
ရန်ကုန် ဇူလိုင် ၄
ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အကြိမ်(၃၀) မြောက် အစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသံဝရာဘိဝံသက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်တည်တံ့စွာဖွင့်လှစ်နိုင် ရေးနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြား ခွင့်မဆုံးရှုံးနိုင်စေရေးအတွက် ဆောင်ရွက်ဖွယ်ကိစ္စ မှန်သမျှ သတိသမ္ပဇဉ်ဉာဏ်ယှဉ်၍ အမှားအယွင်း မရှိရလေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမှားအယွင်းရှိခဲ့ပါက ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအပေါ် ယုံကြည်မှုအားနည်းလာမည် ဖြစ်၍ လုပ်ငန်းကိစ္စဆောင်ရွက်ရာတွင် အမှားအယွင်း ကင်းစေရန် စေတနာထား ဆောင်ရွက်ကြစေလို ကြောင်း ဩဝါဒကထာ မြွက်ကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။ (အပေါ်ပုံ)
ယင်းနောက် ဘုန်းတော်ကြီးကျောင်း ပညာ သင်ကြားမှု(ဗဟို)ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့အစည်း အဝေး(၂၀၂၃)၏ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှုဆိုင်ရာလုပ်ငန်းစဉ်များကို လျှောက်ထားသည်။
ဆက်လက်၍ ကြွရောက်လာကြသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယာမက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ ချမှတ် ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအတိုင်း သင်ကြားကြရမည်ဖြစ်ပြီး စာသင်ဆောင်များ ဆရာ ဆရာမ လုံလောက်မှု၊ သင်ကြားစနစ်မှန်ကန်မှုတို့ကို ပြည့်စုံအောင်ဆောင်ရွက်ရေး၊ သင်ကြားရေးဆရာ တော်များကလည်း နိုင်ငံတော်၏ဦးတည်ချက်များကို ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြ ရန် ဩဝါဒကထာမြွက်ကြားသည်။
ထို့နောက် ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းလျှောက်ထားကာ ဆွေးနွေး ချက် (၇) ရပ်နှင့်ပတ်သက်၍ အတည်ပြုချက်နှင့် ဆုံးဖြတ်ချက်များကို ချမှတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစာရက ဘုန်းတော်ကြီးသင်ပညာရေးကို အားထုတ်ဆောင်ရွက်လျက်ရှိကြသော ဆရာတော် များမှ ပညာရေးမူဝါဒနှင့်အညီ ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း ဩဝါဒကထာမြွက်ကြားပြီး ဒုတိယ ဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော်ကြီး များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။
သတင်းစဉ်