှား တန်ရာဟု ယုံကြည်လက်ခံသော အမတ်များ လည်းရှိသည်။ အမေရိကန်ပြည်ပရှိ မိမိတို့ ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက် နိုင်ရန် ကာကွယ်ရေးဟူသော ဦးတည်ချက် အရ မိမိတို့ ဆောင်ရွက်ခဲ့ရခြင်းသာဖြစ် သည်ဟု ယုံကြည်ယူဆကြသူများရှိသည်။
မိမိသည် စစ်ပွဲတစ်ပွဲကို စတင်သူမဟုတ်၊ စစ်မက်ဖြစ်ပွားလာနိုင်သည့် အခြေအနေ တစ်ရပ်ကို ရည်မျှော်ကာ မိမိ၏နိုင်ငံကို မိမိ ကာကွယ် စောင့်ရှောက်သည့်အနေဖြင့် အမေရိကန်အကျိုးစီးပွားများကို ဖျက်လို ဖျက်ဆီးလုပ်နိုင်ရန် စီစဉ်ညွှန်ကြားနေသူ တစ်ဦးကို အဆုံးစီရင်လိုက်ရခြင်းသာ
ဖြစ်သည်ဟု သမ္မတထရမ့်က ပြောကြားခဲ့ သည်။
တစ်ကျော့ပြန်တင်းမာလာ
အရှေ့အလယ်ပိုင်းဒေသတွင် တစ်ကျော့ ပြန် တင်းမာလာနေချိန်၌ ကမ္ဘာ့ခေါင်းဆောင် များက တင်းမာမှု ဖြေလျှော့နိုင်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှုများ ပြုလာကြသည်။ ရန်စလှုံ့ ဆော်သည့်သဘောမျိုး သက်ရောက်သည်ဟု ခံစားရသည့်တိုင်အောင် ထိန်းထိန်းချုပ်ချုပ် ဆောင်ရွက်ရန် ပြင်သစ်သမ္မတ အီမင်နျူ ယယ်မေခရွန်က ပြောကြားခဲ့သည်။
အလားတူပင် အရှေ့အလယ်ပိုင်းအရေးစိတ်မအေးဖွယ်ဖြစ်ရသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်က ပြောကြား ခဲ့သည်။
အီရန်ဗိုလ်ချုပ်ကြီး ကျဆုံးခဲ့ရခြင်းကို အကြောင်းပြု၍ အီရတ်နိုင်ငံအတွင်းမှာရောဒေသအတွင်းမှာပါ ငြိမ်းချမ်းရေးနှင့် တည် ငြိမ်မှု ပျက်ပြားစေနိုင်သည်ဟု တူရကီနိုင်ငံ က ပြောကြားခဲ့သည်။
ဆိုလန်းမန်းနီ သေဆုံးခဲ့ရခြင်းကြောင့် လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအဖွဲ့နှင့် အရှေ့အလယ်ပိုင်းဒေသရှိ အီရန်လိုလား သော စစ်သွေးကြွအုပ်စုများ၏ လက်တုံ့ ပြန်မှုများ တိုးတက်ဖြစ်ပေါ်လာနိုင်သည်။ဆိုလန်းမန်းနီ၏ ဦးဆောင်မှုအရ အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် အီရန်ထောက်ခံ သော စစ်အင်အားစုများကို အင်အားတိုးချဲ့ နိုင်ခဲ့သည်။ ဆီးရီးယားနိုင်ငံ၏ ကာလရှည် ပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေသောသူပုန်အုပ်စုများအား ဆီးရီးယားက ထိုးစစ် ဆင်နွှဲတိုက်ခိုက်နိုင်ရန် ဗျူဟာများ ချမှတ် ပေးခဲ့သူ ဆိုလန်းမန်းနီ သေဆုံးရမှုအတွက် ယူကျုံးမရ အပူလုံးကြွသူများမှာလည်း
တစ်ပုံတစ်ပင် ရှိနေပြန်ရာ ရှေ့ဆက်၍ ဘာများ ဖြစ်လာပါမည်နည်းဟု ကျွန်ုပ်တို့ ရင်တမမ ဖြင့် စောင့်စားကြည့်ရှုကြရသည့် ကာလ
တစ်ရပ်သို့ ရောက်လာပြီဟု ဆိုနိုင်ပေလိမ့်မည်။
လက်ဘနွန် (သို့မဟုတ်) ဆီးရီးယားမှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်မှ ထွက်ခွာလာခဲ့ကြ သော ဗိုလ်ချုပ်ကြီး ဆိုလန်းမန်းနီအပါအဝင်
စစ်ခေါင်းဆောင်များ လိုက်ပါလာသည့်မော်တော်ယာဉ်နှစ်စီးကို အဆိုပါ လေဆိပ်၏ ကုန်တင်ကုန်ချပြုလုပ်ရာ ဧရိယာအနီးတွင် အမေရိကန်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကြီးမားလာနိုင်ပုံကို ကျွန်ုပ်တွေးတောမိရင်း “အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ တစ်ပုံ တစ်ပင်”ဟု ကျူးရင့်မိပါသတည်း။ ။
Ref: Tensions as US strike kills top Iran commander Soleimani – atest updates. (TRTWORLD)