
ဝါရှင်တန် နိုဝင်ဘာ ၃၀
ကမ္ဘာတစ်ဝန်း လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်နိုင်ငံရှိ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူအားလုံးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံသင့်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယမန်နေ့တွင် ပြောကြားသည်။
အာဖရိကတောင်ပိုင်းဒေသတွင် စတင်တွေ့ရှိခဲ့သည့် အိုမီခရွန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မဖြစ်မနေ လုပ်ဆောင်ကြရန် တောင်းဆိုခဲ့ပြီးနောက် အရွယ်ရောက်ပြီးသူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံသင့်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကူးစက်မှုအလွန်မြင့်မားကြောင်း ပြောကြားခဲ့သည့် အိုမီခရွန်ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် လက်ရှိတွင် ဂျာမနီ၊ ဟောင်ကောင်၊ တောင်အာဖရိကနှင့် ကနေဒါနိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသအများအပြား၌ ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ အရွယ်ရောက်ပြီးသူ စုစုပေါင်း၏ ၄၇ သန်းသည် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရသေးခြင်းမရှိသော ကြောင့် မကြာမီကာလအတွင်း ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားခဲ့သည်။
ကိုးကား-စီအင်န်အေ၊ ဘာသာပြန်-အလင်းသစ်