မြန်မာနိုင်ငံ ကိုဗစ်-၁၉ တတိယလှိုင်းတွင် မြို့နယ်အချို့ကို Stay at Home ချမှတ်ခဲ့ရပြီး ယနေ့ထိတိုင်လည်း Stay at Home မြို့နယ်များ လိုအပ်သလို သတ်မှတ်နေရဆဲဖြစ်သည်။ Stay at Home ခေါ် အိမ်မှာ သာနေရသည့် အစီအစဉ်ကို ချမှတ်ရခြင်းမှာ ပြင်ပအသွားအလာများ လျော့ကျသွားစေရန်အတွက် ကန့်သတ်ထိန်းချုပ်ခြင်းဖြစ်သည်။ ရရှိ လာမည့် အကျိုးရလဒ်မှာ လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုလျှော့ချနိုင် ကာ ရောဂါကူးစက်ပျံ့နှံ့မှုလမ်းကြောင်းများ ပြတ်တောက်သွားခြင်း ဖြင့် ရောဂါကူးစက်မှုမြင့်တက်နေသည့်အခြေအနေကို တားဆီးနိုင် ခြင်းပင်ဖြစ်သည်။ လူဦးရေထူထပ်သော မြို့ကြီးများတွင် အများ ပြည်သူရုံးပိတ်ရက်ရှည် သတ်မှတ်ခြင်းနှင့် အိမ်မှာသာနေရမည့် အစီ အစဉ်ချမှတ်ခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ကပ်ရောဂါကူးစက် ပျံ့နှံ့မှု သိသိသာသာလျော့ကျသွားခဲ့သည်ကို တွေ့ရသည်။
အများသိပြီး ဖြစ်ကြသည့်အတိုင်း ကိုဗစ်-၁၉ တတိယလှိုင်းသည် ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇပြောင်းလဲခြင်းနှင့်အတူ ပို၍ကူးစက်မြန်သော၊ များသော၊ ပြင်းထန်သော ကပ်ရောဂါအဖြစ်သို့ ပြောင်းလဲသွားပြီး ကာကွယ်မှု၊ ထိန်းချုပ်မှု၊ ကုသမှုအားလုံးတို့တွင် အခက်အခဲများစွာ နှင့် ရင်ဆိုင်ခဲ့ကြရသည်။ ရောဂါဓာတ်ခွဲအတည်ပြုလူနာများ အများ အပြား တစ်ဟုန်ထိုးတက်သွားသလို ဆေးရုံများ၊ ကုသရေးစင်တာ များ၊ ရောဂါစောင့်ကြည့်စင်တာများ ပြည့်လျှံသွားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာဝန်၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းလုပ်အားပေး များ၊ ဆေးနှင့်ဆေးဘက်ဆိုင်ရာ စက်ကိရိယာများ၊ အောက်ဆီဂျင် လိုအပ်ချက်များလည်း ရုတ်တရက် မဖြည့်ဆည်းနိုင်အောင် မြင့်တက် သွားခဲ့သည်။ ရောဂါပြင်းထန်မှုနှင့်အတူ သေဆုံးမှုနှုန်းလည်း ရုတ်တရက် မြင့်မားသွားခဲ့ရာ နေ့ရောညပါ သင်္ဂြိုဟ်ရသည့် အခြေ အနေအထိ ဖြစ်ပေါ်ခဲ့ရသည်။
လက်ရှိအခြေအနေတွင် ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျလာ နေသော်လည်း ဒေသအချို့တွင် တန်းနေခြင်းနှင့် အချို့တွင် အတက် ဘက်သို့ ပြနေခြင်းတို့ရှိနေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဘက်သို့ ရောက်လာပြီဟု ဆိုသော်ငြားလည်း ကူးစက်ပြန့်ပွားမှု မြင့်တက်နေသည့် ဒေသများအားလုံးပါကျဆင်းလာမှသာ ထိန်းချုပ် နိုင်ပြီဟု ဆိုနိုင်မှာဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကာလ ရုံးပိတ်ရက်ရှည်နောက်ပိုင်း တတိယပတ်တွင် လူများ လမ်းပေါ် တွင် ပြန်တွေ့လာရကြောင်း၊ နိုင်ငံတကာတွင်လည်း ယင်းကဲ့သို့ပင် ဖြစ်ကြောင်း၊ Stay at Home အနေကြာလာသည်နှင့်အမျှ လူများက လမ်းပေါ်ပြန်ထွက်ချင်ကြကြောင်း၊ အခြေအနေမှာ စိတ်မချရသေး ကြောင်း၊ ကူးစက်မှုများ ရှိနေသေးပြီး အကြွင်းအကျန်မှ ပြန်၍ ပွားနိုင်ကြောင်း ကျန်းမာရေးပညာရှင်တစ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးအစီအစဉ်တစ်ခုတွင် ပြောကြား ခဲ့ရာ သတိပြုလိုက်နာကြရန် လိုအပ်သည်။
အထက်တွင်ဆိုခဲ့ပြီး ဖြစ်သည့်အတိုင်း Stay at Home ချမှတ် ခြင်းသည် ရောဂါကူးစက်မှုလမ်းကြောင်းများကို ပြတ်တောက်သွား စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့်လည်း အတိုင်း အတာတစ်ခုအတွင်းမှာသာ ဖြစ်သည့်အလျောက် အားလုံးက လိုက်နာဆောင်ရွက်ပေးခြင်းအားဖြင့် ကပ်ရောဂါကူးစက်မှု မြန်မြန် ဆန်ဆန် ရပ်တန့်သွားမှာဖြစ်သည်။ ဤနေရာတွင် သာဓကအားဖြင့် ကမ္ဘာပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံကြီး တစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည် တစ်ဦးချင်း လွတ်လပ် မှုကို ဦးစားပေးခြင်းနှင့်အတူ ကမ္ဘာပေါ်တွင် ဓာတ်ခွဲအတည်ပြုလူနာ အများဆုံး၊ သေဆုံးသူအများဆုံးဖြင့် နံပါတ်(၁)နေရာ ရောက်နေ ခြင်းကို တွေ့မြင်နိုင်သည်။ အဘက်ဘက်မှ အားနည်းသည့် မိမိတို့ နိုင်ငံအနေဖြင့်မူ လူတစ်ဦးချင်းဆီက စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြကာ မိမိကိုယ်ကိုယ် ကာကွယ်ခြင်းနှင့်အတူ မိမိ၏ မိသားစုနှင့် မိမိ၏ပတ်ဝန်းကျင်ကို ကာကွယ်မှုပေးနိုင်ကြရန် လိုအပ်သည်။ မဖြစ်မီက ကာကွယ်ခြင်းသည် ဖြစ်ပြီးမှ ကုသခြင်းထက် ပို၍သေချာ၊ ပို၍ ကောင်းသည်ဟု ဆိုရပါမည်။
Stay at Home စည်းမျဉ်း စည်းကမ်းများနှင့်အညီ မလိုအပ် ဘဲ အပြင်မထွက်ခြင်း၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှာခေါင်း စည်းကို စနစ်တကျ တပ်ဆင်ခြင်း၊ လူစုလူဝေးကို ရှောင်ခြင်း၊ လက် ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှနေထိုင်ဆက်ဆံခြင်းတို့ဖြင့် မမြင်နိုင်သော်လည်း အန္တရာယ်ကြီးမားလှသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ လွတ်မြောက် အောင် ရှောင်ရှားနိုင်ကြပါစေဟု အကျိုးမျှော်ကာ နှိုးဆော်အပ်ပါ ကြောင်း။ ။