ဘရန့်ဖို့ဒ်ကို အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် (၁၁) အထိ တက်လှမ်းနိုင်ခဲ့သည့် ဆောက်သမ်တန်

 

ပရီမီယာလိဂ်ပွဲစဉ် (၁၈) မှ လက်ကျန်ပွဲစဉ်အဖြစ် ဆောက်သမ် တန်အသင်းနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်း က စိန့်မေရီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ (အပေါ်ပုံ) ဆောက်သမ် တန်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 


ဆောက်သမ်တန်အသင်းသည်      ယခုနိုင်ပွဲကြောင့် ပရီမီယာလိဂ် ပွဲ ၂၀ ကစားပြီး ရမှတ် ၂၄ မှတ်ဖြင့်  အဆင့် (၁၁) နေရာအထိ တက်လှမ်းလာနိုင်ခဲ့သည်။ ယခုပွဲစဉ်တွင် အိမ်ရှင် ဆောက်သမ်တန်အသင်းသည် ဘရန့်ဖို့ဒ်အသင်းကို  ဂိုးကန် သွင်းမှုအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ 

 


ယခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ဆောက်သမ်တန်အသင်းက ပွဲချိန် ငါးမိနစ်တွင် ရရှိခဲ့ပြီး ဘက်နာရက်ခ်က သွင်းယူပေးခဲ့သည်။ ထို့နောက်  ဘရန့်ဖို့ဒ်အသင်းချေပဂိုးရရှိခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် ဂျနက်က သွင်းယူပေးနိုင်ခဲ့သည်။  ပွဲချိန် ၃၇ မိနစ်တွင် ဘရန့်ဖို့ဒ် အသင်းက   အယ်ဗာရို ဖာနန်ဒက်စ် ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်ခဲ့၍ ပထမပိုင်းကို ဆောက်သမ်တန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။  ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာမီ ဆောက်သမ်တန်အသင်း တတိယဂိုးရရှိခဲ့ကာ   ဘရိုဂျာက   သွင်းယူပေးနိုင်ခဲ့သည်။  ဘရန့်ဖို့ဒ် အသင်းသည် ချေပဂိုးရရှိရန် ကစားသမားအပြောင်းအလဲပြုလုပ်လာခဲ့သော်လည်း  ချေပဂိုးနှင့်ဝေးကွာခဲ့ရသည်။ ဆောက်သမ်တန် အသင်း အတွက် စတုတ္ထဂိုးကို မိနစ် ၇၀ တွင် အဒမ်စ်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ဆောက်သမ်တန်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။                                                                                                                

အောင်ဇော်