ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ

အယ်ဒီတာ့အာဘော်

=========

 

 

ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ

 

=======================

 

ကမ္ဘာကြီးတွင် လူတို့၏တည်ဆောက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ စီမံဖန်တီးမှု တို့နှင့်ဆက်နွှယ်၍ ကမ္ဘာကြီး၏ဂေဟစနစ်၊ ကမ္ဘာကြီး၏ ရာသီဥတုစနစ်များ ယခုအခါ ပြောင်းလဲဖြစ်ပေါ်နေပြီဖြစ်သည်။ လူတို့၏ ပြုပြင်စီမံဖန်တီးမှုတို့ ကြောင့် ရှေးယခင်က ပုံမှန်ရာသီဥတုဖြစ်စဉ်၊ သဘာဝဖြစ်စဉ်တို့ကိုသွေဖည်ကာ ပုံမှန်မဟုတ်သည့် ရာသီဥတုဖြစ်စဉ်၊ သဘာဝဖြစ်စဉ်များ ပေါ်ပေါက်လာသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ၂၀၁၉ ခုနှစ်က သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်များကို လျှော့ချရေးဆိုသည်ထက် ဘေးအန္တရာယ် ဖြစ်လျှင် ထိခိုက်နိုင်ခြေများကို လျှော့ချနိုင်ရေးသည် ပို၍အရေးပါသည် ဟု စဉ်းစားသုံးသပ်ခဲ့ကြသည်။ ယခင်က သဘာဝဘေးအန္တရာယ် လျှော့ချရေး ကို အဓိကဦးတည်ဆောင်ရွက်ခဲ့ရာမှ ယခုအခါ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဟူ၍ ပြောင်းလဲဆုံးဖြတ် ပြုလုပ်နေကြသည်ကို တွေ့ရသည်။

လူသားများ အကျိုးစီးပွားအတွက် ကမ္ဘာလောကကြီးအား ထိခိုက် ပျက်စီးစေနိုင်သော ပြုပြင်ပြောင်းလဲစီမံဖန်တီးမှုများကို ရပ်တန့်နိုင်ခြင်း မရှိသလို ကမ္ဘာလောကကြီး၏ဖြစ်စဉ်များလည်း ပုံမှန်သို့ပြန်လည်ရောက် လာနိုင်ခြင်းမရှိတော့ပေ။ ရာသီဥတုသည် သဘာဝအားဖြင့် ဖောက်ပြန်ခြင်း မဟုတ်ပေ။ လူသားတို့ပြုပြင်စီမံဖန်တီးမှုကြောင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ လျှော့ချရေးမှာ မဖြစ်နိုင် တော့ဘဲ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဆုံးရှုံး နိုင်ခြေတို့အား လျှော့ချရေးကိုသာ ကြိုးပမ်းအားထုတ်ကြရတော့မည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ကမ္ဘာ့လူသားများအားလုံး နှစ်စဉ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့နေရသည်။ များသောအားဖြင့် မီးဘေး၊ ရေဘေး၊ လေဘေးအပါအဝင် ရေကြီးရေလျှံ၊ မြေပြိုတောင်ပြို၊ လေပြင်းမုန်တိုင်းဘေးများ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်လာသည်။ ယင်းတို့ကို သဘာဝဘေးဟု ပြည်သူများ သိမှတ်ထားကြသည်။ အမှန်တွင် သဘာဝ ဘေးအန္တရာယ်အမျိုးမျိုးတို့၌ ရောဂါဘေးအန္တရာယ်လည်း ပါဝင်သည်ကို သတိမမူမိခဲ့ကြပေ။ ယခုနှစ်တွင် ကိုဗစ်-၁၉ ဟူသည့် ကူးစက်မြန်ရောဂါ ဘေးအန္တရာယ်ကို မျက်မှောက်ကာလ ကမ္ဘာ့ပြည်သူအားလုံး ပထမဆုံး ကြုံတွေ့လိုက်ရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်ကတည်းက ရေးဆွဲအတည်ပြု ပြဋ္ဌာန်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွင် လူနှင့်တိရစ္ဆာန်တို့ကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါဘေးကိုပါ သဘာဝဘေးအန္တရာယ်အဖြစ် သတ်မှတ်ထားခဲ့သည်။ ကူးစက်ရောဂါများမှာ လူနှင့်တိရစ္ဆာန်တို့မှ ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်ပိုးမှ တစ်ကမ္ဘာလုံးသို့ဖြစ်ပွား ကူးစက်ပျံ့နှံ့ခဲ့သည့် ရောဂါကပ်ဘေးအသွင်ကို ဆိုလိုသည်။ ကူးစက်ရောဂါ ဘေးဆိုးများမှာ ရှေးကလည်းကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့ဖူးသည်။ ယခုကဲ့သို့ ကပ်ရောဂါဘေးကြီးသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လာခဲ့သလို နောင်တွင်လည်း ကပ်ရောဂါဘေးတစ်မျိုးမျိုး ထပ်မံပေါ်ပေါက်ကြုံတွေ့လာနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြသည်။

ကမ္ဘာပေါ်တွင် ကပ်ရောဂါဘေး အမျိုးမျိုးရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါသည် မျက်မှောက်ကမ္ဘာ၌ အသစ်တစ်ဖန်နိုးထလာသော ရောဂါ အသစ်အဆန်းတစ်မျိုးဖြစ်သည်။ ကပ်ရောဂါဘေးဖြစ်ပွားလာခြင်းသည် ကမ္ဘာ့လူသားအားလုံး ကျန်းမာရေးအသိအမြင်များ နိုးကြားလာအောင်၊ ဘေးအန္တရာယ်အမျိုးမျိုးနှင့်အတူ ကပ်ရောဂါဘေးအန္တရာယ်လည်း အတူ ရှိနေသည်ကို ယခုအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)က အချက်ပေးခေါင်းလောင်းထိုး သတိပေးနေ သည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့၏ ဤကမ္ဘာလောကကြီးအနေဖြင့်၊ ကမ္ဘာ့လူသား အားလုံးအနေဖြင့် ဘေးအန္တရာယ်အမျိုးမျိုးတို့ကို တစ်မျိုးမဟုတ်တစ်မျိုး နှစ်စဉ်ကြုံတွေ့ကြရမည် ဖြစ်သည်။ ဥတုနိယာမသဘာဝတရားကြီးနှင့် ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့အပြင် ဗီဇနိယာမတရားနှင့် ဆက်စပ်သည့် ရောဂါဘေးအန္တရာယ်အမျိုးမျိုးတို့ကိုလည်း တစ်မျိုးမဟုတ် တစ်မျိုး ကြုံတွေ့နိုင်သည်။ သို့သော် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ ကို ပပျောက်အောင် ဆောင်ရွက်နိုင်ရန်အခြေအနေမရှိပေ။ ကြုံတွေ့လာမည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးကိုသာ ပြုလုပ် ကြရတော့မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါဘေးက မီးမောင်းထိုးပြ ထားပါကြောင်း။ ။