ဘေးအန္တရာယ်ကင်းရေး သတိမူအသုံးပြု

အယ်ဒီတာ့အာဘော်

============

 

ဘေးအန္တရာယ်ကင်းရေး သတိမူအသုံးပြု

========================

 

ယနေ့ကာလတွင် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ၊ စီးပွားရေးဘဝ အသုံးပြုမှု ပုံစံများ ပြောင်းလဲလာသည်။ ပြည်သူများ၏ လူမှုပတ်ဝန်းကျင်တွင် ရှေးယခင် ကဲ့သို့ သမားရိုးကျပုံစံမဟုတ်တော့ဘဲ နေရာတကာတွင် လျှပ်စစ်မီး၊ လျှပ်စစ် ဓာတ်အားကို ပိုမိုသုံးစွဲလာကြသည်။ လျှပ်စစ်ဆိုင်ရာပစ္စည်းများသည် လူသားများ အား အကျိုးပြုသလို ဘေးအန္တရာယ်ရှိသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

 

ယခုအခါ နွေဦးအကြို ဆောင်းအကုန်ကာလသို့ ရောက်ရှိတော့မည် ဖြစ်ရာ ထိုရာသီကာလတွင် မီးလောင်မှုဖြစ်စဉ်များ စတင်တွေ့ရှိလာသည်။ ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်းရှိ မြို့များ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဖြစ်စဉ်များအားလုံးမှာ နေအိမ်သုံး၊ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အား အပူ လွန်ကဲမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာရှော့ခ်ဖြစ်မှုများကြောင့် ဖြစ်ခဲ့ကြသည်။ လူနေမှု ပုံစံသစ်အရ လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲရသည်မှာမှန်သော်လည်း သတိမမူ ပေါ့ဆမှုကြောင့် စည်းစိမ်ဥစ္စာနှင့်လူ့အသက်များ ထိခိုက်မှုမရှိစေရေး သတိပြု ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးကို နှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိရာ ယခုနှစ် တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုတစ်ဝက်မက လျှပ်စစ်ဓာတ်အား

သုံးစွဲလာနိုင်ပြီဖြစ်သည်။ ယခုအခါ လူတစ်ဦးလျှင် လျှပ်စစ်ဓာတ်အား ၃၈၉ ယူနစ်အထိ ပိုမိုသုံးစွဲလာပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုများပြားလာ သည်နှင့်အမျှ လျှပ်စစ်မှဖြစ်ပေါ်လာသည့် မီးလောင်မှုကဲ့သို့ ဘေးအန္တရာယ် များ မကြာခဏ ကြုံတွေ့လာရသည်။

 

လျှပ်စစ်ဖြင့် လောကဖွံ့ဖြိုးမှုကို တည်ဆောက်နိုင်သည်ဆိုသော်လည်း လျှပ်စစ်ကြောင့် ဘေးအန္တရာယ်မဖြစ်စေရေးကိုလည်း သတိပြုရမည်ဖြစ် သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအားယူနေဆဲနိုင်ငံဖြစ်ပြီး လူမှုဘဝ ဖွံ့ဖြိုးရေး နှင့် အသိအမြင်ကြွယ်ဝရေးတို့၌ လိုအပ်ချက်များရှိနေသေးသည်။ ပြည်သူများ လျှပ်စစ်ကို အဓိကအားပြုရာ၌ ထုတ်လုပ်သူရော၊ သုံးစွဲသူပါ နှစ်ဦးနှစ်ဝ သတိပြုဆောင်ရွက်မှသာ ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်သည်။ နိုင်ငံသားများ ၏သဘာဝမှာ ဈေးသက်သာရေးကိုဦးစားပေး၍ အရည်အသွေးပိုင်းတွင် အားနည်းချက်ရှိမှုကြောင့် ဘေးအန္တရာယ်ဖြစ်စေသည်။

 

နိုင်ငံတော်အစိုးရက ပြည်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် လျှပ်စစ် ဓာတ်အားများကို တိုးမြှင့်ထုတ်လုပ်ပေးသည်နှင့်အမျှ လျှပ်စစ်နှင့် အီလက် ထရွန်နစ်ပစ္စည်းများ အသုံးပြုမှုများ တိုးတက်များပြားလာသည်။ ထိုအခါ လူတို့မဆင်မခြင်အသုံးပြုမှု၊ လျှပ်စစ်ပစ္စည်းများ အရည်အသွေးမကောင်းမှု တို့ကြောင့် ဘေးအန္တရာယ်များနှင့်ကြုံတွေ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေဘဲ လုံခြုံစိတ်ချမှုရှိစေရန် စည်းမျဉ်းများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများမှာ ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်းနည်းပါးပြီး ပြည်ပမှအဓိက တင်သွင်းလျက်ရှိသဖြင့် သင့်လျော်မည့် ဘေးကင်းလုံခြုံစိတ်ချရေးစည်းမျဉ်း ကို ပြဋ္ဌာန်းရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း လျှပ်စစ်နှင့်အီလက် ထရွန်နစ်ပစ္စည်းများနှင့်ပတ်သက်၍ အပြန်အလှန်သဘောတူညီမှု လက်မှတ် ရေးထိုးထားသော်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိပေ။ ကမ္ဘာ့နိုင်ငံ များတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့်ပတ်သက်၍ ကြုံတွေ့လာရမည့် အသက် အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုတို့ကို ပြည်တွင်းသာမက ပြည်ပရှိစားသုံးသူ ပြည်သူများအတွက်ပါ အကာအကွယ်ပေးနိုင်မည့် စည်းမျဉ်းများ ပြဋ္ဌာန်း ထားသည်။

 

ထို့ကြောင့် လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများကြောင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းများ အမြန်ဆုံးပေါ်ပေါက် လာအောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။ ယင်းသည် ထုတ်လုပ်မှုအပိုင်း၏ တာဝန်ယူမှုဖြစ်ပြီး သုံးစွဲသူအပိုင်းအနေဖြင့်လည်း ဘေးအန္တရာယ်မဖြစ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးတို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ ပြည်သူအများစုသည် လျှပ်စစ် ကိုသာ အဓိကအားထားအသုံးပြုနေကြပြီဖြစ်ရာ လူတိုင်းလူတိုင်း လျှပ်စစ်ကို သတိပြုသုံးစွဲခြင်းဖြင့် လျှပ်စစ်အားကိုလည်း ခြိုးခြံချွေတာ၊ အကုန်အကျ လည်း သက်သာ၊ ဘေးအန္တရာယ်လည်း ကင်းဝေးမည်ဖြစ်သည်။

 

ယခုအခါ လူမှုဘဝများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မီးဘေး အန္တရာယ်မှ ကာကွယ်ပေးနိုင်သော ထုတ်ကုန်ပစ္စည်းများ တစ်ဖက်ကထုတ်လုပ် လာကြပြီဖြစ်သည်။ တစ်ဖက်တွင်လည်း မီးဘေးအန္တရာယ် ကင်းဝေးစေရန်၊ စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချမှုရှိစေရန် စည်းမျဉ်းများရေးဆွဲနေပြီ ဖြစ်သည်။ အဓိကမှာ ပြည်သူများဖြစ်သည်။ လျှပ်စစ်နှင့်အီလက်ထရွန်နစ် ပစ္စည်းများ သုံးစွဲကြရာ၌ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုရှိသော ပစ္စည်းများ ရွေးချယ်သုံးစွဲရေးနှင့် စည်းကမ်းစနစ်ကျ၍ အားလုံးသတိပြုသုံးစွဲ ကြပါက လူမှုဘဝတွင် ဘေးအန္တရာယ်ကင်းပြီး စိတ်ချမ်းသာစွာနေနိုင်မည် ဖြစ်ပါကြောင်း။ ။