
ရန်ကုန် မေ ၁၉
ဆီးဂိမ်းဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၁၉ ရက်က ကျင်းပရာ မြန်မာအသင်း ဗိုလ်လုပွဲ တက်ရောက်သွားသည်။ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းက ဗီယက်နမ်အသင်းကို သုံးပွဲပြတ်၊ စင်ကာပူအသင်းက ထိုင်းအသင်းကို ၃-၂ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းတွင် ပေါက်စနှင့် မင်းစည်သူထွန်းတို့ ပါဝင်ပြီး အိမ်ရှင်ဗီယက်နမ်အသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ပထမပွဲငယ်တွင် ၁၀၀-၂၄ မှတ်၊ ဒုတိယပွဲ ငယ်တွင် ၁၀၀-၉၆ မှတ်၊ တတိယပွဲငယ်တွင် ၁၀၀-၆၆ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အခြားဆီမီး ဖိုင်နယ်တွင် ပီတာဂေးလ်ခရစ်နှင့် ယီဝေပန် (စင်ကာပူ) အတွဲက ပရာပွတ်နှင့် ထာဝပ် (ထိုင်း) အတွဲကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် အောင်မြင်မှုများစွာရရှိထားသည့် ပရာပွတ် နှင့် ထာဝပ်အတွဲမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့၏ ဗိုလ်လုပွဲကို မေ ၂၀ ရက် (ယနေ့) ပြုလုပ်မည်ဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့သည် ယခုယှဉ်ပြိုင်နေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ရရှိထားပြီး ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပေါက်စက ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် နှစ်ယောက်တွဲ ပြိုင်ပွဲတွင် မင်းစည်သူထွန်းနှင့် တွဲဖက်ကာ ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ ရဲရင့်လွင်