
ကိုလင်း
“အလုပ်တစ်ခုလောက်ရှာပြီး အိမ်စရိတ်လေး မျှပါလား” သားရယ် ဆိုတဲ့ အမေ့စကားဟာ ၁၀ တန်းအောင်ပြီးစ တက္ကသိုလ်တက်မယ့် ကျွန်တော့် အတွက် အားတစ်ခုလည်း ဖြစ်ခဲ့သလို ဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်း လက်လျှော့ရမယ်ဆိုတဲ့ အတွေးကလည်း ခေါင်းထဲရောက်လာခဲ့တယ်။ လူငယ်ပီပီ ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်ခွင့်မရတဲ့အခါတိုင်း မိဘကို ဇွတ်အတင်း ပူဆာတတ်သလို၊ တစ်ယောက်တည်းလည်း ဝမ်းနည်းမျက်ရည်ကျတတ် ကြတာ သဘာဝပါပဲ။
ပါးပြင်ပေါ်ကျလာတဲ့မျက်ရည်ကို အမေမမြင်အောင် မသိမသာ ခိုးသုတ် ရင်း အမေ့ရဲ့ နွမ်းလျလျ မျက်နှာလေး ပြုံးပျော်နိုင်ဖို့ အလုပ်တစ်ခုလုပ်ပြီး အဝေးသင်တက္ကသိုလ်ပဲ တက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို စိတ်ထဲမှာ ခိုင်မာစွာ ဆုံးဖြတ်ချက်ချလိုက်ရတဲ့နေ့ဟာ ဘဝတက္ကသိုလ်တက်ရဖို့ အကြောင်းဖန်လာခြင်းပါပဲ။
ဝင်ငွေရဖို့ အလုပ်တစ်ခုကို တကယ်ထွက်ရှာတဲ့အခါ ပညာတစ်ပိုင်း တစ်စနဲ့ လူငယ်တွေအဖို့ အခက်အခဲ ကိုယ်တိုင်ကြုံရချိန်မှာ မိဘအရိပ်အောက် မပူမပင်နေရတဲ့ဘဝကို ပိုပြီး တန်ဖိုးထားမိလာတယ်။ မိသားစုအတွင်း တကယ်အခက်အခဲကြုံလာချိန်မှာ သားတစ်ဦးပီပီ ဝင်ငွေရအောင်ရှာပြီး အိမ်ရဲ့ တစ်ထောင့်တစ်နေရာကို အားဖြည့်ကူညီမယ်ဆိုတဲ့ မိဘကျေးဇူးကို သိတတ်တဲ့စိတ်ကြောင့် စာရေး အလုပ်လေးတစ်ခုကို ရရှိခဲ့တယ်။ အလုပ်ရပြီ ဆိုတဲ့ စိတ်နဲ့တင် အိမ်အပြန် ခြေလှမ်းတွေဟာ အားအင်အပြည့်နဲ့ မြန်မြန် အိမ်ပြန်ရောက်ခဲ့တယ်။
စာရေးလေးတစ်ဦး၊ မကြာခင်မှာလည်း အဝေးသင်တက္ကသိုလ်တက် ရမယ့် ကျောင်းသားလေးတစ်ဦး ... စသည်ဖြင့် အလုပ်စဆင်းရမယ့်နေ့ လုပ်ငန်းခွင်သွားလမ်းပေါ်မှာ အတွေးမျိုးစုံနဲ့ ပီတိကျေနပ်မှုက အပြည့်။ လက်ထဲက လိပ်စာစာရွက်ကလေးကြည့်လိုက်၊ ဘေးဘယ်ညာရှာလိုက်နဲ့ နောက်ဆုံးတော့ အလုပ်လုပ်ရမယ့် အဆောက်အအုံရှေ့ ရောက်လာခဲ့တယ်။ အသိကမရှိ၊ အဆောက်အအုံရဲ့ ထည်ဝါမှုကလည်း ကိုယ့်ကို ကြောက်စိတ် ထပ်ဝင်စေခဲ့တယ်။ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ဦးလေးကြီးက “မင်းဘာလာ လုပ်တာလဲ”အမေးကို “ကျွန်တော် ဒီမှာ အလုပ်လာဆင်းတာပါ” ဆိုမှ “ဪ ဒီနေ့အလုပ် စဆင်းကြမှာ သုံးယောက်ကွ။ မင်းက အစောကြီး ရောက်နေတာကိုး။ ဒီနားမှာ ထိုင်နေဦး။ နောက်နှစ်ယောက်ရောက်မှ ဝန်ထမ်း ရေးရာကို လိုက်ပို့ပေးမယ်”ဟု ဆိုကာ ကျွန်တော်ထိုင်ဖို့ ထိုင်ခုံလေးကို မေးငေါ့ပြတယ်။ ကျွန်တော်လည်း ကပျာကယာထိုင်ခုံမှာ ထိုင်လိုက်ပြီး နောက်ထပ် ရောက်လာမယ့် လူသစ်နှစ်ယောက်ကို စောင့်နေလိုက်တယ်။
အများကြီးတန်ဖိုးရှိ
ကျွန်တော်အပါအဝင် လူသစ်နှစ်ယောက် ဆုံချိန်မှာတော့ ဝန်ထမ်း ရေးရာကို လုံခြုံရေး ဦးလေးကြီးနဲ့ အတူသွားခဲ့ကြပြီး စီမံဌာနမှာ အလုပ်သင် ဝန်ထမ်းအဖြစ် အလုပ်စဆင်းခဲ့ရတယ်။ ဝန်ထမ်းသစ်တွေပီပီ အလုပ်ရဲ့ အကြောင်း တစ်ခုမျှကို မသိသော်လည်း ၁၀ တန်း အောင်ပြီးစ လူငယ်တွေ၊ ကြိုးစားချင်စိတ်အပြည့်နဲ့ လုပ်ငန်းထဲ ရောက်လာကြသူတွေဆိုတော့ စီနီယာ အစ်ကို အစ်မတွေရဲ့ သင်ပေးသမျှ၊ ပြောသမျှကို အကုန်လိုက်မှတ်၊ လိုက်လုပ် ရတာ ထမင်းစားချိန် ခဏနားချိန်ကလွဲပြီး တစ်ရက် အလုပ်ချိန်ကုန်မှန်းမသိ ကုန်သွားခြင်းပါပဲ။ လေ့လာသင်ယူစရာများတဲ့ လုပ်ငန်းခွင်မှာ အချိန်ကုန် မှန်းမသိ ကုန်သွားရခြင်းဟာ အလုပ်မရှိ၊ အကိုင်မရှိ အချိန်ဖြုန်းလို့ ကုန်သွား တာထက် အများကြီးတန်ဖိုးရှိမှန်း ကိုယ်တိုင်ကြုံဖူး သိရှိလိုက်ရခြင်းပါပဲ။
အမေ့စကားကြောင့် အလုပ်လုပ်ခဲ့သော်လည်း လုပ်ငန်းခွင်ထဲ ကျင်လည်ခဲ့ရတဲ့ ရက်တွေကနေ နှစ်တွေပြောင်းလာခဲ့ချိန်မှာ အလုပ် စလုပ် ခဲ့သလို စာရေးလေး မဟုတ်တော့ဘဲ ဒုကြီးကြပ်ရေးမှူးဘဝကို တိုးမြှင့်လို့ ရောက်ရှိနေပြီ။ လက်ရှိရာထူးရောက်ဖို့ အလုပ်ကနေ သင်ပေးတဲ့ ကွန်ပျူတာ သင်တန်းတွေ၊ စာရင်းကိုင်သင်တန်းတွေ၊ အင်္ဂလိပ်စကားပြော အခြေခံတွေ ကိုလည်း သင်ယူကြိုးစားခဲ့ရတာကြောင့် လုပ်ငန်းခွင်မှာ ကျွမ်းကျင်တဲ့အဆင့် ကို အလယ်အလတ်ထိ ရောက်နေသလို အဝေးသင်တက္ကသိုလ်ကနေလည်း ဘွဲ့တစ်ခုကို ရယူနိုင်ခဲ့တယ်။ တချို့ နေ့ပိုင်းတက္ကသိုလ်တက်တဲ့ သူငယ်ချင်းတွေ က အဝေးသင်တက္ကသိုလ်တက်တဲ့ ကျွန်တော့်ကို အမြဲလှောင်သလိုလိုလုပ်ခဲ့ ပေမယ့် ဘွဲ့ရပြီးတဲ့ အချိန်မှာတော့ ကျွန်တော်က အလုပ်နဲ့အကိုင်နဲ့ တာဝန် တစ်ခုနဲ့။ ကျွန်တော့်အမေရဲ့ မျက်နှာဟာလည်း နေ့ရက်တိုင်း အပြုံးပန်းတွေနဲ့ ဝေလို့ပေါ့။
ဒီနေ့ ခပ်စောစောအလုပ်ကို သွားရမယ်ဆိုတဲ့ အသိကြောင့် ခပ်သုတ်သုတ် လုပ်နေတဲ့ ကျွန်တော့်ကို “အစောကြီးရှိသေးတယ်၊ သားငယ်။ အလုပ်သွားတော့ မလို့လား”လို့ အမေ့ရဲ့အမေးကို “မဟုတ်ဘူး အမေရေ။ ဒီနေ့ လမ်းတွေ ပိတ်မယ် ပြောနေကြတယ်။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အလုပ်တွေ၊ ရုံးတွေ သွားလို့ မရအောင် ကားလမ်းတွေ ပိတ်မယ်။ ကားတွေ ပျက်ချင်ယောင်ဆောင်ပြီး လမ်းဆုံတွေမှာ ပိတ်ပစ်မယ်လို့ ပြောနေကြလို့ အမေရေ”ဆိုပြီး အမေ့ပါးပြင်ကို နမ်းပြီး အလုပ်ထဲ ထွက်လာခဲ့တယ်။ အမေ့ ပါးပြင်က သနပ်ခါးနံ့သင်းသင်း လေးဟာ လမ်းတစ်လျှောက် အနံ့မပြယ်ပါလာတာကြောင့် စိတ်အေးချမ်းမှု၊ နွေးထွေးမှုက အပြည့်။
ကားမှတ်တိုင်မှာ အရင်ရက်တွေထက် အချိန်ကြာကြာပိုစောင့်လိုက်ရပြီး ရောက်လာတဲ့ လိုင်းကားကိုပဲ လိုရာခရီးရောက်ဖို့ အပြေးတက်စီးခဲ့ဖြစ်တယ်။ စီးလာတဲ့ လိုင်းကားရဲ့အရှိန်ဟာ သိသိသာသာ တဖြည်းဖြည်းနှေးလာတာနဲ့ ဘေးပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ဆိုင်းဘုတ်မျိုးစုံကိုင်ထားတဲ့၊ ဖက်ရှင်မျိုးစုံဝတ်ထားတဲ့ လူအုပ်ကြီး။ လူအုပ်ကြီးကျော်ပြီး တစ်ခဏအကြာ မှာတော့ ကားကလုံးဝကို လှုပ်မရတဲ့အခြေအနေထိ ဖြစ်သွားပြီ။ အနောက် လှမ်းကြည့်လိုက်တော့လည်း ကားတန်းကအပြည့်။ အရှေ့ကြည့် လိုက်တော့ ဘောနက်ဖုံးတွေ ဖွင့်ထားကြတဲ့ ကားတွေ။ ကားမောင်းနေတဲ့ ဦးလေးကြီးက “ခရီးသည်အားလုံး ဒီနားကနေပြီးပဲ အဆင်ပြေသလို ခရီးဆက်ကြပါ။ ကျွန်တော် ဆက်မောင်းလို့ မရတော့ဘူး။ သူတို့တွေ လမ်းကို တကယ်ပိတ်အောင် လုပ်ကြ ပြီ”လို့ စိုးရိမ်တကြီးနဲ့ လှမ်းအော်ပြောတယ်။
အားပေးသူပါသလို ရှုတ်ချသူလည်းရှိနေ
ကားထဲပါလာသူတိုင်းက တစ်ယောက်တစ်ပေါက် စကားလုံးမျိုးစုံနဲ့ တစ်စီးလုံး ဆူဆူညံ။ လမ်းပိတ်ဆို့သူတွေကို အားပေးသူ ပါသလို ရှုတ်ချသူလည်း ရှိနေတယ်။ ကျွန်တော့်အတွက်တော့ အလုပ်မသွားရင် လစာမရဘူးဆိုတဲ့ အသိက အဓိကပဲ။ လူအများလိုက်လုပ်နေတိုင်း မှန်ကန်တယ်လို့ ယူဆလို့ မရသလို လူနည်းစုလုပ်နေတာကိုလည်း မှားတယ်လို့ ပြစ်တင်ဖို့ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီဆိုတာ အများဆန္ဒကို ဦးစားပေးရတယ်ဆိုပေမယ့်လည်း အများ သူငါ ကို အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေကို လုပ်နေသူတွေ၊ လမ်းလွဲနောက် လိုက်ပါနေသူတွေကတော့ ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာနေသူ မဟုတ်ဘဲ အာဏာရှင်စနစ်ကို လိုက်လုပ်နေကြသူတွေလို့ပဲ မြင်မိတယ်။
ကျွန်တော်လည်း လူငယ်ပီပီခေတ်ရေစီးကြောင်းဖြစ်တဲ့ လူမှုကွန်ရက် တွေလည်း သုံးနေသူတစ်ဦးဖြစ်ပေမယ့် မိဘရဲ့ အမြဲဆုံးမသွန်သင်မှုကြောင့် ရယ်၊ စာအုပ်စာပေကောင်းတွေ ဖတ်ရှုလေ့လာတာကြောင့်ရယ် ဖတ်မိသမျှ သတင်းတိုင်းကို ယုံလေ့မရှိသလို၊ ဖတ်မိသမျှ အကြောင်းအရာမှန်သမျှကိုလည်း ကိုယ့်ဝမ်းစာပြည့်မှုရယ်နဲ့ ဆင်ခြင်ပြီးမှ ယုံသင့်တာ ယုံပြီး ထပ်ပြီး မျှဝေသင့်တာ ကို မျှဝေမှု ပြုလုပ်နေသူပါ။ ခုလို အများသူငါကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်မျိုးတွေကို လုပ်နေသူတိုင်းကို ပြစ်တင်သလို အားပေးအားမြှောက် ပြုလုပ်နေသူတွေကိုလည်း ရှုတ်ချမိတယ်။
မကြာခင် ရက်တွေကလည်း လူမှုကွန်ရက်မှာ တွေ့လိုက်ရတာတွေက အတော်လေးကို ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်တွေ။ ပြည်သူတွေအတွက် ယန္တရားလည်ပတ်အောင် လုပ်ကိုင်ပေးနေကြတဲ့ ဝန်ထမ်းတွေ၊ ဘဏ်တွေရဲ့ ဝန်ထမ်းတွေ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေး၊ အခြားအခြားသော ဝန်ထမ်းတွေ၊ ထိုထိုသော ဝန်ထမ်းတွေ ရုံးတက်၊ အလုပ်သွားတာကို ဓာတ်ပုံ ရိုက်၊ လူမှုကွန်ရက်ပေါ်တင်ပြီး အမနာပ ပြောနေကြတာကို တွေ့လိုက်ရ တယ်။ ထင်မြင်မှတ်ချက်တွေကလည်း ခပ်ကြမ်းကြမ်း။ ဖတ်ရသူတိုင်း အတွက် စိတ်မချမ်းမြေ့စရာ။ ဒီလိုအချိန်မှာ အလုပ်ဌာနကို အခက်အခဲတွေ ကြားကနေ ရောက်အောင်သွားကြတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင် လေးစား မိတာကတော့ အမှန်ပါပဲ။
အခက်ကြုံရတာက ပြည်သူတွေ
ဘဏ်တချို့မှာ ဝန်ထမ်းတွေ မလာရောက်ကြတဲ့အတွက် လည်ပတ်မှု ခက်ခဲနေပြီး ဘဏ်တွေပိတ်ထားရတာကြောင့် ငွေကြေး ထုတ်ယူသုံးစွဲမှု လိုအပ်နေသူတွေအတွက် များစွာ အခက်အခဲဖြစ်နေကြတာ တကယ် လက်တွေ့ပါပဲ။ တချို့ရဲ့ အတွေးတိမ်တဲ့ လူတွေရဲ့ လူမှုကွန်ရက် သတင်းတွေ မှာလည်း “ဘဏ်တွေ ဖွင့်ရင် ပိုက်ဆံအပ်ထားတာတွေ အကုန်ထုတ်ပစ် မယ်၊ ဖွင့်ရဲဖွင့်ကြည့်” ဆိုပါလား။ ခုလို ကျပ်တည်းတဲ့ ကာလမှာ တစ်သိန်း လောက်၊ ၁၀ သိန်းလောက် ရှိတဲ့သူသာ ဘဏ်ကနေ အကုန်ထုတ်ချင် ထုတ်လိမ့်မယ်။ သိန်း ရာချီ၊ ထောင်ချီ ထည့်ထားတဲ့ သူတွေကတော့ အပြင်က ခိုး၊ ဆိုး၊ လု၊ နှိုက် ရန်က လွတ်မယ့်ဘဏ်ထဲပဲ ယုံကြည်စွာနဲ့ ထားထားကြ မှာပဲ။ ခု တကယ်တမ်း ဘဏ်တွေ မလည်ပတ်တဲ့ကာလမှာ အခက်ကြုံရတာက နည်းနည်းပါးပါး ငွေစုထားတဲ့ ပြည်သူတွေ။
နှစ်ပတ်လောက် CDM လုပ်ဖို့ တိုက်တွန်းနေတဲ့၊ ကိုယ်တိုင်လည်း CDM လုပ်နေတဲ့ ဝန်ထမ်းတွေဟာ သုံးပတ်မြောက်လောက်မှာ အမှားကိုပြင် အမှန်ကို သိမြင်လာကြပြီး အမှန်နဲ့ အမှား၊ ဓမ္မနဲ့ အဓမ္မ အဆုံးသတ်မှာ လူများစုတိုင်း မမှန်ဘူး၊ လူနည်းစုတိုင်းမမှားဘူးဆိုတာ ကွဲပြားလာခဲ့ကြောင်း သူတို့ရဲ့ လူမှုကွန်ရက် သတင်းတွေဖတ်ပြီး စိတ်အေးချမ်းမှု ဖြစ်လိုက်ရ တယ်။ ဘာကြောင့့် စိတ်အေးချမ်းမှု ဖြစ်ရလဲဆိုရင် CDM စွန့်လွှတ်လိုက်တဲ့ ဝန်ထမ်းအနေနဲ့ လုပ်ငန်းခွင်ထဲ ပြန်ရောက်ကြပြီဆိုတော့ အလုပ်ဖြုတ် တာတွေ၊ အလုပ်ပြုတ်တာတွေ စတဲ့ အရေးယူမှုတွေကို ရှောင်လွှဲနိုင်တော့မယ် ဆိုတာကြောင့်ပါပဲ။ အခြား CDM ထဲ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းပီပီ နိုင်ငံတော်တာဝန်များကို များမကြာမီ “အပြုံးမပျက် ရုံးပြန်တက်” ကြမယ်လို့ ယုံကြည်နေမိတယ်။
ကျွန်တော်ဟာ နိုင်ငံ့ဝန်ထမ်းတစ်ဦး၊ အရာရှိကောင်းတစ်ဦး ဖြစ်ချင်ခဲ့ ပေမယ့် ဘဝပေးအခြေအနေကြောင့် ပြင်ပလုပ်ငန်းတွင် လုပ်ကိုင်နေရသော် လည်း နိုင်ငံ့ဝန်ထမ်းများရဲ့ “နိုင်ငံနဲ့ပြည်သူ၊ ကြည်ဖြူလက်တွဲ”ပြီး “တိုးတက် ခေတ်မီ၊ နိုင်ငံတော်သစ်ဆီ”သို့ အမြန်ဆုံး လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည် မှုများစွာဖြင့် နေ့စဉ် ကြုံတွေ့သမျှ ဘဝတက္ကသိုလ်မှအကြောင်းတွေကို အိမ်ပြန်ရောက်မှ အမေနဲ့ အဖေကို ထမင်းမြိန်မြိန် လက်ဆုံစားရင်း ပြောပြပါ ဦးမယ်။
အားလုံးသော သတ္တဝါအပေါင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး စိတ်၊ ကိုယ်၊ နှလုံး ငြိမ်းအေးကြပါစေ။ ။
- Log in to post comments