
ရန်ကုန် ဇူလိုင် ၅
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ တော်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက်၊ ပဓာနနာယကဆရာ တော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (စီမံ)နှင့် သာသနာ ရေးဦးစီးဌာနမှ အရာထမ်း၊ အမှု ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဓဇက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်တော်မူသည်။
အခမ်းအနားမှူး ဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေ အတွက်ကို ဖတ်ကြားလျှောက်ထား ပြီး အစည်းအဝေး အထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွက်ကြားတော် မူသည်။ (နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၏ သာရဏီယ သြဝါဒကထာကို စာမျက်နှာ ၉ တွင် သီးခြားဖော်ပြ ထားပါသည်)
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က သာသနာ ရေးဆိုင်ရာများ လျှောက်ထားရာ တွင် သာသနာ့ဦးသျှောင် မဟာ ထေရ်ကြီးများနှင့် သံဃာတော် ထေရ်ရှင်အများက သဒ္ဓါဗိုလ်၊ ဝီရိယ ဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်ဟူသော ဗလငါးတန် အရင်းခံလျက် တာဝန်ကျေပွန်စွာ လက်ဆင့်ကမ်း ဆောင်ရွက်တော် မူလာခဲ့ကြသဖြင့် မြန်မာနိုင်ငံ တော်တွင် ထေရဝါဒဗုဒ္ဓသာသနာ တော်စစ်စစ် နေလို လလို ထွန်းလင်းတောက်ပနေကြောင်း၊ ဗုဒ္ဓ သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွားရေး အတွက် သာသနာ့ဦးသျှောင် မဟာထေရ်မြတ်များက ရှေ့ဆောင် ဦးရောက် စောင့်ရှောက်တော်မူနေ ကြသကဲ့သို့ နိုင်ငံတော်အစိုးရနှင့် အများပြည်သူတို့ကလည်း ဆရာ ဒကာ ညီညာလက်ယှက် ကိုင်းဖက် ကျွန်းမှီ ရှေ့သွားညီအောင် ဖြူကြည်သဒ္ဓါ စေတနာဖြိုး၊ ပံ့ပိုး ထောက်ပင့် ချီးမြှင့်ပူဇော်လျက် ရှိကြပါကြောင်း လျှောက်ထား သည်။ (အပေါ်ပုံ)
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာ အကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ ကိုယ်စား တွဲဖက်အကျိုးတော် ဆောင်ဆရာတော်၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဣန္ဒာစရိယ က တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက် များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက လည်းကောင်း၊ သာသနာရေးရာဆောင်ရွက်များ အပေါ် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တနန္ဒပါလကလည်း ကောင်း၊ ပညာရေးရာဆောင်ရွက် ချက်များ အပေါ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယကလည်း ကောင်း ကဏ္ဍအလိုက် တင်သွင်း လျှောက်ထားကြသည်။
ဆက်လက်၍ သာသနာ ရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ကြီးများက ဝေဖန်ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်း အဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမ အစည်းအဝေး၊ ပထမနေ့၊ ဒုတိယ ပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး သာသနာ ရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စရပ် များကို တင်ပြလျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန် ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်း၌ ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော် မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း) + ဒေါ်ကြိုင် ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများ က အရုဏ်ဆွမ်း၊ နေ့ဆွမ်း တစ်နေ့ တာဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
သတင်းစဉ်