ဘေးကင်းလုံခြုံစေဖို့ အရည်အသွေးမီ ဆီကိုသာ ဝယ်ယူသုံးစွဲကြပါစို့

Type

မေယု-မျိုးအောင် (MANA) 

=================

ဟင်းသီးဟင်းရွက်ဆီ    (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍  ကုန်အညွှန်းအမှတ် အသားတွင် စီးပွားရေးလုပ်ငန်းရှင်များ  လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်ကို သက်ဆိုင်ရာက  ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်  ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်တွင်  “ဟင်းသီးဟင်းရွက်ဆီ” ဟူသည့်  ဖော်ပြချက်သည်  ကုန်အညွှန်းအမှတ် အသား  ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏   အမျိုးအမည်မဟုတ်သည့် အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြထား ခြင်းမရှိသော ယေဘုယျဆန်သည့် အမျိုးအမည် တစ်ခုသာဖြစ်ကြောင်း၊ ပင်ရင်းပါဝင်ပစ္စည်းများကို  အခြေခံသော ကုန်စည်၏အမျိုးအမည်ကို တိကျစွာ  မြန်မာဘာသာဖြင့် “ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) ၊  ဟင်းသီးဟင်းရွက်ဆီ   (အဆင့်မြင့် စားအုန်းဆီ)၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်   ယူနစ် ဖြစ်သော  ပိဿာ၊   ကျပ်သားတို့ကို    မြန်မာ  ဘာသာဖြင့်  ဖော်ပြရမည်ဖြစ်ကြောင်း”   ဖော်ပြ ထားသည်။ 
ဟင်းသီးဟင်းရွက်ဆီများသည်      အစေ့ သို့မဟုတ် အသီးအနှံများမှ ထုတ်ယူသော ဆီများ ဖြစ်သည်။ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ စားအုန်းဆီ စသည်တို့သည်  အသီးအနှံ များ၏    အစိတ်အပိုင်းများမှရရှိသော  ဆီများ ဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ  အသိပညာပေးမှု များအရ   လူတစ်ဦးသည်  တစ်နေ့လျှင်   ဆီကို လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းခန့် (၁ ဒသမ ၈ ကျပ်သား)၊ တစ်လလျှင် ၅၄ ကျပ်သားသာ စားသုံး သင့်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ၏ တစ်နေ့ ဆီစားသုံးမှုသည် ၂ ဒသမ ၂၅ ကျပ်သား၊ တစ်လလျှင် ၆၈ ကျပ်သား စားသုံးနေသဖြင့် ပုံမှန် သုံးစွဲသင့်သည့်     ပမာဏထက်    များစွာသုံးစွဲ နေကြောင်း စစ်တမ်းများအရ သိရသည်။


အခြေခံအချက်နှစ်ချက် 


ဘေးကင်းလုံခြုံမှုမရှိသော    စားဆီများကို သုံးစွဲခြင်းကြောင့်        ကျန်းမာရေးဆိုးကျိုး သက်ရောက်မှုမှာ ကြီးမားလျက်ရှိသည်။ ဆီစားသုံး မှုနှင့်ဆက်နွှယ်နေသော  ကျန်းမာရေးပြဿနာ များကို လေ့လာပါက အခြေခံအချက် နှစ်ချက်ကို  တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ ကျန်းမာရေး နှင့်   မသင့်လျော်သည့်ဆီများကို   စားသုံးမိခြင်း ဖြစ်ပြီး ဒုတိယအချက်မှာ သုံးစွဲသင့်သည်ထက် ပိုမိုစားသုံးမိနေခြင်း ဖြစ်သည်။ မြန်မာဟင်းအများစု တွင်လည်း   ဆီပြန်ဟင်းများကို  ဟင်းကောင်း အဖြစ် မြန်မာ့စားစရာ ဟင်းလျာများတွင်  ဆီက မပါမဖြစ်ဆိုသလိုပါနေပြီး        လိုသည်ထက်ပင် ပိုစားဖြစ်နေကြသည်။ 


အစားအစာသည် ဘဝတစ်ခုရှင်သန်ရန်အတွက် အရေးကြီးသော ကဏ္ဍတစ်ရပ်မှ  ပါဝင်နေပါသည်။ လူသားတို့   အသက်ရှင်နေထိုင်နိုင်ရေး၊  လူ့ဘဝ  တိုးတက်ဖွံ့ဖြိုးရေး၊ လူနေမှုပတ်ဝန်းကျင်  သာယာ လှပစိုပြည်ရေးတို့အတွက် အစားအစာကို မရှိမဖြစ်   အမှီသဟဲပြုကြရသည်။ လူတို့အသက်ရှင်နေထိုင်မှု နှင့်    နေ့စဉ်လှုပ်ရှားသွားလာမှုတို့ကို   တာဝန် ထမ်းဆောင်နေရသော  ခန္ဓာကိုယ်အတွက် မရှိမဖြစ်  လိုအပ်သော  စွမ်းအင်ကိုအစားအစာမှ  ရရှိသည်။  လူဦးရေတိုးပွားလာနေသည့် ကမ္ဘာကြီးတွင်   ကလေး မွေးဖွားနှုန်း     မြင့်မားနေသကဲ့သို့   သေဆုံးမှုနှုန်း မှာလည်း မြင့်မားနေသည်။ သေဆုံးမှုများထဲတွင်  ဘေးကင်းလုံခြုံမှုမရှိသော အစားအသောက်များမှ ရရှိ ဖြစ်ပွားသည့် ရောဂါများကြောင့်  သေဆုံးရခြင်းသည် လည်း အဓိကအကြောင်းအချက်တစ်ခုဖြစ်သည်။ 


ဥပဒေဖြင့် အကာအကွယ်ပေးရေးဆောင်ရွက်


မြန်မာနိုင်ငံတွင် အစားအသောက်နှင့် ပတ်သက် ၍ ၁၉၇၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ ကျန်းမာရေးဆိုင်ရာဥပဒေ၊     အမျိုးသားအစား အသောက်ဥပဒေ     (၁၉၉၇)၊   အမျိုးသားအစား အသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၃)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)တို့ကို ပြဋ္ဌာန်းထားသည်။ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် ရေးနှင့် စားဆီထုတ်လုပ်ရေးလုပ်ငန်းကို  အားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိသော်လည်း  တိုးတက် သင့်သလောက်    တိုးတက်နိုင်ခြင်း   မရှိသည်ကို တွေ့ရသည်။        စိုက်ပျိုးရေးဦးစီးဌာနကလည်း ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီ စားသုံးနိုင် ရေးနှင့် ပြည်တွင်းဆီထွက်သီးနှံဖူလုံရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးပြီး သက်ဆိုင်ရာ ပညာရှင် များက  ဆွေးနွေးကြကာ  ရလဒ်ဖော်ထုတ်ပေးရန် ပြောကြားသည်။  စိုက်ပျိုးရေးနှင့်  ကုန်သွယ်ရေးကဏ္ဍ အပြင် စားသုံးသူကာကွယ်ရေးကဏ္ဍကလည်း ဥပဒေ ဖြင့် အကာအကွယ်ပေးရေး ဆောင်ရွက်လျက်ရှိသည်။ 


မြန်မာနိုင်ငံ၏ စားသုံးမှုပုံစံဓလေ့အရ ဆီစားသုံး  မှုမှာ ပိုမိုများပြားနေကြောင်းသိရပြီး  နိုင်ငံခြားငွေ များစွာ     အသုံးပြုတင်သွင်းရသဖြင့်    သွင်းကုန် အစားထိုး ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည်ကို တွေ့ရသည်။ စားသုံးဆီများတွင်  ပြည့်ဝဆီနည်းခြင်း က ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ရာ ဆီများကို  ဓာတ်ခွဲစစ်ဆေးထုတ်ပြန်ချက်အရ နှမ်းဆီ၊ နေကြာဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်ဆီများက ပြည့်ဝဆီ  အနည်းဆုံး ဖြစ်ပြီး စားအုန်းဆီက ပြည့်ဝဆီများသည်ကို တွေ့ရ သည်။     သတ်မှတ်အရည်အသွေးဖြင့်   ပြည်ပမှ တင်သွင်းခွင့်ပြုထားခြင်းဖြစ်၍ စားသုံးရန်မသင့်သည့် ဆီမဟုတ်ဘဲ ကျန်းမာရေးမထိခိုက်စေသော သန့်ရှင်း  သောဆီဖြစ်စေရေးအတွက်  သိုလှောင်သယ်ယူထုပ်ပိုး သည့် နေရာများ၊ လက်လီရောင်းချသည့် နေရာများ အဆင့်ဆင့်တွင် သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ရန်  လိုအပ်သည်။ 
ဆီစားသုံးမှုများပြားနေမှုကို အကြောင်းပြု၍ စားသုံးဆီတင်သွင်းရောင်းချသူများ၊     ထုတ်လုပ် ဖြန့်ဖြူးသူများက စားသုံးသူများ ထင်ယောင်ထင်မှား ဖြစ်စေသည့် သို့မဟုတ် အခြေခံလိုအပ်ချက်အပေါ်တွင်  စိတ်ကျေနပ်မှုရှိစေရေးအတွက် လုပ်ဆောင်လာကြ သည်။ မည်သည့်အပင်၏အစေ့မှ ထုတ်လုပ်ထားသည့်  ဆီဖြစ်ကြောင်း တိတိကျကျ  မဖော်ပြဘဲ  ဟင်းသီး ဟင်းရွက်ဆီ   (Vegetable Oil,    Cooking Oil)  ဖြစ်ကြောင်းကို   အသီးအရွက်ပုံများ  ဖော်ပြကာ ဈေးကွက်အတွင်း တံဆိပ်ကပ် ကြော်ငြာရောင်းချ  နေသည်ကို  အားလုံးက  တွေ့မြင်နေကြရသည်။ ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ အမျိုး အစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားကို တိကျစွာ   ဖော်ပြခြင်းမပြုသည့်အပြင်   အချို့သော ကြော်ငြာများက  မိမိတို့၏ဆီသည်  မပြည့်ဝဆီအမျိုး အစားဖြစ်ပြီး    ကိုလက်စထရောမပါဝင်ကြောင်း အာမခံရောင်းချလျက်ရှိသည်။ 


မြန်မာနိုင်ငံသည်      စားသုံးသူအများစုက အရည်အသွေး မပြည့်မီသည့် ဆီများစားသုံးခြင်း၊ ဆီကို စားသုံးသင့်သည့် ပမာဏထက် ကျော်လွန်  စားသုံးခြင်းကြောင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပေါ်နေရသည်။ စားအုန်းဆီကို  မြေပဲ၊  နှမ်း  ဓာတုအနံ့များထည့်သွင်းကာ မြေပဲဆီ၊ နှမ်းဆီ အဖြစ်    လိမ်လည်ရောင်းချခြင်း၊   ကျန်းမာရေး အတွက် အန္တရာယ်ရှိသည့် မသန့်စင်ရသေးသည့်  ဝါစေ့ဆီ အနီရောင်ကို အရောင်လှအောင်ရောစပ်၍ နှမ်းဆီအဖြစ် ရောင်းချခြင်း၊ ရောဆီ၊  စပ်ဆီဟု ဆိုကာ မြေပဲဆီနှင့် စားအုန်းဆီများကို  ရောနှော ထားပြီး ပါဝင်ပစ္စည်းဖော်ပြရာတွင် ဆီအမျိုးအစား နှင့် ရာခိုင်နှုန်းကို မှန်ကန်စွာဖော်ပြမှုမရှိဘဲ မြေပဲဆီ ပါဝင်မှု ရာခိုင်နှုန်းကို ပိုမိုဖော်ပြပြီး ဈေးနှုန်းတိုးမြှင့် ရောင်းချခြင်း၊  ဆီသန့်အသစ်   သုံးရမည့်အစား ပြန်ကြော်ဆီများကို    ပြန်လည်သုံးစွဲခြင်း  စသည့် နည်းကို အသုံးပြုလျက်ရှိသည်။ 


ပြည်တွင်းဆီစက်လုပ်ငန်းများ
လည်ပတ်နိုင်မှုအားလျော့


မြန်မာနိုင်ငံတွင်     စိုက်ပျိုးထွက်ရှိသည့် ဆီထွက်သီးနှံအားလုံးကို  စားဆီအဖြစ်   ကြိတ်ခွဲ ထုတ်လုပ်မည်ဆိုလျှင်မူ ဆီဖူလုံမှုရှိမည်ဖြစ်သော် လည်း မြေပဲနှင့်နှမ်းသည် ပြည်ပဝယ်လိုအားများ ပြည်ပပို့ကုန်ဖြစ်ခြင်းကြောင့် ပြည်တွင်းဆီ လိုအပ် ချက်အတွက် စားအုန်းဆီကို  တင်သွင်းဖြည့်ဆည်း ရလျက်ရှိသည်။ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊  နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုန်ညင်း၊ ပဲပုပ်တို့သည် ဒေသမရွေး    စိုက်ပျိုးနိုင်မှုမရှိခြင်း၊    နှမ်းနှင့် မြေပဲသည် ပြည်ပဝယ်လိုအားအပြင် မုန့်လုပ်ငန်း အသုံးပြုမှုများလည်း ရှိခြင်းတို့ကြောင့်  တစ်နှစ် ထက်တစ်နှစ်  ဈေးနှုန်းမြင့်တက်လျက်ရှိသည်။  ဈေးအမြင့်ကို စားသုံးသူအများစုက ဝယ်ယူစားသုံး နိုင်ခြင်းမရှိတော့ဘဲ လေးပုံတစ်ပုံခန့် ဈေးသက်သာ သည့် စားအုန်းဆီ (သို့) ရောနှောဆီများကို ဝယ်ယူ စားသုံးနေကြရသောအခါ     ပြည်တွင်းဆီစက် လုပ်ငန်းများသည်  လည်ပတ်နိုင်မှု  အားလျော့ သွားသည့်အခြေအနေကို ကြုံတွေ့ရလျက်ရှိသည်။ အချို့ဆီစက်များအနေဖြင့် ဆီထွက်သီးနှံများကို  ကိုယ်တိုင်ဝယ်ယူကြိတ်ခွဲ၍ မိမိစက်ရုံတံဆိပ်ဖြင့် ဆီထုတ်လုပ်ရောင်းချနိုင်သည့်အခြေအနေမှ နဝလီ ကြိတ်ပေးခြင်းများသာ ဆောင်ရွက်နေသည့် ဆီစက် များအဖြစ်သာ လည်ပတ်နေသည်ကို တွေ့ရသည်။ 
စားသုံးသူရေးရာဦးစီးဌာနမှ  သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များသည် ဆီစက် များ၊ ဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆီစက် မရှိဘဲ    တံဆိပ်ကပ်ရောင်းချနေသော   ဆီများ၊ လိုအပ်သည့်     အထောက်အထားမပါရှိသော ဆီများကိုစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ပို့၍ စားသုံးရန် မသင့်အဖြေထွက်ပါက     တားမြစ်သိမ်းဆည်း ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်ကို ကြားသိ ရသည်။ ဈေးများအတွင်းတွင် ဆီများကို ခွက်ခြင် ဖြင့် ရောင်းချသူများသည်လည်း မိမိရောင်းချသော  ဆီများဖြစ်သည့်    စားအုန်းဆီ၊  မြေပဲဆီများကို မည်သည့်ဆီစက်၊ မည်သည့်လက်ကားဆိုင်များက ဝယ်ယူသည်ဆိုသည့် ပြေစာမှတ်တမ်းထားရှိရန်၊ ရောနှောဆီကို    စားသုံးသူတောင်းဆိုချက်အရ ကျေနပ်မှ မှန်ကန်သောအချိုးအစားဖြင့် ရောနှော ပေးရန်၊ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင် ရမည့်အချက်များ     ပြည့်စုံစွာဖော်ပြပါရှိရမည် ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက အသိပေး လျက်ရှိကြောင်း သိရသည်။


စားသုံးသူပြည်သူအများစုမှာ  ကျန်းမာရေး အသိဗဟုသုတ  မရှိသောကြောင့်လည်းကောင်း၊ သိသော်လည်း ဝင်ငွေအဆင့်နိမ့်ကျသဖြင့်  လုံခြုံ စိတ်ချရသော  စားသုံးဆီကို  မစားသုံးနိုင်သော ကြောင့်လည်းကောင်း၊    ရေရှည်ကောင်းကျိုးကို ကြည့်ရမည့်အစား  အမြင်၊  အနံ့၊  အရသာဖြင့် ရွေးချယ်ဝယ်ယူတတ်သော    ဓလေ့စရိုက်များ ကြောင့်လည်းကောင်း    ထုတ်လုပ်သူများက မမှန်မကန်  ထုတ်လုပ်လျက်ရှိသည့်  စားသုံးဆီ များကို အားပေးနေသည့်  ဈေးကွက်ရှိနေသေးခြင်း ဖြစ်သည်ကို   တွေ့ရသည်။   မှန်ကန်မှုမရှိသော စားသုံးဆီများကြောင့် ကမ္ဘာတစ်ဝန်းတွင်  နှလုံး သွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန် ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း စသည့်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။   ပြည့်ဝဆီဆိုရာတွင် တိရစ္ဆာန်များမှထွက်သော အဆီများ ပါဝင်သည် ကိုလည်း သတိချပ်စေလိုသည်။ အကြောင်းမှာ အချို့တောရွာများတွင် အလှူအတန်းတစ်ခုခုပြီးသည့် အခါ  ဥပမာ - ဝက်သားချက်ရာမှ ထွက်လာသော (ဝက်ဆီ) နှင့်  အမဲဆီကဲ့သို့ တိရစ္ဆာန်တို့၏ အဆီများ ကို သိုလှောင်ကာ  ရောင်းချသည့်  ဓလေ့များရှိနေတတ် ခြင်းကြောင့် ဖြစ်သည်။ 


ဆီကို    မီးခိုးငွေ့ထွက်သည်အထိ    အပူချိန် မြင့်မားစွာထားမည်ဆိုလျှင်     ဆီ၏ဓာတုပြောင်းလဲ ဆင့်ကဲဖြစ်စဉ်ကို      တားဆီးလျှော့ချထားစေရုံ သာမက  မြေပဲဆီ၏ပင်ကိုသဘာဝ   မွှေးပျံ့သော အရသာကို     ယိုယွင်းသွားစေမည်   ဖြစ်သည်။ စားသုံးဆီများတွင် Smoke Point ဟူ၍ ရှိသည်။ Smoke Point  ဆိုသည်မှာ ဆီ၏ မီးအပူချိန်ကို  ခံနိုင်သော ပမာဏထက်  လွန်ကဲသွားလျှင်  ဆီမှ အန္တရာယ်ရှိသော Free Radiacals များ ထွက်လာနိုင် သည်။ မီးပြင်းပြင်းနှင့်ကြော်ရမည့်အချိန်တွင် Smoke  Point မြင့်မားသော ဆီအမျိုးအစားကိုသာ  သုံးသင့် သည်။ ဆီများတွင်လည်း Smoke Point တစ်ခုနှင့် တစ်ခု ကွာခြားလျက်ရှိသည်။  ဥပမာ-  အုန်းသီးမှ ထုတ်လုပ်သော အုန်းဆီ၏ Smoke Point မှာ ၁၁၇ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး    ပဲပုပ်မှထုတ်လုပ်သော ပဲပုပ်ဆီ၏ Smoke Point မှာ ၂၄၁ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။   ဆီများကို  သုံးစွဲရာတွင်  ဘူးခွံတွင် ပါဝင်သော Smoke Point များကိုကြည့်ကာ ရွေးချယ် ဝယ်ယူသင့်သည်။ ဆီတွင်ပါဝင်သော အဆီဓာတ်၊  ကိုလက်စထရောပမာဏ၊ ဆိုဒီယမ်၊ ကယ်လိုရီစသည်  များကိုလည်း ကြည့်ရှုနှိုင်းယှဉ်ပြီး  ဝယ်ယူသင့်သည်။ 


ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်း ဇယားများအရ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့်   အချိန်မတိုင်မီ    သေဆုံးနိုင်ခြေ  ၂၄ ရာခိုင်နှုန်း ပိုများနေသည်။ မကူးစက်နိုင်သော ရောဂါများကြောင့် ၂၀၁၈ ခုနှစ်အတွင်း  သေဆုံးမှု များ၏ ၂၅ ရာခိုင်နှုန်းသည် နှလုံးနှင့် သွေးကြောရောဂါ  များကြောင့်ဖြစ်ပြီး ၁၃ ရာခိုင်နှုန်းမှာ ကင်ဆာရောဂါ များကြောင့်ဖြစ်ကြောင်း သိရသည်။ 


စားသုံးသူများသည် စားသုံးသူ  ကာကွယ်ရေး ဥပဒေအရ မိမိဝယ်ယူမည့် ကုန်စည်အတွက် လိုအပ် သော  သတင်းအချက်အလက်  ပြည့်စုံမှန်ကန်စွာ သိရှိခွင့်ရှိသည်။ ကုန်စည်နှင့်ပတ်သက်၍ မှားယွင်း သော ဖော်ပြခြင်းဖြစ်စေ၊ မမှန်ကန်သော ကြော်ငြာ ခြင်းဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ စားသုံးသူက လွဲမှားစွာ လက်ခံစေရန် ရည်ရွယ်၍  ဆောင်ရွက်လျှင်  လိမ်လည်လှည့်ဖြားရာရောက် သည်။ စားသုံးဆီ ရောင်းချဖြန့်ဖြူးသူ လုပ်ငန်းရှင် များအနေဖြင့်    မိမိတို့ရောင်းချမည့်   စားသုံးဆီ အမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ် အစား၊  အရေအတွက်နှင့်   အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို    မဖြစ်မနေ ဖော်ပြရန် လိုအပ်သည်။ သို့မှသာ  စားသုံးသူများ အနေဖြင့်   မိမိကျန်းမာရေးနှင့်သင့်တော်သည့် ဆီအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပြီး အစား အသောက် ဘေးကင်းလုံခြုံမှုကို ရရှိခံစားနိုင်မည် ဖြစ်သည်။ 


ထို့ကြောင့် သက်ရှည်ကျန်းမာစွာ  နေထိုင် နိုင်ရန် အထက်ပါအချက်များအတိုင်း    လိုက်နာကာ စားသုံးဆီများကို ရွေးချယ်ဝယ်ယူကြပြီး ဆီစားသုံး မှုဓလေ့ကို ပြုပြင်ရန်လိုအပ်ပါကြောင်း ရေးသား လိုက်ရပါသည်။    ။