
ရန်ကုန် ဖေဖော်ဝါရီ ၈
မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စတုတ္ထအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကျင်းပ သည်။
ဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဂျပန်သံရုံးနှင့် JICA မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်း ကိုင်များအသင်း၊ Myanmar Private Equity and Venture Capital Association၊ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ များနှင့် ရန်ကုန်စတော့အိတ်ချိန်းတို့မှ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲသဘာပတိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က စတော့ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စတော့ရှယ် ယာဈေးကွက်အတွင်းရှိနေသော စိန်ခေါ်မှုများ၊ အခက်အခဲ များကို ဖြေရှင်းပေးနိုင်ရန်စားပွဲဝိုင်းဆွေးနွေးပွဲကို သုံးလ တစ်ကြိမ် ကျင်းပခဲ့ရာ ယခုအကြိမ်သည် လေးကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ကြောင်း၊ တတိယအကြိမ် ဆွေးနွေးပွဲတွင် အစိုးရဌာနများ တင်ဒါခေါ်ယူသည့်အခါ စာရင်းဝင်ကုမ္ပဏီ များတွင် အရည်အချင်းကို ထည့်သွင်းစဉ်းစားရေးကိစ္စ၊ အစိုးရ၏ ပစ္စည်းဝယ်ယူမှုစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်း ထည့်သွင်းဖော်ပြရန်ကိစ္စ။
စာရင်းဝင်ကုမ္ပဏီများတွင် ဝင်ငွေခွန်လျှော့ပေါ့ပေးရေး ကိစ္စ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထည့်သွင်းသင့်သော မဟာဗျူဟာ ကိစ္စများကို ဆွေးနွေးခဲ့ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများပါဝင်ရင်းနှီး မြှုပ်နှံခွင့်ပြုရေးကိစ္စ၊ ငွေချေးသက်သေခံလက်မှတ်များ အရောင်းအဝယ်ပြုလုပ်ရာတွင် အခွန်ကောက်ခံမည့်နည်း စနစ်၊ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းမဝင်ရသေးသည့် အများပိုင်ကုမ္ပဏီများအတွက် Pre-listing Board တည်ထောင်ရန် ဆောင်ရွက်ထားမှုအခြေအနေနှင့် ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုချင်းစီက Key Perfor- mance Indicators များအပေါ် ဆောင်ရွက်ထားရှိမှုအခြေ အနေတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များ အပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သည့် အခါ တိုက်ရိုက်အကောင်အထည်ဖော်နိုင်သည့်ကိစ္စများရှိသလို ထပ်မံဆွေးနွေးရန်ရှိသည့် ကိစ္စများလည်းရှိနိုင် ကြောင်း၊ ယင်းတို့ကိုရေတိုရေရှည် အစီအမံများချမှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၆ ခုနှစ် မတ်လတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို စတင်ရောင်း ဝယ်ခဲ့ရာ ယခုအခါ စာရင်းဝင်ကုမ္ပဏီငါးခုတို့က ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီ ခြောက်ခုတို့မှတစ်ဆင့် နေ့စဉ် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ထပ်မံဝင်ရောက်လာမည့် စာရင်းဝင် ကုမ္ပဏီများအတွက် စံနှုန်းသတ်မှတ်ချက်များနှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်