ဘေးဘယာကင်းဝေးစေရေး တက်ကြွစွာပူးပေါင်းပါဝင်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ ဒီဇင်ဘာလ ၆ ရက်နေ့ ညတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၃၁ ဦး တွေ့ရှိသဖြင့်   ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိပြီး ပိုးတွေ့မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။ ရောဂါဖြင့် ထပ်မံသေဆုံးသူ အရေအတွက်မှာလည်း  ငါးဦးရှိသဖြင့်  ကိုဗစ်ရောဂါနှင့်ပတ်သက်၍ အခြေအနေကောင်းသို့ ရောက်နေပြီဖြစ်သည်။ 


သို့သော် ကမ္ဘာပေါ်တွင် ကူးစက်ပျံ့နှံ့နေပြီဖြစ်သည့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်ရောဂါပိုးသည် ဒီဇင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံပေါင်း ၄၄ နိုင်ငံသို့ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ သြစတြေးလျ အစရှိသည့် နိုင်ငံ၊ ဒေသများတွင် ဗီဇပြောင်းမျိုးကွဲရောဂါပိုးသစ်ကို အတည်ပြုတွေ့ရှိပြီးဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့်  မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင်လည်း ကူးစက်နေပြီဟု  သိရှိရသည်။


မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး အဝင်၊ အထွက် ထိတွေ့ဆက်ဆံမှု များသော ထိုင်းနိုင်ငံနှင့်ပတ်သက်၍ အထူးသတိပြုရမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင်  စပိန်နိုင်ငံမှ ရောက်ရှိလာသော အမေရိကန်ခရီးသွားဧည့်သည်တွင် အိုမီခရွန်ရောဂါ ပိုးသစ်ကို တွေ့ရှိခဲ့ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာလည်း မြင့်မား  လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုနှုန်း ကျဆင်းနေပြီး  အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိနေသောအခါ၌  ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးရှိသူများ နိုင်ငံအတွင်း ဝင်ရောက်လာမှုမရှိအောင် သက်ဆိုင်ရာ အဖွဲ့အစည်းများက     အထူးသတိထားစောင့်ကြပ်ကြည့်ရှုစစ်ဆေးနိုင်မည်ဟု  ယုံကြည်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးသစ်နှင့်ပတ်သက်၍   ကမ္ဘာတစ်ဝန်း   ဖြစ်ပွားမှုအခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိ ကူးစက်ခြင်းမရှိအောင် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ လူမှုကွန်ရက်စာမျက်နှာများပေါ်မှ   တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးနှင့်ပတ်သက်၍သာမက ကိုဗစ်-၁၉ ရောဂါ ပိုးသစ်နှင့်ပတ်သက်၍ မသမာသူ များက အွန်လိုင်းပေါ်မှနေ၍ မဟုတ်မမှန်သတင်းများကို ထုတ်လွှင့်လျက်ရှိသည်။ ပြည်သူလူထုအနေဖြင့် တရားမဝင်အွန်လိုင်းပေါ်မှ သတင်းများကို မှန်၏၊ မမှန်၏ စဉ်းစားဆင်ခြင်ချင့်ချိန် ယုံကြည်ကြရန် လိုအပ်သည်။ 


အထူးသဖြင့်     ယခုရက်ပိုင်းအတွင်း  အိုမီခရွန်ရောဂါနှင့်ပတ်သက်၍ လည်းကောင်း၊ နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုများ  ပြုလုပ်၍လည်းကောင်း နေအိမ်ပြင်ပသို့ မထွက်ကြရန်၊ ဈေးဆိုင်များ၊ အလုပ်များပိတ်ထားကြရန် သွေးထိုး လှုံ့ဆော်နေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင်  မမှန်သတင်းများကို  အလွယ်တကူမျှဝေနေကြသောသူများ အနေဖြင့် ဥပဒေနှင့်ငြိစွန်းပြီး အရေးယူခြင်းခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့်လည်း  မမှန်သတင်းများကို မိမိတို့၏အသိဉာဏ်ဖြင့် ဆင်ခြင်ဖယ်ရှားကြရန်လိုသည်။ မမှန်သတင်းများကို နားယောင်ပြီး အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်း မဖြစ်ကြရန်လိုသည်။


နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစေရန်  အကြမ်းဖက်သမားများနှင့် ဆူပူလှုပ်ရှားသူများကို တားဆီးကာကွယ်နှိမ်နင်းလျက် ရှိရာ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့အလုပ်အကိုင်မပျက်ဘဲ ဝိုင်းဝန်းလက်တွဲ လုပ်ကိုင်ကြရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသော အခြေခံစည်းမျဉ်း၊ စည်းကမ်းများကို  လိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများအနေဖြင့် ကျန်းမာရေးဌာနသို့   ချက်ချင်းသတင်းပေးပို့ခြင်း၊   အလှည့်ကျရရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေးထိုးနှံမှုခံယူရန်အတွက် ကျန်းမာရေးဌာနသို့  ဆက်သွယ်ပို့ဆောင်ခြင်းများကို   မမေ့မလျော့  သတိပြု ဆောင်ရွက်ကြရန် လိုအပ်သည်။


သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်အဖျက်အန္တရာယ် များကို ဝိုင်းဝန်းကာကွယ်ကြရန်၊ မမှန်သတင်း ကောလာဟလထုတ်လွှင့်နေမှုများကို ယုံကြည်မှုမရှိကြရန်နှင့် ကိုဗစ်-၁၉  ဗီဇပြောင်းမျိုးကွဲများ  ဝင်ရောက်ကူးစက် မလာစေရန်တို့အတွက် သက်ဆိုင်ရာလုံခြုံရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ကြိုးပမ်းကာကွယ်ဆောင်ရွက်နေသော  လုပ်ငန်း များတွင်    ကျရာကဏ္ဍမှ  တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်   အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။    ။