အတိတ်သမိုင်းက ဆိုးမွေကို မျက်မှောက်သမိုင်းတွင် မပါစေလို

Type

(ယမန်နေ့မှ အဆက်) 

 


ထိုအချိန်ကာလက ရဲဘော်ဖြူများသည် ကျောက် ပန်းတောင်း၊ ညောင်ဦး၊ တောင်သာ၊ မိတ္ထီလာတစ်ခွင် စိုးမိုးထားသည့် အချိန်လည်း ဖြစ်သည်။ ရဲဘော်ဖြူ များသည်   ပုပ္ပားတောင်ကိုပါ  သိမ်းထားသည်။ ထိုစဉ်က  ပုပ္ပားတောင်   ပြန်လည်သိမ်းယူရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်နှင့် ပုပ္ပားတောင်ကလပ်ပေါ် တက်ရင်း   တွေ့ကြုံခဲ့ရပုံကို ဖတ်ရှုရသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ 

 


ပုပ္ပားတောင်ကလပ်ပေါ်တွင် လေကတဝူးဝူး၊ တောင်ကလပ်ပေါ်က  စေတီလေးတစ်ဆူရှိနေ သည်။ စေတီကို လက်ယာရစ်ပတ်နိုင်လျှင် မိခင်၏ နို့တစ်လုံးဖိုး ကျေသည်ဟု ဆိုကြသည်။ ရဲဘော်များ က စာရေးသူတို့ပတ်နိုင်မလား သိချင်စိတ်များနေ သည်။ မိခင်ကျေးဇူး နို့တစ်လုံးကျေမည်ဆိုသည့် အတွက် ကိုယ်တိုင်ကလည်း စေတီကိုပတ်တာနှင့် ကျေသည်ဆိုသည့် ယုံကြည်မှုရှိနေသည်။ စာရေးသူ ခြောက်တန်းနှစ်ကပင် ရှေ့ဆင့်နောက်ဆင့် ဆုံးပါး သွားကြသည့် မိဘနှစ်ပါးဂုဏ်ကျေးဇူးကို ရည်မှန်း ကာ ပတ်ချင်သည့်စိတ်က   ကြီးစိုးနေသည်။ ချောက်ကြီးနှင့် လေကတဝူးဝူးတိုက်နေသည့်အပြင် ပတ်လျှောက်ရန်  ခြေတစ်ဖဝါးတစ်လွှာစာသာ ရှိနေသည်။ သို့သော် စေတီလေးကို အားပြုဖက်ပြီး ပတ်ခဲ့သည်။ အမိ၊ အဖ ကျေးဇူးကို ရည်မှန်း၍၊ အဓိဋ္ဌာန်ပြု၍ လက်ယာရစ်တစ်ပတ်  ပတ်နိုင်ခဲ့သည် ကို ဖတ်ရှုရသည်မှာ စာရေးသူ၏ မိဘအပေါ် တန်ဖိုး ထားချစ်ခင်စိတ်ကိုပါ သိမြင်ခံစားရသည်။

 


“မ” သုံးလုံး နယ်မြေများ တပ်မတော်က စိုးမိုးထား

 


စာအုပ်တွင် စာရေးသူသည် တာဝန်များဖြင့် ဟိုမှသည် သည်မှဟို   အလီလီပြောင်းရွှေ့ထမ်း ဆောင်နေရသည်ကို လေ့လာဖတ်ရှုရသည်။ “မ” သုံးလုံးဒေသတွင် ဗကပဗဟို၏ အချက်အချာကျ သည့်နေရာများကို  တပ်မတော်က တိုက်ခိုက်မှု များကြောင့် ဗကပတို့သည် ပဲခူရိုးမသို့ အခြေခံရန် ဖြစ်လာတော့သည်။ “မ” သုံးလုံး နယ်မြေများရှိ ကျေးရွာများကိုပါ   တပ်မတော်က စိုးမိုးထား နိုင်သည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် တခြား တပ်ရင်းများသို့  စစ်ဆင်ရေးနယ်မြေအား လွှဲအပ် ခဲ့ပြီး တရုတ်ကူမင်တန်တပ်များကို တိုက်ခိုက်ရမည့် အထူးစစ်ဆင်ရေးအတွက် စာရေးသူတို့ တပ်ရင်း တစ်ခုလုံး တောင်ကြီးမြို့သို့  ပြောင်းရွှေ့ခဲ့ကြရ ကြောင်း ဖော်ပြထားသည်။

 


တောင်ကြီးမြို့သို့ရောက်ရှိသည့်အခါ  ကျိုင်းခမ်း ရှမ်းရွာများရှိသည့်    ဒေသသို့      ထပ်မံပြောင်းရွှေ့ ခဲ့ရသည်။ တာဝန်နှင့် တိုက်ရမည့် ရန်သူများသည် တရုတ်ဖြူများပင်။   ထိုအချိန်က   တရုတ်ပြည်မကြီး တွင်ကွန်မြူနစ်မော်စီတုံး ပြည်သူ့တပ်များ ပေါ်လာပြီး   တရုတ်ဖြူ      ကူမင်တန်တပ်များနှင့်    နင်လားငါလား   တိုက်ကြသည်။     တရုတ်ပြည်     ကွန်မြူနစ်ပါတီတပ် များသည် လူထု၏ ထောက်ခံမှုကြောင့် တရုတ်ဖြူ တပ်များ တရုတ်ပြည်မကြီးတွင် မရပ်တည်နိုင်ဘဲ    ချန်ကေရှိတ်  စစ်သူကြီး ဦးဆောင်ကာ တရုတ်ပြည် ဖော်မိုဆာကျွန်းကြီးသို့  ထွက်ပြေးတိမ်းရှောင်ကြ သည်။ 

 


တရုတ်ဖြူတို့၏ ရေရှည်စီမံချက်အရ တစ်နေ့ တရုတ်ပြည်မကြီးအား ပြန်တိုက်ရန် မြန်မာနိုင်ငံတွင် တတ်နိုင်သမျှ ခြေကုပ်ယူရန်ဖြစ်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်တစ်ခွင်တွင်  လှုပ်ရှားစည်းရုံးကာ စီးပွားရေးပါ လုပ်ဆောင်နေသည်။ ထိုအချိန်က ဖဆပလအစိုးရက တပ်မတော်ကို တရုတ်ဖြူများ တိုက်ထုတ်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး ကို တာဝန်ပေးသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံးက တရုတ်ဖြူတပ်များ ရှမ်းပြည်တစ်ခွင် ဝင်ရောက် သောင်းကျန်းလာမှုကို မောင်းထုတ်ရန် စာရေးသူ (ဗိုလ်မှူးချုပ်သန်းတင်)တို့ အပါအဝင်  တပ်ရင်း သုံးရင်းကို တာဝန်ပေးခဲ့ကြောင်း     သိရှိရသည်။ ထို့အတွက် နဂါးနိုင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့အတူ ရန်ကြီးအောင်စစ်ဆင်ရေးဖြင့် တရုတ်ဖြူ များကို တိုက်ခိုက်ခဲ့သည်။

 


ဤကဲ့သို့ တရုတ်ဖြူများကို မြန်မာ့မြေပေါ်မှ တိုက်ခိုက်နှင်ထုတ်သည့် စစ်ဆင်ရေးတွင် စိတ်ရော ကိုယ်ပါနှစ်မြှုပ်၍      ပါဝင်ထမ်းဆောင်ခဲ့ပုံမှာ တပ်မတော်သားတစ်ဦး၏ နိုင်ငံချစ်စိတ်ကို ပေါ်လွင် စေသည်။ ဗိုလ်မှူးချုပ်သန်းတင်သည် ရာထူးတာဝန် အဆင့်ဆင့်ဖြင့်  နိုင်ငံအတွင်း  လှည့်လည်ထမ်း ဆောင်ရင်း ရောက်ရှိသည့်နေရာတိုင်းတွင် သောင်း ကျန်းသူများကို တိုက်ခိုက်သည့် အဖြစ်အပျက်များကို ဖတ်ရှုလေ့လာရသည်မှာ စိတ်ဝင်စားဖွယ် ကောင်း သည်။

 


ရောင်စုံသောင်းကျန်းသူများ အထိနာခဲ့သည့်တိုက်ပွဲများ

 


အဘယ်ကြောင့်ဆိုသော် ဗိုလ်မှူးချုပ်သန်းတင် ပါဝင်တွေ့ကြုံခဲ့သည့် သိန္နီတံတားတိုက်ပွဲ၊ ပန်ကျုံး တိုက်ပွဲတို့သည်     ရောင်စုံသောင်းကျန်းသူများ အထိနာခဲ့သည့်တိုက်ပွဲများ    ဖြစ်သောကြောင့်ပင်။ စစ်သမိုင်း၊ စစ်ဥပဒေများ၌ တိုက်ပွဲတစ်ပွဲ ရှုံးလင့် ကစား စစ်ပွဲကြီးအား မထိခိုက်နိုင်သလို ဤစစ်ပွဲမျိုး ဆုံးရှုံးလိုက်ရသည့်အတွက် စစ်ဆင်ရေးကြီးတစ်ခု လုံး အထိနာဆုံးရှုံးသွားနိုင်သည်ဟု ဖော်ပြထား သည်။ စစ်ဥပဒေများအရ ပန်ကျုံးတိုက်ပွဲကြောင့် ဗကပအဝေးရောက်    ဗမာပြည်ကွန်မြူနစ်ပါတီ အတွက် စစ်ရေးပြလှုပ်ရှားပြသမှု  ဆုံးရှုံးသဖြင့် ဗကပတို့ စစ်စတင်ရှုံးခြင်းပင်ဖြစ်သည်။ 

 


ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုခွဲစခန်းအား တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူးချုပ် သန်းတင်၏  အတွေ့အကြုံမှာလည်း   စာဖတ် ပရိသတ်ကို စိတ်လှုပ်ရှားစေသည်။ ဗဟိုခွဲစခန်းရှိရာ တောသည် အင်ကြင်းပင်များနှင့် အင်ကြင်းကျောက် များ ပေါများလှသည်။ ထို့ကြောင့်ပင် အင်တော ကျောက်ဂူဟု     အမည်တွင်နေခြင်းဖြစ်ပေမည်။ အတွင်းပိုင်း ရောက်လေလေ တောကထူလေလေဖြစ် သလို တောင်ကုန်းများကလည်း မြင့်မားလာသည်။ တစ်တောင်ဆင်းတစ်တောင်တက်ဖြင့်     ပင်ပင် ပန်းပန်း စစ်ချီခဲ့ရပုံဖြင့် စာဖတ်သူကို ဆွဲဆောင် ထားသည်။

 


ထိုကဲ့သို့ တောကြီးတောင်ကြီးကြားက ဗကပ ဗဟိုခွဲ အင်တောကျောက်ဂူဒေသအား စမ်းတဝါးဝါး နှင့် စစ်ဆင်ရေးပြုလုပ်ပါက အင်တောကျောက်ဂူ ၏ ခွင်အတွင်းမှ တခြားခွင်တစ်ခုသို့ ပြောင်းရွှေ့ သွားနိုင်သည်။ ထို့ကြောင့်  လက်ရှိ အင်တော ကျောက်ဂူခွင်အတွင်းပင် အပြီးချေမှုန်းနိုင်ရန် ကြိုးပမ်းခဲ့ပုံကို တင်ပြထားသည်။
ထိုကဲ့သို့ချေမှုန်းနိုင်ရန်အတွက်  ဗိုလ်မှူးချုပ် သန်းတင်တို့တပ်အနေဖြင့်     သတိကြီးစွာ လှုပ်ရှားနေရင်း ဗကပနှင့် စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပုံကို တင်ပြထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။ ဗိုလ်မှူးချုပ်သန်းတင်တို့ တပ်ဘက်မှ သောက်ရေရှာဆင်းရင်း ဝါးခုတ်နေသည့် ဗကပ တစ်ဦးနှင့် တွေ့ခဲ့သည်။ ထိုဗကပတစ်ဦးကို ပါးစပ် ကိုပိတ်  အသံမထွက်အောင်  ဖမ်းသော်လည်း “ရန်သူ၊ ရန်သူ”ဟု ဗကပက ရအောင်အော်သည်။ အော်သံကြားသည်နှင့် ဗကပတို့က ပစ်တော့သည်။ ဗကပများလည်း ကျဆုံးသည်။ ရဲဘော်များလည်း နိုင်ငံအတွက်အသက်ပေးရင်း ကျဆုံးမှုရှိခဲ့သည်။

 


သစ္စာလေးချက် ဆိုခဲ့သည်သာ 

 


နိုင်ငံကို ကာကွယ်ရင်း သေဆုံးခဲ့သည့် ရဲဘော် တို့၏ ရုပ်ကြွင်းရှေ့ အသက်ရှင်ကျန်ခဲ့သည့် ရဲဘော် တို့က “ငါ့ တိုင်းပြည်၊ ငါ့လူမျိုး။ ငါ့တပ်မတော်အတွက်၊ ငါ့အသက်ကို စွန့်လွှတ်ပါသည်”ဟု သစ္စာလေးချက် ဆိုခဲ့သည်သာ။  ထိုအခြေအနေကို   မျက်မြင် တွေ့ကြုံရသလို ပုံဖော်ခံစားနိုင်အောင် ဗိုလ်မှူးချုပ် သန်းတင်က ရေးသားတင်ပြထားပြီး နိုင်ငံအတွက် စွန့်လွှတ်ဝံ့သူတို့အတွက် စာဖတ်သူတို့ ဝမ်းနည်း ခံစားရစေသည်။ 

 

 


သို့သော် ဗကပဗဟိုခွဲမှ သခင်တင်ထွန်းကို အသေဖမ်းဆီးရမိခဲ့သည့် အောင်မြင်သည့် တိုက်ပွဲ ဖြစ်ခဲ့သည်။ ထိုသို့ ဗကပဗဟိုခွဲကို တိုက်ခိုက်ခံရသည့် အကြောင်းကြောင့် အဖွဲ့ကွဲသွားသည့် ဗကပများ လည်း ကျေးရွာများကို ချဉ်းကပ်ကာ လက်နက်များ ချကြသည်။ နိုင်ငံတော်ကိုရင်ဆိုင်ရန်   ပြုလုပ် ထားသည့်   ဗကပဗဟိုဌာနချုပ်၏    မိုးလုံးဟိန်း စီမံချက်သည် ပြိုပျက်ရတော့သည်။ 


တပ်မတော်အနေဖြင့် စစ်ဆင်ရေးပြီး စစ်ဆင် ရေးအမည်အမျိုးမျိုးဖြင့် သောင်းကျန်းသူများကို ချေမှုန်းနေသောကြောင့် ကျဆုံး၊  လက်နက်ချ၊ ဒဏ်ရာရဖြင့် အထိနာသော်လည်း  ကုန်သွားပြီဟု မရှိသေး။ ဗိုလ်မှူးချုပ်သန်းတင်သည် စစ်ဆင်ရေး များတွင် နှစ်ပေါင်းသုံးလေးဆယ်  ပါဝင်ထမ်းဆောင် ရင်း        စစ်ဆင်ရေးသံသရာလည်ခဲ့ကြောင်း၊ အသက်ပင် ဇရာထောက်လာကြောင်း   တင်ပြထား သည်။


ဤနေရာတွင် ဗိုလ်မှူးချုပ်သန်းတင်က ၎င်း၏ အတွေ့အကြုံအရ ခံစားသိမြင်ရသည့် သဘော ထားကို လှစ်ဟဖော်ပြထားသည်။ လွတ်လပ်ရေး ရသည့်အချိန် နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကိုတိုက်၊ ဖက်ဆစ်ဂျပန်ကိုတိုက်၊ ထိုတုန်း က အောင်နိုင်ခဲ့သည်။ ပြည်တွင်းသောင်းကျန်းသူ များကို       လွတ်လပ်ရေးရသည့်အချိန်မှစ၍ တိုက်ခိုက်ခဲ့ရသည်။   သောင်းကျန်းသူများလက်မှ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းများကို ပြန်သိမ်းခဲ့ရသည်။   သို့သော် သောင်းကျန်းသူများ ရှိမြဲရှိနေဆဲပင်။ အဖျက်လုပ်ငန်းများ လုပ်ဆောင် နေဆဲပင်ဖြစ်ပြီး  နိုင်ငံရေးတွင် သူတို့ဝါဒကို စွဲမြဲစွာ ကိုင်စွဲထားပြီး လူထုကို မြေစာပင် ဖြစ်စေခဲ့သည်။ ပြည်သူများ၏ စားကောင်းခြင်းမစားရ၊ အိပ်ကောင်း ခြင်းမအိပ်ရဘဲ  မနက်မိုးလင်းလာလျှင် မျက်နှာ သစ်စရာ မျက်နှာမှရှိပါ့မလားဆိုသည့် ကြောက်ရွံ့ မှုကို စာနာနားလည်ခဲ့သည်။ 

 


ဖြတ်လေးဖြတ် စစ်နည်းဗျူဟာစီမံချက်


ထို့ကြောင့် သောင်းကျန်းသူများကို ချေမှုန်း နိုင်ရန် တပ်မတော်က ဖြတ်လေးဖြတ် စစ်နည်း ဗျူဟာစီမံချက်ကို   ချမှတ်ဆောင်ရွက်ခဲ့သည်။ ရောင်စုံသောင်းကျန်းသူများ၏    အမာခံများ ဖော်ထုတ်ခြင်း၊ ရိက္ခာပိတ်ဆို့၊ ရိက္ခာဖြတ်ခြင်း၊ ဆက်ကြေးများဖြတ်ခြင်း၊ ကျေးရွာများရှိ သောင်း ကျန်းသူ ဆန့်ကျင်ရေးအဖွဲ့များက သောင်းကျန်းသူ များအား တန်ပြန်တိုက်ကာ လက်နက်များ ရယူ ခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့သည်။ 

 


ဗကပဗဟိုဌာနချုပ်သည်    ၁၉၄၈ ခုနှစ်က ပဲခူးရိုးမကို အခြေပြုခဲ့သေးသည်။   ၁၉၅၂ ခုနှစ် ဝန်းကျင်တွင် ပဲခူးရိုးမကို စွန့်ခွာပြီး အထက်မြန်မာ နိုင်ငံသို့ ပြောင်းရွှေ့ခဲ့သော်လည်း တပ်မတော်မှ အဆက်မပြတ် ထိုးစစ်ဆင်ခြင်းကြောင့် ၁၉၅၈ ခုနှစ် တွင် ပဲခူးရိုးမသို့ ပြန်လည်ပြောင်းရွှေ့ အခြေစိုက်ရ လေသည်။ ၁၉၆၂ ခုနှစ်အကုန်တွင်          ပဲခူးရိုးမ တိုင်းဖွဲ့စည်းရေးကွန်ဖရင့်ကျင်းပ၍    ပဲခူးရိုးမ အမြန်ဖွဲ့စည်းကာ လက်နက်ကိုင်တိုက်ပွဲနည်းလမ်း ဖြင့်သာ နိုင်ငံရေးအာဏာကို ထိန်းချုပ်ရန် ဆုံးဖြတ် ခဲ့ကြသည်။
ထိုအချိန် တပ်မတော်ဘက်မှ ဟေမာန်ဦး၊ သူရိန်၊ မာဃ၊ ရိုးမ၊ မဟော်၊ ဒေါန၊ မိုးကြိုး၊ မိုး၊ သိန်း၊ ဆောင်း၊ မီးခိုး၊ ကျား၊ မြဖြူ၊ အောင်သူရ၊ ရန်ရှင်း၊ ရောင်နီ၊ ဇေယျ၊ ဒေသန္တရ၊ အောင်စင်္ကြာ၊ ဒေဝေါ၊ ဂဠုန်ပျံ စစ်ဆင်ရေးအပြင် ဒေသန္တရစစ်ဆင်ရေး    ၂၁ ခုဖြင့် စစ်ဆင်ရေးပြီးစစ်ဆင်ရေး ပြုလုပ်တိုက် ခိုက်ခဲ့သည်။
တပ်မတော်၏ စစ်ဆင်ရေးပြီး စစ်ဆေးရေးဖြင့် တိုက်ခိုက်မှုများကြောင့် ဗကပ ဗဟိုဌာနချုပ်သည် ရွှေ့ပြောင်းပြေးနေရပြန်သည်။   ဗကပ သခင် သန်းထွန်းသည် “ရန်သူထိုးစစ်ကို ငါတို့ ထိုးစစ်ဖြင့် ချေမှုန်းရမည်” ဟူသော လမ်းစဉ်ညွှန်ကြားချက်ဖြင့် တိုက်တိုင်းအောင်တပ်ကို ဖွဲ့စည်းပေးခဲ့သော်လည်း တပ်မတော်၏ တပ်မတို့ကိုမီအောင် စစ်စွမ်းရည် မရှိခဲ့ခြင်းကြောင်း မထူးခြားပေ။ တပ်မတော်သည် ဗကပဗဟိုအထိ ဝင်စီးနိုင်ခဲ့သည်။ သို့သော် သခင် သန်းထွန်းမှာ တပ်မတော်နှင့် ထိတွေ့ရာမှ သေဆုံး ခြင်းမဟုတ်ဘဲ ရဲဘော် မြကြီးက လုပ်ကြံ၍ သေဆုံး ခဲ့ရခြင်းဖြစ်သည်မှာ သင်ခန်းစာယူဖွယ်။

 


အဖြူရောင်နယ်မြေအဖြစ် တည်ရှိလာ

 


ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ    သခင် သန်းထွန်းနောက် သခင်ဇင်၊ သခင်ချစ်တို့ဖြင့် အဆက်ဆက်သည် နိုင်ငံတော်အာဏာကို ရရှိရန်၊ တပ်မတော်ကို အနိုင်ရရန် သွေးခင်းသည့်လမ်းကို သာ ဖောက်ခဲ့သည်။ ပြည်သူကိုရန်သူဟု ထင်လာ သည်၊ ရန်ပြုလာသည်၊ အချင်းချင်း ဖြုတ်၊ ထုတ်၊ သတ်လာသည်။ တပ်မတော်ဘက်မှ ရဲဘော်များ လည်း ဗကပကိုတိုက်ရင်း အသက်ပေးလှူခဲ့ရ သည်မှာလည်း    မနည်းခဲ့ပေ။ ဖြတ်လေးဖြတ် စစ်ဗျူဟာကြောင့် နောက်ဆုံးတွင် ပဲခူးရိုးမကြီးနှင့် ပဲခူးတိုင်းတစ်ခုလုံးသည် အဖြူရောင်နယ်မြေအဖြစ် တည်ရှိလာခဲ့ပေပြီ။ 

 


သောင်းကျန်းသူများ၏ ရန်စွယ်မှ မြို့၊ ရွာ၊ ဒေသများ   အေးချမ်းခဲ့သလို  စာရေးသူ ဗိုလ်မှူးချုပ် သန်းတင်သည် စစ်ဆင်ရေးပြီး စစ်ဆင်ရေးဖြင့် ကျရာတာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ပေပြီ။ ၎င်း၏ ဘဝတစ်လျှောက်လုံး          တာဝန်ကို ဦးလည်မသုန် ထမ်းဆောင်ရင်း   စွဲမြဲစွာမှတ် သားထားသည်က    ဗိုလ်သင်တန်းကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်း   ပြောကြားခဲ့သည့် ကျောင်းဖွင့် မိန့်ခွန်း။

 


ဗိုလ်ချုပ်အောင်ဆန်းက တောင့်တင်းခိုင်မာ သော ကိုယ်ပိုင်စစ်တပ်မရှိဘဲ တိုင်းပြည် လွတ်လပ် ရေးကို ရနိုင်မည်မဟုတ်၊ ရရှိသော်လည်း ထိုလွတ် လပ်ရေးကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ ထို့ကြောင့် ဇွဲ၊ စွမ်းရည်၊ တိုင်းပြည်လူမျိုးနှင့် တပ်မတော်ကို ချစ်သည့်စိတ်ဓာတ် လိုသည်ဟူသည့် မိန့်ခွန်းကို မြွက်ကြားခဲ့သည်။
ဗိုလ်ချုပ်သန်းတင်(ငြိမ်း)၏ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှစာအုပ်သည်    ငယ်ငယ်ရွယ်ရွယ် တပ်သားဘဝမှသည် ဇရာထောက်လာသည့်အချိန် အထိ တာဝန်များ အဆင့်ဆင့်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားတစ်ဦး၏ဘဝတစ်ခုကို စာမျက်နှာ ပေါ်တွင် ဖတ်ရှုခံစားရသလို သောင်းကျန်းသူများ၏ ပြည်သူကို မြေစာပင်ဖြစ်စေကာ သွေးခင်းသည့် လမ်းကိုဖောက်၍ တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင် မှုများ၊ သောင်းကျန်းသူအချင်းချင်း ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ကျင့်သုံးခဲ့ပုံ စသည့်သမိုင်းဟောင်း တစ်ခုကိုလည်း သိမြင်ရသည်။ 

 


စာရေးသူ ဗိုလ်မှူးချုပ်သန်းတင်(ငြိမ်း) က သမိုင်းဟောင်းတွင် တစ်ထောင့်တစ်နေရာက ပါဝင် ခဲ့သည့် သူ၏ဘဝအတွေ့အကြုံများကို စာဖတ်သူ များထံတင်ပြရင်း “ကိုင်း သမိုင်းမှာ ဒီအမှားမျိုးတွေ၊ ဒီဆိုးကျိုးတွေ ထပ်လုပ်ကြဦးမှာလား” ဆိုသည့် စာအုပ်နိဂုံးသည် သုံးသပ်ဆင်ခြင်စရာ ဖြစ်သည်ကို ဖတ်ရှုမျှဝေလိုက်ရပါတော့သည်။        ။