အသိပေး၊ သတိပေးခြင်းဖြင့် ကိုဗစ်ရောဂါ ကာကွယ်

အယ်ဒီတာ့အာဘော်

===========

 

အသိပေး၊ သတိပေးခြင်းဖြင့် ကိုဗစ်ရောဂါ ကာကွယ်

 

=============================

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ တစ်ဝန်း ပိုးတွေ့လူနာတွေ့ရှိမှု တဖြည်းဖြည်းကျဆင်းလာသည်ကိုတွေ့ရသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ပိုးတွေ့လူနာ ၃၁၀ ဦး ရှိသည်။ ပိုးတွေ့ရှိမှုများအနေဖြင့် ၄၀၀ ကျော်မှ ၃၀၀ ကျော်၊ ၂၀၀ ကျော်စသည်ဖြင့် တဖြည်းဖြည်း အကျဘက်သို့ ဦးတည်လာနေခြင်းဖြစ် သည်။

ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လာမှု ကြောင့် အရေးပေါ်အခြေအနေကြေညာခြင်း၊ အသွားအလာကန့်သတ်မှုများ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်နေရချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပိုးကူး စက်မှု ကျဆင်းလာသည်မှာ ဝမ်းသာစရာပင်။ တစ်နည်းအားဖြင့် မိမိတို့ ပြည်သူများ သတ်မှတ်စည်းကမ်းများကို လိုက်နာမှုကြောင့်ပင်ဖြစ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး စီမံချက်ကို အကောင်အထည်ဖော် နေသလို တစ်ဦးနှင့်တစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းမိသားစုစီမံချက်ကို လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည်မှ ယနေ့အထိ ပြောင်းလဲမသွား သေးသော ကာကွယ်ရေးနည်းလမ်းများမှာ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ပါ၊ ခပ်ခွာခွာနေပါ၊ လက်ဆေးပါ စသည့်နည်းလမ်းများသည် အကောင်းဆုံးနည်း လမ်းများပင်ဖြစ်သည်။ ထိုနည်းလမ်းများထဲမှ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းနည်းလမ်းသည် အထိရောက်ဆုံးနှင့် ပြည်သူများကလည်း အလေးထား လိုက်နာကြသည်။ ထိုနည်းလမ်းအပြင် ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် တစ်ဦးနှင့်တစ်ဦး အသိ ပေး၊ သတိပေးပြောကြားရမည့် အချက်ရှစ်ချက်ကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးထားသည်။

ထိုအချက်များအနေဖြင့် ရောဂါပိုးရှိ၊ မရှိ အမြင်ဖြင့်မသိနိုင်ခြင်း၊ ကိုဗစ်- ၁၉ရောဂါပိုး အဓိကပျံ့နှံ့ကူးစက်ပုံ၊ ကိုဗစ်-၁၉ ရောဂါအလွယ်တကူ ကူးစက်စေသောအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ပြင်းထန်စွာ ခံစားရနိုင် သူများ၊ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာခံစားရပုံ၊ ကိုဗစ်-၁၉ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်နိုင်ရန် နှင့် ကာကွယ်ရေးနည်းလမ်းများကို လူတိုင်း မိသားစုတိုင်း ပါဝင်ဆောင်ရွက် ရန်တို့ဖြစ်သည်။

အထက်ပါနည်းလမ်းများကိုလေ့လာသိရှိထားကာ မိသားစုအဆင့် မှစတင်ကာ မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကို သတင်းစကားအနေဖြင့် အသိပေး၊ သတိပေးနေ ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် တစ်ဦးချင်းမှသည် အမျိုးသားရေးအသွင်ဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံးလိုက်နာရေး ဆောင်ရွက် မှသာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများ ဆက်လက်ကျဆင်းမည်ဖြစ်သည်။

ယခုကဲ့သို့ ရောဂါကူးစက်မှုများ ဆက်တိုက်ကျဆင်းနေသည့်အချိန် တွင် မိမိတို့ပြည်သူများအနေဖြင့် ရောဂါကူးစက်မှု ကျဆင်းနေပြီဆိုပြီး ပေါ့မသွားဖို့လိုသည်။ လက်ရှိအခြေအနေတွင် တစ်ဖက်က ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းကျဆင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် နေသလို တစ်ဖက်ကလည်း ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါက လူ့အသက်ပေါင်းများစွာကို နုတ်ယူသွားသလို တစ်ယောက်နှင့်တစ်ယောက်ကိုလည်း ခပ်ခွာခွာ၊ ခပ်စိမ်းစိမ်းဖြစ်စေသည်။ မည်သို့ပင်နှလုံးသားချင်းနီးအောင်နေသော်လည်း နေထိုင်မှုပုံစံသစ်က မနီးနိုင်တော့၊ နေ့စဉ်ဘဝ သွားလာလုပ်ကိုင် နေထိုင်မှုပုံစံများတွင် ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မပြတ်သတိပေး၊ အသိပေးခြင်းဖြင့်သာ ယှဉ်တွဲနေထိုင်ကြဖို့ လိုအပ်သည်။ သို့မှသာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးမှ အမြန်ဆုံးလွတ်မြောက်ပြီး မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါ သည်။ ။