
ရန်ကုန် မတ် ၅
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယ အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသေဌိလက ဆောင်ရွက်တော်မူသည်။
ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်း အဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ အရေ အတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
နှလုံးစိတ်ဝမ်းအေးချမ်းရ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီးတွင် မြတ်စွာဘုရားရှင်၏ အဆုံးအမ သာသနာဖြစ်သော ထေရဝါဒဗုဒ္ဓဘာသာထွန်းလင်းကြောင်း အမှတ်လက္ခဏာတစ်ခုဖြစ်သည့် သာသနာ့သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင် အခမ်းအနားကြီးကျင်းပခဲ့ရာ မဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း ယနေ့ကျင်းပပြုလုပ် လျက်ရှိသည့် အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့
ဒုတိယအစည်းအဝေးကြီးသို့ သံဃာ သာမဂ္ဂီမျှညီစိတ်ထားဖြင့် ကြွရောက် တော်မူကြသော နိုင်ငံတော်အဆင့် သံဃအဖွဲ့အစည်း ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်းတို့ အား တစ်နေရာတည်းတွင် စုံစုံညီညီ ဖူးမြော်ကြည်ညိုခွင့် ရရှိပါသဖြင့် ထက်သန်သောစေတနာ ကြည်လင် သော သဒ္ဓါတရားတို့ဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းရပါကြောင်း ရှေးဦးစွာ လျှောက်ထားအပ်ပါကြောင်း။
လေးစားမြတ်နိုး
ထေရဝါဒဗုဒ္ဓဘာသာ သာသနာ တော်မြတ်ကြီးကို ဆည်းကပ်ကိုးကွယ် ခွင့် ရရှိခဲ့သော ဗုဒ္ဓဘာသာဝင်များသည် မြတ်ဗုဒ္ဓ၏ သည်းခံခွင့်လွှတ်ခြင်း တည်းဟူသော အရိပ်အာဝါသအောက် တွင် ကြီးပြင်းခဲ့ကြရသူများ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့သည် ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူး တို့ကို ကြည်ညိုဆည်းကပ်ပြီး မိဘ ဆရာသမားများ၏ ဂုဏ်ကျေးဇူးကို လေးစားမြတ်နိုးကြပါကြောင်း၊ ထေရ ဝါဒဗုဒ္ဓသာသနာသည် ပရိယတ္တိ သာသနာ အခြေခံကောင်းပေါ်တွင် တည်မှီနေသဖြင့် ဂိုဏ်းပေါင်းစုံ ရဟန်း သံဃာတော်များက စည်းလုံးညီညွတ် စွာဖြင့် သာသနာတော်အကျိုး ပွားတိုး ထမ်းဆောင်နေကြသည်ကို ဖူးတွေ့ ရသည်မှာ လွန်စွာ အားတက် ဝမ်းမြောက်ရပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်အား ၁၉၈၀ ပြည့်နှစ်က စတင်ဖွဲ့စည်းနိုင်ခဲ့သဖြင့် ယခုအခါ နှစ်ပေါင်း ၄၀ ပြည့်မြောက် ပြီဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်း မြို့ရွာဒေသအနှံ့ရှိ ရဟန်း သာမဏေ အသီးသီးတို့သည် ဂိုဏ်ပေါင်းစုံ သံဃာ့အဖွဲ့ကြီးအောက်၌ ဘုရားရှင် ပညတ်တော်မူသည့် ဝိနည်း ကျင့်ဝတ်တော်များနှင့်အညီ အဆင့်ဆင့် ကျင့်သုံး တည်ရှိနေကြသဖြင့် ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွင်း စည်းလုံးမှုတရား၊ ငြိမ်းချမ်းမှုတရား နှစ်ပါးတို့နှင့် ပြည့်စုံနေကြောင်းကို လည်း သိရှိရပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့ကြီးက အစဉ်မျှော်မှန်း ဆောင်ရွက်တော်မူ လျက်ရှိသည့် ဗုဒ္ဓသာသနာတော် မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေး ရည်မှန်းချက်များ အောင်မြင်ဖြစ်ထွန်း ရေးအတွက် ဗုဒ္ဓဘာသာဝင်များ ဖြစ်သော ဘုရားတပည့်တော်တို့ အားလုံး သက်တော်ရှည် ကျေးဇူးရှင် ဆရာတော်ဘုရားကြီးများ၏ လောက ဓမ္မ နှစ်ဖြာနှစ်ဝ အဆုံးအမများကို နာယူမှတ်သား ဆောင်ရွက်ကြရမည် သာ ဖြစ်ပါကြောင်း။
လျှောက်ထား
နိဂုံးချုပ်အားဖြင့် သက်တော်ရှည် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်း မြတ်ဗုဒ္ဓ၏ သွန်သင်ဆုံးမ တရားတော်များနှင့် ကိုက်ညီစွာ၊ ငြိမ်းအေးမေတ္တာဓာတ် လွှမ်းခြုံစေရေး ဆောင်ရွက်မှုများ ကျေးဇူးကြီးလှကြောင်းကို နှလုံး သွင်းလျက် လက်စုံမိုး၍ ရိုသေ လေးစားစွာ ရှိခိုးကန်တော့အပ် ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် အခမ်းအနားမှူး ဆရာတော်က ယနေ့ဖြန့်ဝေဆက်ကပ် ထားသည့် အစီအစဉ်တွင် ပါရှိသည့် အတိုင်း အစည်းအဝေး ကျင်းပသွား မည်ဖြစ်ကြောင်း လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ကိုယ်စား အဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသက သံဃနာယက လက်စွဲ အခန်း(၅) အပိုဒ်(၆၄) အပိုဒ်ခွဲ(ခ)ကျောင်းထိုင်ပုဂ္ဂိုလ်၏ ဂုဏ်အင်္ဂါ အရည်အချင်း သတ်မှတ်ချက်ပြင်ဆင် ရန်ကိစ္စကို လျှောက်ထား၍ အတည်ပြု ဆုံးဖြတ်ချက်ရယူသည်။
ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက နိုင်ငံတော် သံဃဝိနိစ္ဆယ အဖွဲ့ဝင်ဆရာတော်များအား နိုင်ငံတော် ဝိနည်းဓိုရ်လက်မှတ်များ ဆက်ကပ်ပြီး နံနက်ပိုင်းအစည်းအဝေးကို ရပ်နား သည်။
လက်မှတ်ရေးထိုးတော်မူ
မွန်းလွဲပိုင်းတွင် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် ချမှတ်ခဲ့ သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့ သမိုင်းဝင် မှတ်တမ်းစာအုပ်ကြီး၌ သြဝါဒါစရိယ ဆရာတော် ၁၅ ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင် ဆရာတော်၊ ဂိုဏ်းအသီးသီးနှင့် တိုင်း ဒေသကြီး /ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ် တစ်ပါးစီတို့က လက်မှတ်ရေးထိုးတော်မူကြသည်။
ထို့နောက် သဘာပတိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ထံမှ နိဂုံးချုပ် ဥယျောဇနကထာကို နာယူ တော်မူကြပြီး အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသည့် ဆရာတော်အားလုံးက “ဇယန္တော ဗောဓိယာ မူလေ”အစချီ(၂)ဂါထာကို သုံးကြိမ်ရွတ်ဆိုတော်မူကြပြီး သာဓု သုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးကြီး အောင်မြင် စွာ ကျင်းပပြီးစီးခဲ့သည်။
သတင်းစဉ်