ဘားအံမြို့ရဲ့ ခရီးစဉ်အသစ် ဖြစ်လာတော့မယ့် ပဒုမ္မာလိုဏ်ဂူ၊ ဖောင်တော်ဦးစေတီနဲ့ ရေတံခွန်

 

ယဉ်လာဒ်
 ဓာတ်ပုံ-ဟိုတယ်ခရီးဝန်ကြီးဌာန

 

တောင်တွေရဲ့မြို့တော်လို့တင်စားရတဲ့ ဘားအံ​မြို့ ပေါ်မှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ ပိုပြီး ဖြစ်ထွန်းလာစေဖို့နဲ့   ခရီးစဉ်အသစ်အသစ်တွေ ပိုမိုထွက်ပေါ်လာစေဖို့ ကရင်ပြည်နယ်အစိုးရနဲ့ ကရင် ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။  
 ပဒုမ္မာလိုဏ်ဂူခရီးစဉ်
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက အသစ်ဖော်ထုတ်မယ့်    ပဒုမ္မာလိုဏ်ဂူခရီးစဉ်က တော်ပုံကျေးရွာအုပ်စု တော်ပုံကျေးရွာ တောင်စွန်း တောင်မှာတည်ရှိပါတယ်။      ဘားအံမြို့ပေါ်ကနေ ၆ မိုင် ၂ ဖာလုံခန့်ကွာဝေးပြီး အချိန်အားဖြင့်  ၁၅ မိနစ် ကျော်သာ သွားရတာမို့ သွားရောက်လည်ပတ်သင့်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
ပဒုမ္မာလိုဏ်ဂူအတွင်းမှာ သဘာဝရေထွက်ပေါက် တွေရှိပြီး ရေခန်းခြောက်ခြင်းမရှိဘဲ   နှစ်သစ်ကူး ကာလရက်တွေမှာ လိုဏ်ဂူအတွင်း    ငါးလွှတ်ခြင်း တွေကိုလည်း  ပြုလုပ်လေ့ရှိကြပါတယ်။     နှစ်စဉ် မြန်မာ့ရိုးရာမဟာသင်္ကြန် အခါကြီးရက်ကြီးတွေမှာ တောင်စွန်းဆရာတော်က ကြီးမှူးပြီး ငါးလွှတ်ပွဲတွေ ကိုလည်း ပြုလုပ်နေပါတယ်။ ဒါ့အပြင် ဂူအတွင်းထဲမှာ လင်းနို့ငှက်အကောင်ရေ    ထောင်ကျော်လောက် နေထိုင်ကြတာကိုလည်း    ခရီးသွားဧည့်သည်တွေ အနေနဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ပါတယ်လို့ ဆိုပါတယ်။
လူထုအခြေပြုခရီးသွားလုပ်ငန်းတွေ
ဘားအံမြို့မှာ     လည်ပတ်စရာနေရာတွေက များပြားလှပါတယ်။ အမျိုးအစားစုံလင်လှတဲ့ ခရီးစဉ် တွေရှိတာမို့   ကြိုက်နှစ်သက်ရာ   ခရီးစဉ်တွေကို လည်ပတ်နိုင်စေတာက  ဘားအံမြို့ရဲ့   ခရီးသွား လုပ်ငန်း အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လူထုအခြေပြုခရီးသွားလုပ်ငန်း     (Community Based Tourism - CBT) တွေ ပိုပြီးဖွံ့ဖြိုးလာစေဖို့ လည်း ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ဒုံရင်းရေတံခွန်အထက်မှာရှိတဲ့ သမိုင်းဝင် ဘုရင့်လိုဏ်ဂူကိုလည်း ခရီးစဉ်ဒေသသစ် တစ်ခုအဖြစ် ဖော်ထုတ်နိုင်ဖို့ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ  သိရပါတယ်။
ဖောင်တော်ဦးစေတီနဲ့ ရေတံခွန်
သြဂုတ် ၁၆ ရက်ကလည်း ဘားအံမြို့နဲ့ ၂၄ မိုင် ခန့် ကွာဝေးတဲ့ လှိုင်းဘွဲမြို့နယ် ကျောက်တောင် ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်ဖောင်တော်ဦးစေတီ ကို ခရီးသွားတွေ    သွားရောက်ဖူးမြော်နိုင်စေဖို့ မြေပြင်ကွင်းဆင်းမှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။ မော်တော်ယာဉ်နဲ့ သွားရောက်ရင် ၄၅ မိနစ် ခန့်သာ ကြာမြင့်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း လုံခြုံကောင်းမွန်တာကြောင့်  ရာသီမရွေး သွားလာ လည်ပတ်နိုင်ပါတယ်။
အခုဆိုရင် ဖောင်တော်ဦးစေတီနဲ့ ရေတံခွန်ဆီကို  နေ့စဉ် ဧည့်သည်ဦးရေ ၂၀၀ မှ ၃၀၀ ကြား လာရောက် လည်ပတ်နေကြပြီး လာရောက်လည်ပတ်သူ ခရီး သွားဧည့်သည်တွေကို သက်သတ်လွတ်   ထမင်း/ ဟင်းများနဲ့ နေ့စဉ် တည်ခင်းဧည့်ခံကျွေးမွေးလျက် ရှိတယ်လို့ သိရပါတယ်။ ဆုတောင်းပြည့် ဖောင်တော် ဦးစေတီတောင်ပေါ်ကို    စောင်းတန်းမှတစ်ဆင့် တက်နိုင်သလို ကား၊ ဆိုင်ကယ်တွေနဲ့ တက်ရောက် မယ်ဆိုရင်လည်း တောင်တက်လမ်းတစ်လျှောက်က တောတောင် သဘာဝအလှတွေကို တွေ့မြင်ခံစား ရမှာ ဖြစ်ပါတယ်။
ကမော့ပေါသစ်တောကြိုးဝိုင်းခရီးစဉ်
ဖောင်တော်ဦးစေတီ     တောင်တက်လမ်းနဲ့ တစ်ဆက်တည်းတည်ရှိနေတဲ့   စေတီငယ်ပေါင်း ၅၂၈ ဆူ   ဝန်းရံထားတဲ့     မြသိန်းတန်စေတီကိုလည်း သွားရောက်ဖူးမြော်နိုင်ပါသေးတယ်။     ဒါ့အပြင် ဆုတောင်းပြည့်ဖောင်တော်ဦးစေတီနဲ့ မြသိန်းတန် စေတီတော်တည်ရှိရာ ကမော့ပေါသစ်တောကြိုးဝိုင်း ကိုလည်း သဘာဝအခြေခံခရီးသွားလုပ်ငန်းတစ်ခု အနေနဲ့ ခရီးစဉ်ဒေသအသစ်တစ်ခုအဖြစ် ဖော်ထုတ် ပြီး ပြည်တွင်းခရီးသွားဧည့်သည်တွေ ဘားအံမြို့ကို လာရောက်လည်ပတ်ခဲ့ရင်   လည်ပတ်စရာ နေရာ အသစ်တွေဖြစ်အောင်    ဖော်ထုတ်နေပါတယ်လို့  ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန က တာဝန်ရှိသူက ဆိုပါတယ်။  
ထုံးကျောက်တောင်တွေ ပတ်လည်ဝန်းရံထားတဲ့ အေးချမ်းပြီး နေချင်စဖွယ်ကောင်းလှတဲ့  ဘားအံမြို့ ကို ၂၀၂၃   ခုနှစ်လောက်မှစတင်ပြီး  လာရောက် လည်ပတ်ကြတဲ့သူ များပြားလာခဲ့ကာ တစ်ချို့ရက် တွေဆို ခရီးသွားဦးရေ ၄၀၀ ကျော်အထိ လည်ပတ် ခဲ့ကြပါတယ်။ ဘားအံမြို့ကို လာရောက်လည်ပတ် ကြတဲ့သူတွေက ဘားအံမြို့ရဲ့  ရှုခင်းကြည့်ကွက်တွေ ကို လာရောက်ပြီး အချိန်ပေးပြီး ဓာတ်ပုံရိုက်ကူးကြ တာ များပြားပါတယ်။
ဘားအံမြို့ဟာ  စိတ်ဝင်စားစရာ   လည်ပတ် လေ့လာစရာတွေများလှတဲ့    ခရီးစဉ်ဒေသတစ်ခု​ ဖြစ်သလို ရန်ကုန်မြို့နဲ့လည်း အလှမ်းမဝေးလှတာမို့ လမ်းပန်းဆက်သွယ်ရေးအနေနဲ့   ကြည့်မယ်ဆိုရင် လည်း အားသာချက်တွေများပြားလှတဲ့ မြို့တော် ဖြစ်ပါတယ်။
တောင်တွေရဲ့မြို့တော်လို့ခေါ်တဲ့   ဘားအံမြို့ဟာ  စွန့်စားမှုခရီးစဉ်တွေအတွက်     ရွေးချယ်မလား။ ဒါမှမဟုတ် သဘာဝအခြေခံခရီးစဉ်တွေကို စိတ်ဝင် တစား လေ့လာကြမလား။   ဂူလေ့လာရေးခရီးစဉ် တွေအနေနဲ့ သီးခြားလေ့လာချင်သလား။    ဓာတ်ပုံ ရိုက်ဖို့   ရှုခင်းရှုကွက်များပြားတဲ့​​  နေရာတွေကိုပဲ သွားရောက်လည်ပတ်ကြမလား။ ဒါမှမဟုတ် ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို လေ့လာကြည့်ရှု လိုသလား စတဲ့   ရွေးချယ်စရာတွေများပြားလှတဲ့ အပြင် အခုချိန်မှာ ခရီးစဉ်သစ်တွေလည်း ဆက်လက် ဖော်ထုတ်နေတာမို့ ခရီးသွားမြို့တော် ဘားအံမြို့ကို သွားရောက်လည်ပတ်လေ့လာနိုင်စေဖို့    ရေးသား ဖော်ပြလိုက်ရပါတယ်။     ။
v   v   v