လူတို့ အသက်ရှင်ရေးအတွက် သွေးသည် မရှိမဖြစ် လိုအပ် သည်။ သွေးသည် အသက်ဟု အဆိုရှိသည်နှင့်အညီ ထိခိုက် ဒဏ်ရာရှိခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကလေးမွေးဖွားခြင်း၊ နာတာ ရှည်ရောဂါတစ်ခုခုကြောင့် သွေးပုံမှန်သွင်းရန် လိုအပ်ခြင်း အစရှိသည့် အရေးပေါ်သွေးလိုအပ်နေသူများအတွက် လုံခြုံ စိတ်ချရသည့်သွေး ရရှိရန် လွန်စွာအရေးကြီးသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် ဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့ဟု သတ်မှတ် ဂုဏ်ပြုကျင်းပလျက်ရှိသည်။
မိမိတို့ နိုင်ငံအပါအဝင် ကမ္ဘာတစ်ခွင်လုံးတွင် သန့်စင်သည့် သွေးလိုအပ်နေသူ ပမာဏက များနေပြီး သွေးရရှိနိုင်မှုမှာ နည်းပါးလျက်ရှိနေသည်။ သွေးလိုအပ်နေသူအတွက် သွေးလှူ ခြင်းသည် အသက်ကယ်ခြင်းဖြစ်ပြီး ဇီဝိတဒါနဖြစ်သည်။ သို့ဖြစ်ရာ သွေးလှူရှင်တစ်ယောက်၏ ပြည့်စုံရမည့်အချက်များ ဖြစ်သော အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိသူ၊ အမျိုးသား ကိုယ်အလေးချိန်ပေါင် ၁၁၀ အထက်၊ အမျိုးသမီးကိုယ်အလေး ချိန်ပေါင် ၁၀၀ အထက်ရှိသူ၊ သွေးမလှူခင် အိပ်ရေးဝစွာ အိပ် စက်ထားသူ၊ အရက်သောက်သုံးခြင်း၊ လတ်တလော ဓမ္မတာ လာခြင်း မရှိသူ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်မဟုတ်သူ၊ လတ်တလော ရောဂါဝေဒနာမရှိသူ၊ လွန်ခဲ့သော (၆) လ အတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက် ကုထုံးခံယူထားခြင်းမရှိသူများအနေဖြင့် မိမိတို့၏ သန့်စင် သောသွေးကို လိုအပ်နေသူများအတွက် ပေးလှူကြရန် တိုက်တွန်းလိုသည်။
သွေးလှူသူများကို အမျိုးအစားအားဖြင့် (၃)မျိုးခွဲခြား နိုင်ရာ (၁) မိသားစုဝင် / မိတ်ဆွေ သွေးလှူရှင်များ၊ (၂) အခကြေးငွေယူ၍ သွေးလှူသူ/သွေးရောင်းသူများနှင့် (၃) စေတနာအလျောက် အခမဲ့သွေးလှူရှင်များဟူ၍ ဖြစ်သည်။ စေတနာသွေးလှူရှင်များသည် ပုံမှန်သွေးလှူရှင်များဖြစ်ကြပြီး ကျန်းမာရေးနှင့် သွေးကို ပုံမှန်စစ်ဆေးမှု ခံယူနေကြရသူများ ဖြစ်ရာ ဘေးကင်းလုံခြုံသော၊ သန့်စင်သောသွေးကို ၎င်းတို့ ထံမှသာ အဓိကရရှိနိုင်သည်။ သို့ဖြစ်သည့်အလျောက် ကမ္ဘာ့ သွေးလှူရှင်များနေ့ကို ကျင်းပကြရာတွင် ကမ္ဘာတစ်ဝန်းရှိ သွေးလှူရှင်များကို ဂုဏ်ပြုရန်နှင့် မိမိတို့၏ စေတနာ အလျောက် (အခမဲ့) ပုံမှန်သွေးလှူဒါန်းမှုများ လိုအပ်နေသည်ကို ပြည်သူလူထုထံ အသိပေးလှုံ့ဆော်ရန်၊ သွေးသွင်းကုသရမည့် အချိန်တွင် လူတိုင်းလက်လှမ်းမီ၊ အချိန်နှင့်တစ်ပြေးညီ ဘေးကင်းလုံခြုံစွာ သွေးသွင်းကုသနိုင်ကြရန်နှင့် သွေးအလုံ အလောက်ရှိစေရန်အတွက် တစ်နှစ်ပတ်လုံး ပုံမှန်သွေး လှူဒါန်းကြရန် လိုအပ်ကြောင်း အသိပေးနိုင်ရန်၊ အခမဲ့ စေတနာသွေးလှူဒါန်းခြင်း၏ တန်ဖိုးကို အသိအမှတ်ပြုခြင်း၊ အားပေးမြှင့်တင်ခြင်းဖြင့် လူထုအသိုက်အဝန်းများအတွင်း စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းမှုတို့ ပိုမိုအားကောင်းလာစေရန်၊ ရေရှည်တည်တံ့သော နိုင်ငံအဆင့် သွေးလှူစနစ် တည်ထောင် နိုင်ရေးအတွက် အစိုးရပိုင်းက ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် အခမဲ့ စေတနာသွေးလှူရှင်များ ပိုမိုများပြားလာစေရေး တိုက်တွန်း နှိုးဆော်နိုင်ရန်အတွက် ဦးတည်ချက်များ ချမှတ်ထားသည်။
သွေးသည် ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းတွင် မရှိမဖြစ်သော၊ တုပဖန်တီးပြုလုပ်၍ မရသောအရာဖြစ် သည်။ စေတနာသွေးလှူရှင် လှူဒါန်းလိုက်သော ၄၅၀ မီလီ လီတာ (ရေသန့်ဘူးတစ်ဝက်ခန့်) ပမာဏရှိသော သွေးတစ် ပုလင်းက လူနာသုံးဦးကို ကယ်တင်နိုင်သည်။ သွေးလှူရှင် အဖို့လည်း အသည်း၊ အဆုတ်၊ အူမကြီး၊ အစာအိမ်၊ လည်ချောင်း စသည့်ကင်ဆာများဖြစ်နိုင်ခြေလျော့ပါးစေပြီး ရုတ်တရက် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကိုလည်း လျော့ကျစေသည့်အပြင် အခြားသော ကျန်းမာရေးကောင်းကျိုး များစွာကိုလည်း ရရှိစေနိုင်ကြောင်း သုတေသနပြု တွေ့ရှိ ထားသည်။ ခွဲစိတ်ကုသမှုများ၊ အရေးပေါ်ထိခိုက်မှုများ၊ ကင်ဆာရောဂါရှင်များ၊ သွေးကင်ဆာရောဂါရှင်များ၊ သွေး အားနည်းရောဂါရှင်များ စသည်တို့ကို သွေးသွင်းကုသပေးနိုင် ရန်အတွက် သွေးမှာ အမြဲတမ်းလိုအပ်လျက်ရှိသည်။ လူနာများ သွေးလိုအပ်ချိန်တွင် အချိန်မဆိုင်းထုတ်ပေးနိုင်ရန်အတွက် သွေးလှူဘဏ်များတွင် စေတနာသွေးလှူရှင်များ လှူဒါန်း သည့် သန့်ရှင်းလုံခြုံစိတ်ချရသောသွေးများ လိုအပ်လျက်ရှိ ရာ ပုံမှန်သွေးလှူဒါန်းနိုင်ကြစေရေးနှင့် ဆန္ဒအလျောက် လှူဒါန်းကြသည့် စေတနာသွေးလှူရှင်များ ပိုမိုတိုးပွားလာစေ ရေးတို့အတွက် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။