
ကိုသံချောင်း - မစာဥ တစ်ခန်းရပ်စကားပြောခန်း (၇)
ဒေါင်
နေ့လယ်ခင်းအပူရှိန်က သိသိသာသာမြင့်တက်လာသည်။ နွေဦး၏ နေ့လယ်ခင်းတစ်ခုဝယ် နွမ်းလျသောခြေသံတစ်စုံကြောင့် ကိုသံချောင်း အိမ်တံခါးဝဆီသို့ ကြည့်မိသည်။ စိတ်ပျက်လက်ပျက်အမူအရာနှင့် အိမ်နီးချင်း အပျိုကြီးမစာဥက အိမ်တွင်းသို့ ဘောက်ဆတ်ဆတ် လျှောက်လာ၏။
“မျက်နှာကလည်း ပြိုခါနီး မိုးလိုမည်းမှောင်နေပါလား အပျိုကြီး ရဲ့။ သားသားနားနား ဝတ်စားထားပုံထောက်ရင် အပြင်က ပြန်လာ တယ် ထင်ပါရဲ့။ ဘာတွေဖြစ်လာတာလဲ”
“ဘဏ်ကပြန်လာတာ ကိုသံချောင်းရေ။ ဘဏ်တွေပိတ်ထားတာ ကြာ၊ အလုပ်ကလည်း အဆင်မပြေတော့ ငွေထုတ်ရအောင်သွားတာ။ ငွေထုတ်လို့မရတဲ့အပြင် သပိတ် လူစုတွေ ရှောင်ရရှားရတာနဲ့ ခြေကုန် လက်ပန်းကျနေတာ။ ကျွန်မဖုန်းထဲကနေ မိုဘိုင်း Banking သုံးလို့ရ အောင် ရှင်ကူညီပေးပါဦး”
“ဘဏ်တွေက အခုထိမဖွင့်သေးဘူးလားဗျာ။ ဒါဆိုရင် ခင်ဗျား သုံးစရာ စွဲစရာရော အဆင်ပြေရဲ့လားဗျ”
“ပြောချင်တာ အဲဒါပဲ ကိုသံချောင်းရေ။ တိုင်းပြည်က နိုင်ငံရေး အခြေအနေက အပြောင်းအလဲကာလပါဆိုနေမှ ဘဏ်ကပိတ်ထား တော့ ငွေကြေးစီးဆင်းမှုက ရပ်သွားတာပေါ့ရှင်။ ကျွန်မလည်း ဝင်ငွေနည်းလာတော့ ခွကျတာပဲ။ အခုဟာက ရှာရသလောက်ကို ဘဏ်ထဲမှာ အပ်ထားတာဆိုတော့ ထုတ်မရဖြစ်နေတာရှင့်”
“ဘဏ်ဝန်ထမ်းတွေက CDM လုပ်ကြသတဲ့ဗျာ။ အဲဒီတော့ ဝန်ထမ်းအင်အားမလုံလောက်တော့ ဘဏ်တွေ ချက်ချင်းမဖွင့်နိုင် ဘူးပေါ့။ ဘဏ်တွေမဖွင့်နိုင်လို့ ထိခိုက်ရတာက အစိုးရမှ မဟုတ်ဘဲ။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ ငွေပို့၊ ငွေလွှဲနေကြရတဲ့ ပြည်သူတွေ၊ လကုန်ရင် လစာမျှော်ရတဲ့ဝန်ထမ်းတွေ၊ အပျိုကြီးလိုမျိုးရှိတာ လေးကို ဘဏ်ထဲပြေးပြေးပြီး စုတတ်ကြတဲ့ ပြည်သူတွေပဲပေါ့။ မြှောက်ပေးတဲ့သူတွေက ဘဏ်ဝန်ထမ်းတွေကို အလုပ်ခန့်ပေး ကြမှာတဲ့လားဗျာ။ ဒီကြားထဲ တိုင်းပြည်ခြေခင်းလက်ခင်း မသာရင် ဘဏ်ကငွေတွေ အကုန်ပြေးထုတ်ချင်ကြတဲ့သူတွေကြောင့် ဘဏ် တွေမှာ အလုပ်တွေပိုများ၊ ဝန်ထမ်းအင်အားနည်းနဲ့ ဂျာအေးကို သူ့အမေရိုက်သလို ဖြစ်နေရှာတယ်လို့ပဲ ကျွန်တော်ကတော့ မြင်တယ်ဗျာ”
“ဒါဆိုရင် ဘဏ်က ကိုယ့်ပိုက်ဆံကို မထုတ်ဘဲထားရမလားရှင့်။ လိုအပ်သလောက်တော့ ထုတ်သင့်ပါတယ်။ အကုန်တော့ မထုတ် ကြနဲ့ပေါ့ရှင်။ အခုဟာက အေတီအမ်စက်တွေထဲ ငွေထည့်တော့လည်း ထုတ်လို့ရသလောက် ထုတ်ပစ်ကြတယ်။ နောက်လူရှေ့လူ မတွက်ကြ တော့ဘူး။ အခုလည်း ဘဏ်အချို့က ပြန်ဖွင့်ဖို့ကြိုးစားတဲ့အခါမှာ လည်း မဖွင့်နိုင်အောင် ဖျက်လိုဖျက်ဆီး လုပ်ချင်ကြပြန်တယ်ရှင်။ ဖွင့်မယ်ကြံတာနဲ့ ဆန္ဒပြကြတယ်”
“အမှန်ပဲ မစာဥရေ။ ကျွန်တော်တို့ ခင်ဗျားတို့လို တကယ်လိုအပ် နေတဲ့ ပြည်သူတွေပဲ နစ်နာကြရတာပေါ့။ ဘဏ်ဝန်ထမ်းတွေထဲမှာ မြှောက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ပေါ်လာခဲ့တယ်ဗျ။ အဲဒါက ဖေဖော်ဝါရီလ ၃ ရက်မှာ စတင်ခဲ့တာ။ Myanmar Bankers Union ဆိုပြီး ဘဏ်ဝန်ထမ်းတွေကို ရုံးမတက်အောင် လှုံ့ဆော် ကြ၊ အချင်းချင်းမြှောက်ပေးကြနဲ့ပေါ့ဗျာ။ ဒါကို ဘဏ်ဝန်ထမ်းတွေ ကလည်း သိထားကြဖို့ လိုတယ်ဗျ။ ဘဏ်အများစုက သူတို့ ရုံးမတက် ကြပေမယ့် ရုံးလစာတွေကို ထုတ်ပေးခဲ့တယ်လို့ လကုန်ရက်ကတော့ ကြားမိပါတယ်။ အဲဒါဆိုရင်လည်း ကိုယ့်အလုပ်ကို တာဝန်ကျေကျေနဲ့ ပြန်တက်ပေးကြဖို့ လိုအပ်တာပေါ့ဗျာ”
“ဗဟိုဘဏ်က ဝန်ထမ်းအချို့ကိုလည်း အဲဒီအဖွဲ့တွေကပဲ မြှောက်ပေးခဲ့တာလို့ ကျွန်မကတော့ ထင်တာပဲရှင်။ ဒီလိုလုပ်မှ နိုင်ငံ့စီးပွားရေး မလည်ပတ်နိုင်ဘူးပေါ့လေ။ ဒါက စေတနာလားရှင့်။ အရေးပေါ်ငွေလိုအပ်လာခဲ့တဲ့ ပြည်သူတွေ ဘယ်လိုထုတ်ကြရပါ့မလဲ။ ဒါတင်မကသေးဘူး။ စေတနာနဲ့ဖွင့်ပေးတဲ့ ဘဏ်တွေကျတော့ အတင်းကာရော ပိုက်ဆံတွေထုတ်ခိုင်းကြတာ ဝန်ဆောင်မှုမပေး နိုင်တော့တဲ့ အထိပဲတဲ့။ ဒီပုံနဲ့ ဘဏ်တွေရပ်ဆိုင်းတော့ ခံနေရတာက ပြည်သူပါပဲရှင်”
“ဘဏ်ကနေ ငွေအလွှဲအပြောင်းလုပ်ပြီး စီးပွားရှာရသူတွေ သိပ်ကို ထိခိုက်ကြတာပေါ့ဗျာ။ ကျွန်တော့်မိတ်ဆွေဆိုရင် ဖရဲသီး တင်ပို့တာ ဘဏ်ကနေငွေလွှဲမရတော့ ဒီဘက်မှာ ရှင်းရမယ့်ငွေတွေမပေးနိုင်တော့ဘူး။ သွင်းကုန်တွေလည်း မသွင်းနိုင်ကြဘူး။ ဘဏ်ကနေ ငွေလွှဲလို့ မရတာဗျာ ဈေးတွေလည်း လွှတ်တက်တာသာကြည့်ပေတော့ အပျိုကြီး ရေ။ စားအုန်းဆီတွေ၊ အချိုမှုန့်တွေကနေစပြီး မုန့်ပဲသရေစာ၊ အလှကုန်၊ ဆေးဝါးအကုန်ကို ဈေးလိုက်တက်တာ အဓိကတရားခံတွေထဲမှာ ဘဏ်ဝန်ထမ်းတွေတောင် ပါနေတယ်လို့ ကျွန်တော်ကတော့ ဆိုချင် တာပဲဗျာ”
“ဒါဆိုရင် ကျွန်မတို့က ဘဏ်တွေဖွင့်အောင် ဘယ်လိုတောင်းဆို ကြရမလဲရှင့်။ သူများလို ဆိုင်းဘုတ်ထောင်ပြီး ပုဂ္ဂလိကဘဏ်တွေ ပြန်ဖွင့်ပေးပါဆိုပြီး ဆန္ဒပြရမလားရှင့်”
“မလုပ်ပါနဲ့မစာဥရယ်။ သူတို့ကို နိုင်ငံတော်က ဒီအတိုင်းဘယ်လွှတ် ထားပါ့မလဲဗျာ။ ဖေဖော်ဝါရီလဆန်းကတည်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကနေ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ငွေရေး ကြေးရေးနဲ့ဘဏ်လုပ်ငန်းရှင်တွေကိုလည်း တွေ့ပြီးပါပြီ။ တိုင်း ဒေသကြီးနဲ့ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အသီးသီးကလည်း စီးပွားရေးကဏ္ဍ ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်နေကြပါပြီဗျ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီးပွားရေးရာကော်မတီကလည်း ဘဏ် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့်လုပ်ဆောင်ချက်တွေ ရှိနေမှာပါဗျ။ ဒါကြောင့်စိတ်မပူဘဲ ကျွန်တော်တို့ စောင့်ကြည့်ကြ တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ နစ်နာမှုမရှိအောင် ဘဏ် ဝန်ထမ်းတွေလည်း CDM မလုပ်ဘဲ ရုံးပြန်တက်ကြပါစေဗျာ။ ငွေကြေးဝန်ဆောင်မှုရလိုသူတွေကလည်း ဘဏ်တွေရဲ့အခက်အခဲကို နားလည်မှု ရှိရှိနဲ့ မဖြစ်မနေ ထုတ်ရမယ့်ပမာဏကိုပဲ ထုတ်ပေးကြတာ၊ ငွေလွှဲမှုမြန်ဆန်အောင် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်တာမျိုးနဲ့ ဘဏ်တွေကို ကူညီပေးကြရမှာပေါ့ဗျာ။ ဒါမှသာ ပြည်သူတွေအားလုံး အေးအေးချမ်းချမ်းနဲ့ငွေကြေးပြဿနာပြေလည်မှာပေါ့”
“ဟုတ်ပါပြီရှင်။ ကိုသံချောင်းနဲ့ စကားပြောလိုက်ရလို့ စိတ်ပူရ တာတော့ နည်းနည်း လျော့သွားပါပြီ။ အမြန်ဆုံးပြန်ဖွင့်ပေးကြပါလို့ ကျွန်မကတော့ ဘုရားရှိခိုးတိုင်း ထည့်ဆုတောင်းနေတော့မှာ”
“ကောင်းပါပြီဗျာ။ ဘုရားရှိခိုးရင် ဘဏ်တွေပြန်ဖွင့်ပေးဖို့အပြင် ဖူးစာဖက်အစစ်နဲ့ အမြန်ဆုံးနီးစပ်အောင်လို့လည်း ထည့်ဆုတောင်း ပါဦးဗျ”
“နေပါရှင်။ ပိုက်ဆံထုတ်မရလို့ စိတ်ညစ်ရတဲ့အထဲ ရှင်က တစ်မှောင့် ပေါ့လေ”
“မဟုတ်ရပါဘူးဗျာ။ ကျွန်တော်က မစာဥစိတ်ညစ်တာတွေ ပျောက်အောင် စတာပါဗျ။ ဘဏ်တွေပြန်ဖွင့်တာနဲ့အတူတူ သွားကြတာပေါ့။ ကျွန်တော်လည်း နယ်က ညီမဆီကို ငွေလေးပို့ ပေးချင်လို့ပါ”
နှုတ်တောင်မဆက်နိုင်ဘဲ ထွက်ခွာသွားသည့် မစာဥကို ကြည့်ရင်း ကိုသံချောင်းက တိုးတိုးလေးဆုတောင်းပေးနေမိသည်။ “ဘဏ်တွေအမြန်ဆုံးပြန်ဖွင့်ပါစေ”။ ဒါမှလည်း မစာဥ စိတ်ချမ်းသာ မည် မဟုတ်ပါလား။ ။
- Log in to post comments