
နေပြည်တော် နိုဝင်ဘာ ၁၈
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်နှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာ တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။
အဆိုပါသဝဏ်လွှာအပြည့်အစုံမှာ -
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ
ပါတိုင်း တဲ့ချို ဟွန်ဆင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများ၏ကိုယ်စား မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထပ်မံ အောင်မြင်မှုရရှိခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆိုပါ အောင်မြင်မှုရလဒ်သည် အဆွေတော်၏ ဦးဆောင်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှန်ကန်သောမူဝါဒအပေါ် ပြည်သူများ၏ ယုံကြည်မှုနှင့် ထောက်ခံ မှုတို့ကို ထင်ဟပ်ပြသလျက်ရှိပါကြောင်း။
အဆွေတော်၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ သိသာထင်ရှားစွာ တိုးတက်မှု ရရှိလျက်ရှိပါကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်သက်တမ်းကာလတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖော်ဆောင်ပေးမည့် ဒီမိုကရေစီစံနှုန်းများအား ဆက်လက်မြှင့်တင်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ရှိရင်းစွဲ ကောင်းမွန်သည့်ဆက်ဆံရေးနှင့် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံပြည်သူများနှင့် အာဆီယံအသိုက်အဝန်း၏ ဘုံအကျိုးစီးပွား အတွက် အဆွေတော်နှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
အဆွေတော် ကျန်းမာရွှင်လန်းစေရန်နှင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်
မစ္စစ် ရှိတ်ဟာဆီနာ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေအများစုရရှိခဲ့ခြင်းကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် အနှစ်သာရပြည့်ဝသော ဒီမိုကရေစီဖော်ဆောင်သွားရန်နှင့် မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးရန် အခြေအနေတစ်ရပ်ကို ပိုမိုအားဖြည့်ပေးရာရောက်စေကြောင်း။
“နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုရှိရေးနှင့် မည်သည့်နိုင်ငံနှင့်မျှ မလိုမုန်းထားမှုမထားရှိရေး”ဟူသော နိုင်ငံ ခြားရေးမူဝါဒကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျင့်သုံးလျက် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ သာယာဝပြောမှုနှင့် အပြန်အလှန်နားလည်မှုတို့အတွက် ဘင်္ဂလား ဒေ့ရှ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုအတွက် မြန်မာနိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းဖော်ပြထားသည်။