ဗီယက်နမ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၂၁၄ ဦး စံချိန်တင်တွေ့ရှိ

ဟနွိုင်း   သြဂုတ်   ၂၂ 


ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော  ၂၄  နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၁၁၂၁၄ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း   ၃၄၈၀၅၉  ဦးရှိပြီး သေဆုံးသူပေါင်း   ၈၂၇၇  ဦးရှိကြောင်း  ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန် သည်။ 
အဆိုပါ  အရေအတွက်သည်  နေ့စဉ်ကူးစက်မှု အရေအတွက်   စံချိန်တင်  အများဆုံးတွေ့ရှိခြင်း ဖြစ်သည်။ 


ရောဂါကူးစက်မှုထပ်မံတွေ့ရှိသူများအနက် ၁၁၂၀၈ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး ကျန်ခြောက်ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်သည်။ 


ထို့ပြင် ယင်းကူးစက်ခံရသူအများစုကို နိုင်ငံ၏ တောင်ဘက်ပိုင်းမှ အများဆုံးစစ်ဆေးတွေ့ရှိရသည်။ ဟိုချီမင်းစီးတီး၌ ၄၁၉၃ ဦး၊ ဘင်ဒေါင်ခရိုင်၌ ၃၇၉၅ ဦး နှင့် ဒွန်နိုင်ခရိုင်၌ ၈၄၉ ဦးတို့ကို အသီးသီးတွေ့ရှိသည်။ 


သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၇၅၈၀ ရောဂါမှ ပြန်လည်ကျန်းမာလာခဲ့သည့်အတွက် ဆေးရုံ များမှ ဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာသူပေါင်း ၁၄၇၆၆၇ ဦး ရှိလာသည်။ 


လက်ရှိအချိန်အထိ ပြည်သူ ၁၇ သန်းကျော်အား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်သည်။ 


 ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်