
နေပြည်တော် ဩဂုတ် ၂၄
နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် နိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေးဘဏ် ရှေ့ပြေးစီမံကိန်း (Pilot Project) မှ USAID ACDI / VOCA အကူအညီဖြင့် Cash-flow Based Financing Model အသုံးပြု၍ SMEs ချေးငွေထုတ်ချေးနိုင်ရန် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ချေးငွေဆိုင်ရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအား ယနေ့ မွန်းလွဲ ၂ နာရီက မြန်မာ့စီးပွားရေးဘဏ် မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ယခုဖွင့်လှစ်မည့် သင်တန်းတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် USAID တို့အကြား လက်မှတ်ရေးထိုး ခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) အရ USAID ACDI/VOCA မှ ကူညီပေးသည့် သင်တန်းအစီအစဉ် ဖြစ်ပါ ကြောင်း၊ နိုင်ငံပိုင် ကူးသန်းရောင်းဝယ်ရေးဘဏ် ရှေ့ပြေး စီမံကိန်း (Pilot Project) မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသို့ နှစ်တို ချေးငွေထုတ်ချေးမည့် လုပ်ငန်းစဉ်မှာ အထူးအရေးပါ ပါကြောင်း၊ ချေးငွေများထုတ်ချေးရာတွင် အပေါင်ပစ္စည်းကို အာမခံထား၍ သမားရိုးကျထုတ်ချေးသည့် နည်းလမ်းထက် SMEs လုပ်ငန်းရှင်များအား Business အခြေခံသည့် Cash-flow Based Financing Model အသုံးပြု၍ ချေးငွေ အမျိုးအစားသစ်များ ထုတ်ချေးနိုင်ရေးဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် USAID Acting Mission Director ဖြစ်သူ Ms. Pamela Fessenden က SMEs Credit Training ဖွင့်လှစ်သင်ကြားရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာ့ စီးပွားရေးဘဏ် (ရုံးချုပ်)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ပြည်နယ်/တိုင်းဒေသကြီး ရှစ်ခုတို့မှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စီးပွား ရေးဘဏ် နေပြည်တော်ဘဏ်ခွဲတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ စီမံဆောင်ရွက်ထားမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်