ဗီလာကို ဂိုးပြတ်အနိုင်ယူပြီး နှစ်ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့သည့် ချယ်ဆီးအသင်း


 

ပရီမီယာလိဂ်ပွဲစဉ် (၁၉)    အဖြစ် ဒီဇင်ဘာ ၂၇ ရက်    နံနက်ပိုင်းက အက်စ်တွန်ဗီလာ        အသင်းနှင့် ချယ်ဆီးအသင်းတို့    ယှဉ်ပြိုင် ကစားခဲ့ရာ    ချယ်ဆီးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့်    အနိုင်ရရှိခဲ့ သည်။  ထို့ကြောင့် ချယ်ဆီးအသင်း သည်   ဦးဆောင်သူ   မန်စီးတီး အသင်းနှင့်    ပွဲအရေအတွက်တူ ခြောက်မှတ်အကွာသို့     ရောက်ရှိ လာခဲ့သည်။ 
ယခုပွဲစဉ်တွင်   အက်စ်တွန် ဗီလာအသင်း     နည်းပြဖြစ်သူ စတီဗင်ဂျရတ်သည်     ကိုဗစ်-၁၉ ကူးစက်ခံထားရသည့်အတွက်  ပွဲ ကြီးကြပ်ခွင့်နှင့်      လွဲချော်ခဲ့ပြီး လက်ထောက်         နည်းပြဖြစ်သူ မက်စ်အလီစတာက    တာဝန်ယူ ကိုင်တွယ်ခဲ့ရသည်။  အားထား ရသည့်   ဟာဗက်ဇ်နှင့်   ဝါနာတို့ ပါဝင်လာနိုင်ခြင်း  မရှိသေးသော ချယ်ဆီးအသင်း၏   တိုက်စစ်တွင်  အိုဒွိုင်း၊ မောင့်၊ ပူလီဆစ် တို့ဦးဆောင်ကာ ဗီလာအသင်းကို ရင်ဆိုင် လာခဲ့သည်။ ဗီလာအသင်းအနေဖြင့် တုံ့ပြန်ကစားပုံ ကောင်းမွန်ခဲ့သော် လည်း  ချယ်ဆီးအသင်း၏  မာကျောသည့်ခံစစ်နှင့် ထက်မြက်သည့် တိုက်စစ်ကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။
ယခုပွဲစဉ်တွင် ဦးဆောင်ဂိုးကို ချယ်ဆီးအသင်းမှ ရီစီဂျိမ်းစ်က ပွဲချိန် ၂၈ မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်ခဲ့၍ ဗီလာအသင်းက ရရှိခဲ့ သည်။ သို့သော်လည်း ပွဲချိန် ၃၄ မိနစ်တွင် ချယ်ဆီးအသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ပြီး ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ သည့်အတွက် ပထမပိုင်းကို  တစ်ဖက်တစ်ဂိုးစီဖြင့်  သရေကျခဲ့သည်။ 
ဒုတိယပိုင်း     ပြန်လည်စတင်ချိန်တွင်   ချယ်ဆီးအသင်းသည် ကစားအားကျလာသည့်  ချာလိုဘာ့ဂ်ကို အနားပေးကာ တိုက်စစ်မှူး    လူကာကူကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင်  ချယ်ဆီး အသင်း  ဒုတိယဂိုးရရှိခဲ့ပြီး လူစားဝင်ကစားသမား လူကာကူက  သွင်းယူ ပေးခဲ့သည်။ ဗီလာအသင်းသည် ချေပဂိုးရရှိရေး ကြိုးစားလာသော်လည်း အသင်းကစားသမားများ အဆုံးသတ်မသေချာမှုကြောင့် ဝေးကွာခဲ့ရ သည်။ ပွဲချိန်ပြည့်ခါနီးတွင် ချယ်ဆီးအသင်း ပယ်နယ်တီထပ်မံကန်သွင်း ခွင့်ရရှိခဲ့ပြီး ဂျော်ဂျင်ဟိုကပင် သွင်းယူပေးနိုင်ခဲ့သည်။  
အခြားသောပွဲစဉ်ရလဒ်များတွင် ဘရိုက်တန်က ဘရန့်ဖို့ဒ်ကို နှစ်ဂိုး-ဂိုးမရှိ၊ မန်စီးတီးက လက်စတာကို ခြောက်ဂိုး-သုံးဂိုး၊ အာဆင်နယ်က  နော့ဝှစ်ကို ငါးဂိုး- ဂိုးမရှိ၊ စပါးက ပဲလေ့စ်ကို  သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိ ခဲ့သလို   ဝက်စ်ဟမ်းနှင့်  ဆောက်သမ်တန်အသင်းတို့  ပွဲစဉ်တွင်လည်း   ဆောက်သမ်တန်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။               
အောင်ဇော်