
မြင့်မြတ်
အနှစ် ၂၀ လောက် အမေရိကန်အထောက်အပံ့နဲ့ အကာအကွယ်ကို နှစ်ရှည်လများ ရယူထားခဲ့တဲ့၊ အာဖဂန်နစ္စတန်အစိုးရအဖို့တော့ နိုင်ငံခြားတပ်တွေမရှိတော့တဲ့၊ လစ်ဟာသွားတဲ့ကွက်လပ်ကို ဖြည့်ဆည်းပြီး တစ်ဦးတည်းရပ်တည်ဖို့ဆိုတာ လုံးဝမလွယ်တော့တဲ့ အခြေအနေကို ရောက်နေပါပြီ။
အမေရိကန်တပ်တွေ ဆုတ်ခွာပြီးနောက်ပိုင်း အာဖဂန်နစ္စတန် နိုင်ငံအခြေအနေဟာ ဆိုးရွားလာပါတယ်။ ထိုးစစ်ဆင်နွှဲနေတဲ့ တာလီဘန်တွေကြောင့် နိုင်ငံနယ်မြေများစွာ တာလီဘန်လက်အောက် ရောက်ကုန်ပြီး အပြစ်မဲ့အရပ်သား သေဆုံးထိခိုက်မှုတွေလည်း များလာနေပါတယ်။ စာသင်ကျောင်းတွေ ဗုံးခွဲခံရပြီး ကျောင်းသားတွေ နဲ့ ကလေးသူငယ်တွေသေတာလည်း တွေ့နေရပါတယ်။ ကဘူးလ်က ကုလသမဂ္ဂရုံးတောင် တိုက်ခိုက်ခံရတဲ့အနေအထားတစ်ခုဟာ အတော်ဆိုးရွားတဲ့အခြေအနေတစ်ခုကို ပြနေပါတယ်။
အဓိကကတော့ နိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခနဲ့ မငြိမ်သက်မှု တွေကြောင့် ပြည်တွင်းစစ်ကနေ ဒေသတွင်းနဲ့ နိုင်ငံတကာအကြမ်း ဖက်တိုက်ခိုက်မှုတွေအထိ ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေတယ်ဆိုတဲ့အချက်နဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုဟာ လူသားတစ်ရပ်လုံးအတွက် အန္တရာယ်ကြီးတစ်ရပ်ဖြစ်တယ်ဆိုတာ ထောက်ပြချင်တာပဲ ဖြစ်ပါတယ်။
ပဋိပက္ခနဲ့ လျှော့တွက်လို့မရတဲ့ တစ်ကျော့ပြန်အကြမ်းဖက်အန္တရာယ်
ယခုမျက်မှောက် အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အာဖဂန် နစ္စတန်နိုင်ငံသာမကပါဘူး၊ ထိုင်း၊ မြန်မာ စတဲ့နိုင်ငံတွေမှာလည်း ပုံစံမျိုးစုံနဲ့ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဆိုချင်တာက ပဋိပက္ခနဲ့ အကြမ်းဖက်မှုဟာ ဆက်နွှယ်နေတာကြောင့် တစ်ကျော့ပြန်လာနိုင်တဲ့ အကြမ်းဖက်အန္တရာယ်ကို လျှော့တွက်လို့မရပါဘူး ဆိုတာပါပဲ။
အမေရိကန်ကို အားကိုးခဲ့တဲ့ အာဖဂန်အစိုးရအနေနဲ့ သူတစ်ဦး တည်း အကြမ်းဖက်မှုကို ချုပ်ငြိမ်းအောင်လုပ်ဖို့ဆိုတာ လုံးဝမလွယ်ပါ ဘူး။ အမေရိကန်တပ်တွေ အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲ war on terror ခေါင်းစဉ်နဲ့ အာဖဂန်နိုင်ငံထဲကို ကျူးကျော်သိမ်းပိုက်ပြီး ကတည်းက နိုင်ငံအနှံ့အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ယခုအချိန် အထိ အတောမသတ်သေးပါဘူး။ နိုင်ငံအလိုက် အကြမ်းဖက်ဖြစ်ပွားမှု အခြေအနေကိုပြတဲ့ ကမ္ဘာ့အကြမ်းဖက်မှုညွှန်းကိန်း Global Terrorism Index အရလည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကို အထူးရှေ့တန်းတင်တဲ့ အမေရိကန်ရဲ့ အထောက်အပံ့ရှိနေတာတောင် အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုအမြင့်ဆုံး ဖြစ်ကြောင်းကို ပြသနေပါတယ်။
အမေရိကန်တပ်တွေ ဆုတ်ခွာသွားပြီး နောက်ဆက်တွဲအနေနဲ့ ကမ္ဘာမှာအကြမ်းဖက်အန္တရာယ်တွေ ပြန်ပြီးခေါင်းထောင်လာလေ မလားဆိုပြီး မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့ သက်ရောက်မှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေအပါအဝင် ကမ္ဘာ့ပြည်သူ တွေရဲ့ စိုးရိမ်ရေမှတ်ဟာ ယခုအချိန်မှာ ပြန်လည်မြင့်တက်လျက် ရှိနေပါတယ်။
မတူကွဲပြားမှုမှ ဖြစ်တည်လာသော အကြမ်းဖက်သဘောသဘာဝ
ဒါကြောင့်လည်း အကြမ်းဖက်မှု terrorism နဲ့ အကြမ်းဖက်သမား terrorist ဆိုတဲ့အဓိပ္ပာယ်ရဲ့ သဘောသဘာဝကို အနည်းငယ် စောကြောလေ့လာကြည့်မိပါတယ်။ terrorism ဆိုတဲ့ ဝေါဟာရဟာ ၁၈ ရာစုနှောင်းပိုင်း ပြင်သစ်တော်လှန်ရေးမတိုင်ခင် ၁၇၉၄ ခုနှစ် ကတည်းက ပြင်သစ်ဒဿနိကပညာရှင်တစ်ဦးက စတင်သုံးစွဲခဲ့ပြီး လက်တင်ဝေါဟာရက ဆင်းသက်လာတာလို့ သိရပါတယ်။
အကြမ်းဖက်ခြင်းဆိုတဲ့အဓိပ္ပာယ်မှာကိုက terror, terrible “ကြောက်လန့်ခြင်း၊ အထိတ်တလန့်ဖြစ်ခြင်း၊ မျက်ဖြူဆိုက်ခြင်း” စတဲ့သဘောသဘာဝတွေ ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ ကြောက်ရွံ့ ထိတ်လန့်သွားအောင် ပြုမူလိုက်တဲ့ အပြုအမူတစ်ခု၊ ဝါဒတစ်ခုပါပဲ။ အဓိပ္ပာယ်ဖွင့်ဆိုပုံတွေကလည်း အမျိုးမျိုးပါ။ သမိုင်းမှာမတူကွဲပြားတဲ့ နိုင်ငံရေးမူဝါဒနဲ့ လက်ဝဲစွန်း၊ လက်ယာစွန်းကိုအခြေခံပြီး အကြမ်းဖက် ဝါဒတွေ ထွန်းကားလာခဲ့တယ်။ ဘာသာရေးယုံကြည်မှုကို အခြေခံ ဖြစ်တည်ခဲ့ကြတယ်။ အမျိုးသားရေးကို အခြေခံပြီး အမျိုးသားရေး အစွန်းရောက်တွေရဲ့ လက်ကိုင်မူဝါဒဖြစ်လာတယ်။
အချို့တော်လှန်ရေးသမားတွေရဲ့ အကြမ်းဖက်လုပ်နည်းကိုင်နည်း တွေ ဖြစ်လာတယ်။ တချို့အစိုးရတွေကိုယ်တိုင်ပင် အကြမ်းဖက်မူဝါဒကို ကိုင်စွဲသုံးစွဲကြတယ်လို့လည်း ဆိုပါတယ်။ အခြေခံအကြောင်းတရားနဲ့ ရည်ရွယ်ချက်အပေါ်မူတည်ပြီး ကိုယ်လိုရာဆွဲ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြ တဲ့အတွက် ၂၀၀၆ ခုနှစ်အထိကို အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ အဓိပ္ပာယ် ပေါင်း ၁၀၉ ခုကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုမှု ပိုင်းကို လွှမ်းခြုံလေ့လာလိုက်ရင် အားလုံးလက်ခံတဲ့ အစိတ်အပိုင်းတွေ က အပြစ်မဲ့သူတွေကို၊ လက်နက်မကိုင်ထားတဲ့သူတွေကို အဓိကပစ်မှတ် ထားကာ တည်ဆဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ဆန့်ကျင်ပြီး တရား မျှတမှုကင်းမဲ့စွာနဲ့ သတ်ဖြတ်တာ၊ ထိခိုက်ဒဏ်ရာရအောင် ကျူးလွန် တာ၊ အကျပ်ကိုင်ခြိမ်းခြောက်တာ စတဲ့ဘယ်လိုဥပဒေမဲ့ အပြုအမူမျိုး မဆို အကျုံးဝင်ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။
အကြောင်းတရားအမျိုးမျိုးနှင့် အစွန်းရောက်ခြင်းက အဓိကအရင်းခံ
အကြမ်းဖက်မှုတွေဟာ များသောအားဖြင့် သေသေချာချာကြိုတင် စီမံထားပြီးမှ လုပ်ဆောင်ကြတာများပါတယ်။ အင်အားသုံးပြီး နိုင်ငံ တစ်နိုင်ငံကို အနိုင်အထက်ပြုကျင့်မှုတွေအထိ ပါဝင်တယ်။ အကြောင်း တရားတွေကတော့ အမျိုးမျိုးပဲပေါ့။ နိုင်ငံရေး၊ ဝါဒရေး၊ အယူအဆ၊ ခံယူချက်ကွဲပြားမှု၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးမညီမျှမှုနဲ့ မူးယစ် ဆေးဝါး၊ စီးပွားရေးနဲ့ ဆင်းရဲချမ်းသာကွာဟမှု စသည်ဖြင့်အမျိုးမျိုး သော အကြောင်းရင်းတွေကို အခြေခံပါလိမ့်မယ်။
များသောအားဖြင့် မိမိလိုလားတဲ့နိုင်ငံရေးရည်မှန်းချက်တစ်ရပ် အတွက် အကြောက်တရားကို တရားမဲ့သွတ်သွင်းပြီး တိုက်ခိုက်လုပ်ကြံ သတ်ဖြတ်ကြတာတွေကို တွေ့ရပါမယ်။ အကြမ်းဖက်မှုဟာ နိုင်ငံရေး ကိုအခြေခံပြီး ဖြစ်တယ်ဆိုရင်လည်း နိုင်ငံရေးကို အမြတ်ထုတ်လိုတဲ့ နိုင်ငံရေးအစွန်းရောက်တွေကြောင့်ပဲ ဖြစ်ရတယ်ဆိုတာကို လေ့လာ တွေ့ရှိရပါတယ်။ အကြမ်းဖက်ဝါဒနဲ့ဖြစ်စဉ်တွေကို ကမ္ဘာက ပိုပြီး အာရုံစိုက်လာတာကတော့ ၁၉၇၀ ပြည့်နှစ်အလွန်ကာလတွေမှာပါ။ မြောက်ပိုင်း အိုင်ယာလန်အရေးအခင်းနဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခတွေကြောင့် အကြမ်းဖက်ဝါဒကို ကမ္ဘာက အာရုံပြုသွားစေပါ တယ်။
၂၀၀၁ ခုနှစ် အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက်က ကမ္ဘာ့ကုန်သွယ် ရေးစင်တာမျှော်စင်ကြီး တိုက်ခိုက်ခံရမှုကြီးဟာဖြင့် ကမ္ဘာကြီး တစ်ခုလုံးအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကြမ်းဖက်မှုတပ်လှန့် အချက်ပေးမှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ကမ္ဘာနဲ့အဝှမ်း ပူးပေါင်းကိုင်တွယ် ဖြေရှင်းရမယ်ဆိုတဲ့ အိုင်ဒီယာဟာလည်း ၉/၁၁ အကြမ်းဖက်ဖြစ်စဉ်ကြီးနဲ့အတူ စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ငြိမ်းချမ်းရေးကိုခြိမ်းခြောက်သော ကပ်ရောဂါကဲ့သို့ အကြမ်းဖက်ပြဿနာ
ကမ္ဘာရဲ့တစ်နေရာရာမှာ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်ဖြစ်စဉ် တွေရှိလာရင် နိုင်ငံတကာအကြမ်းဖက်ပြဿနာအဖြစ် ရောက်ရှိသွား တတ်ပြီး နိုင်ငံတကာက ဖြေရှင်းရမယ့်အဆင့်ကို ရောက်သွားနိုင်တယ် ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်။ အပြစ်မဲ့ပြည်သူတွေများစွာ သေကြကျေကြရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ကပ်ရောဂါတစ်ခု လိုပါပဲ။ ကမ္ဘာပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကို လေ့လာ လိုက်ရင် လုံခြုံရေး၊ ကာကွယ်ရေး၊ တန်ပြန်ရေးအစီအစဉ်တွေ ဘယ်လောက်ပဲကောင်းအောင် လုပ်ထားလုပ်ထား ပြီးပြည့်စုံပြီး ဘက်ပေါင်းစုံလွှမ်းခြုံစိတ်ချရတဲ့အခြေအနေတစ်ရပ်ကို ရာနှုန်းပြည့် ရောက်ရှိအောင် မလုပ်ထားနိုင်ကြပါဘူး။
အကြမ်းဖက်တိုက်ခိုက်နိုင်မှု စွမ်းပကား အနည်းငယ်လောက် လျော့နည်းသွားအောင်သာ တတ်နိုင်တာတွေ့ရပါလိမ့်မယ်။ နိုင်ငံ တစ်ခုမှာ ဖြစ်နေတဲ့အကြမ်းဖက်မှု ဖြစ်စဉ်တွေကို ထိထိရောက်ရောက် မကာကွယ် မဟန့်တားနိုင်ဘူးဆိုရင် အဲဒီအကြမ်းဖက်ပုံစံတွေဟာ နိုင်ငံတစ်ခုကနေ အခြားနိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုကနေတစ်ခုကို ကူးစက်ရောဂါတစ်ခုပမာ ပျံ့နှံ့သွားပြီး နိုင်ငံတည်ငြိမ်ရေး၊ ဒေသ လုံခြုံရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ထိခိုက်နိုင်တယ်ဆိုတာ ကမ္ဘာ့ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ သက်သေပြနေဆဲဖြစ်ပါတယ်။
နောက်ပြီး အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်တန်ပြန်ချေမှုန်းရေး စစ်ပွဲဆိုတာ သူတစ်ပြန် ကိုယ်တစ်ပြန် သံသရာလည်နေတာ ဘယ်တော့မှ ပြီးဆုံးနိုင်တာမရှိဘူး။ အမုန်းနာကြည်းချက် အာဃာတ နဲ့ ပဋိပက္ခတွေ မဖြေရှင်းနိုင်သရွေ့ အကြမ်းဖက်သံသရာဆိုတာ လည်နေတတ်တဲ့သဘောပါပဲ။ ယနေ့ခေတ် အချို့အကြမ်းဖက်မှုပုံစံ တွေဟာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် သလို ဖြစ်နေတာကိုလည်းတွေ့နေရတယ်။ ဒါဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် အကြမ်းဖက်ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ကိုယ့်ပြည်တွင်း အင်အားနဲ့သာမက ပြည်ပနိုင်ငံတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ဖြေရှင်းရ မှာတွေ ရှိလာနိုင်တယ်။
တချို့နယ်စပ်ဖြတ်ကျော်မှုခင်းတွေဟာ အကြမ်းဖက်တိုက်ခိုက် မှုတွေနဲ့ ဆက်စပ်နေသလို နိုင်ငံတွေရဲ့ ပြောင်းလဲလာတဲ့အမျိုးသား လုံခြုံရေးမဟာဗျူဟာနဲ့ ခံယူချက်တွေကြောင့် အကြမ်းဖက်ပြဿနာ ဖြေရှင်းရေးမှာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင် မယ်ဆိုတာလည်း အထင်အရှားရှိနေပါတယ်။ ကိုယ့်ဘေးပတ်ဝန်း ကျင်နဲ့ ဒေသတွင်းမှာ ကပ်ရောဂါပြဿနာတွေ၊ အငတ်ဘေးဒုက္ခတွေ၊ လူဦးရေပေါက်ကွဲမှုတွေ၊ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်း တွေ ဖြစ်လာပြီဆိုရင် ဒေသတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေရှိလာနိုင် တယ်ဆိုတာ အထူးသတိထားရမှာဖြစ်ပါတယ်။
အကြမ်းဖက်သမားရဲ့ နည်းဗျူဟာ သိထားရန်လို
အကြမ်းဖက်မှုဟာ ဘယ်မှာမဆို ပုံစံအမျိုးမျိုးနဲ့ ရှိလာနိုင်တယ် ဆိုတာ တွက်ထားရပါမယ်။ ယနေ့ခေတ်မှာ မဖြစ်နိုင်လောက်ဘူးဆိုတဲ့ လျှော့တွက်ရမယ့်အခြေအနေ တစ်ခုမှမရှိတော့ပါဘူး။ ကိုယ့်ပတ်ဝန်း ကျင်မှာ ဘယ်သူက အကြမ်းဖက်သမားလဲ မသိနိုင်ပါဘူး။ အကြမ်း ဖက်တိုက်ခိုက်ခံရမှုဟာ စာသင်ကျောင်းမှာလည်း ဖြစ်နိုင်တယ်။ ဘာသာရေးအခမ်းအနားမှာလည်း ဖြစ်နိုင်တယ်။ ကာကွယ်ဆေး ထိုးရင်း၊ ဆေးကုသရင်း၊ ပရဟိတလုပ်နေရင်းလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားမဆန်တဲ့အကြမ်းဖက်မှု ကျူးလွန်ပြီ ဆိုမှ အကြင်နာကင်းမဲ့လို့ ကျူးလွန်ကြတာပဲ ဖြစ်ပါတယ်။
အခြေအနေအချိန်အခါ အခွင့်အရေးကို အပိုင်ချောင်းပြီး လျှို့ဝှက် ကြံစည်နေတတ်တာဟာ အကြမ်းဖက်သမားတွေရဲ့ ဉာဉ်ပါပဲ။ အကြမ်းဖက်သမားရဲ့ ရည်ရွယ်ချက်ကိုက သူတို့ဟာ ဘက်မညီစစ်ပွဲ တစ်ခုကို ဆင်နွှဲနေကြောင်း ပြသလိုနေတာဖြစ်တယ်။ နောင်မှာ ယခု ထက်ပိုပြီး ထိခိုက်မှုတွေရှိလာနိုင်ကြောင်း၊ ဒါကြောင့် မိမိတို့လိုလား ချက်ကို ဖြည့်ဆည်းပေးရမှာဖြစ်ကြောင်း တောင်းဆိုပြီး ခြိမ်းခြောက် တဲ့လုပ်နည်းလုပ်ဟန်တွေကိုလည်း ပြသချင်နေတာဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ သူတို့ကို ပြည်တွင်းကရော ပြည်ပကပါ အာရုံစိုက် လာအောင် လုပ်တတ်ပါတယ်။ သူတို့ဟာ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်ပြပြီး အများကပါဝင်လာအောင် ဝါဒဖြန့်ကြတယ်။ တစ်ဖက် က အင်အားအလွန်အကျွံသုံး ဖြိုခွဲလာအောင်စောင့်ပြီး အများရဲ့ ကရုဏာသက်မှုရအောင် လှုံ့ဆော်မှုပြုတတ်ကြတယ်။ ဒါတွေဟာ သိရှိထားအပ်တဲ့ အကြမ်းဖက်သမားတွေရဲ့ နည်းဗျူဟာတွေပဲ ဖြစ်ပါတယ်။
ကျင့်ဝတ်ပျက်ပြားသော အကြမ်းဖက်မျိုးစုံကို
တော်လှန်ရေးဟူ၍ မသတ်မှတ်နိုင်ပါ
အကြမ်းဖက်မှုရဲ့ သားကောင်အဖြစ်ခံရတဲ့ အများစုက အပြစ်မဲ့ အရပ်သားတွေဖြစ်ပါတယ်။ အထိခိုက်ခံရဆုံးကတော့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေပါပဲ။ ကိုယ့်ရည်မှန်းချက်တစ်ခု အတွက် အဓိပ္ပာယ်မဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ရက်စက်လွန်း ရာကျပါတယ်။ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ အကြံပက်စက်မှု တွေဆိုရင်တော့ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့ ဘယ်လိုမှလက်ခံလို့ မရပါဘူး။ ယုတ်မာရိုင်းစိုင်းမှုတစ်ခုအဖြစ် မှတ်ယူ ကြပါတယ်။
အကြမ်းဖက်သမားဆိုတာ အမှောင်ထုကနေ ဝါဒမှိုင်းတိုက်ပြီး ရက်စက်ဖို့ ဝန်မလေးသူတွေ ဖြစ်ပါတယ်။ အဓမ္မအကျပ်ကိုင်တာ၊ ချောင်းမြောင်းလူသတ်တာ၊ အနိုင်ကျင့်တာ၊ ပြန်ပေးဆွဲ ဓားစာခံ လုပ်တာ၊ အဆောက်အအုံတွေကို ဗုံးခွဲဖျက်ဆီးတာ စတဲ့အပြုအမူတွေ ဟာ အကြမ်းဖက်ဝါဒီတွေ စွဲစွဲမြဲမြဲကျင့်သုံးတဲ့ တရားမဲ့အလုပ်တွေ
ပါပဲ။ ကမ္ဘာမှာ အသေခံဗုံးခွဲတာကအစ ပိုးမွှား၊ ဓာတုပစ္စည်း အဆိပ်တွေနဲ့ တိုက်ခိုက်တာအဆုံး၊ နောက်ဆုံး အဆင့်မြင့်အီလက်ထရွန်နစ်နဲ့ မီဒီယာကိုအသုံးချပြီး တိုက်ခိုက်နိုင်မှုတွေအထိ ရှိလာနေပြီဖြစ်ပါ
တယ်။ ဒါကိုပင် သူတို့က တော်လှန်ရေးအဖြစ် မဟုတ်တာကို အဟုတ် လုပ်ပြီး “ကလိမ်စေ့ငြမ်းစင်” တတ်ကြပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းက ချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေ ကို ဖောက်ဖျက်တဲ့ တော်လှန်ရေးတစ်ခုဟာ စစ်မှန်တဲ့တော်လှန်ရေးတစ်ခုအဖြစ် ဘယ်လိုမှ သတ်မှတ်လို့ မရနိုင်ဘူးဆိုတာ သိရှိထားရပါမယ်။
အရိပ်သဖွယ် အရှိန်ယူခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အန္တရာယ်
အမှန်တကယ်တော့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဟာ လူသား တွေရဲ့ လူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ငြိမ်းချမ်းရေးကို ဖျက်ဆီးရာ ကျပါတယ်။ ဘယ်သူမှလည်း အထိတ်တလန့် ကြောက်ကြောက်ရွံ့ရွံ့နဲ့ အကြမ်းဖက်သားကောင်အဖြစ် ခံချင်ကြမှာမဟုတ်ပါဘူး။ အကြမ်း ဖက်ဝါဒဟာ တစ်နေရာရာမှာ အခြေတည်မိပြီဆိုရင် ပပျောက်အောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ချိန်မှာ လျော့သွားတတ်ပေမယ့် တစ်ချိန်မှာ ပြန်မြင့်တက်လာတတ်ပြီး ငုပ်လိုက်ပေါ်လိုက်ဖြစ်နေတတ် တာမျိုးပါ။ အထူးသဖြင့် နိုင်ငံရေးနဲ့ ဝါဒရေးအခြေခံပြီး မိမိပတ်ဝန်းကျင် မှာ ရန်တိုက်သွေးခွဲသူတွေရှိနေသမျှ၊ ချိုကြွထောင်လွှားသူတွေရှိနေသမျှ မငြိမ်းချမ်းမှုတွေ ဆက်လက်ရှိနေတတ်တယ်ဆိုတာ အမြဲသတိရှိရပါ မယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံမှာအကြမ်းဖက်မှုကို မဖြေရှင်းနိုင်ရင် အကြမ်းဖက်မှုနဲ့ ပုံမှားရိုက်ရောင်တော်ပြန်လွှတ်တဲ့ ခိုးဆိုးလုယက် သတ်ဖြတ်မှုတွေလည်း ရှိလာတတ်တာမို့ တရားဥပဒေစိုးမိုးရေးအတွက် လည်း စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာမှာလည်း အကြမ်းဖက်မှုတွေရှိနေဆဲ ဖြစ်လို့ မြန်မာနိုင်ငံမှာလည်း အရိပ်သဖွယ် ခြိမ်းခြောက်အရှိန်ယူနေတဲ့ အကြမ်းဖက်ဖြစ်စဉ်တွေ ချုပ်ငြိမ်းသွားအောင် ရှိပြီးသားဥပဒေတွေကို အသက်သွင်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ နိုင်ငံ့စွမ်းအားအရင်း အမြစ်တွေကို ထိထိရောက်ရောက် အသုံးချသွားရမှာဖြစ်ပါ
တယ်။
ဒါ့ကြောင့်လည်း မိမိတို့နိုင်ငံမှာ မည်သို့သောအကြမ်းဖက်မှု ပုံစံမျိုးကိုမဆို ပြည်သူနဲ့အတူ လက်တွဲတားဆီးကာကွယ်ကြရ
ပါမယ်၊၊ နိုင်ငံတကာနဲ့လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရပါ
မယ်။ အကြမ်းဖက်မှုဖြစ်ပွားရခြင်းရဲ့ အခြေခံအကြောင်းတရားတွေ ကိုလည်း လေ့လာသုံးသပ်အဖြေရှာနိုင်ရပါမယ်။ သို့မှသာ မိမိနိုင်ငံသူ နိုင်ငံသားတွေရဲ့ဘက်စုံလုံခြုံမှုကို အပြည့်အဝတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် အားလုံးရင်ဆိုင် နေရတဲ့ အကြမ်းဖက်အန္တရာယ်တွေကို မျက်ခြည်မပြတ် အာရုံစိုက် စောင့်ကြည့်ကာကွယ် တိုက်ဖျက်သွားကြရမှာ ဖြစ်ပါကြောင်း စေတနာထား တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။
- Log in to post comments