ဗီယက်နမ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၈၄၀ ထပ်မံတွေ့ရှိ

ဟနွိုင်း  ဒီဇင်ဘာ  ၇


ဗီယက်နမ်နိုင်ငံ၌    ယနေ့တွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ    ၁၄၈၄၀   ထပ်မံတွေ့ရှိကြောင်း၊ ယင်းလူဦးရေအနက် ၁၄၈၃၅ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့်   ငါးဦးသည် ပြည်ပမှ   ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း ဗီယက်နမ်  ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက် ခံရမှုအများစုမှာ   ဗီယက်နမ်နိုင်ငံတောင်ပိုင်းမှ ဖြစ်ကြောင်းနှင့် ဟိုချီမင်းစီးတီး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၅  ဦး၊ ကန်သိုပြည်နယ်၌ ၈၉၈ ဦးနှင့် တေနင်ပြည်နယ်၌  ၈၆၉ ဦး အသီးသီးရှိကြောင်း သိရသည်။


လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၃၃၇၅၂၃ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူစုစုပေါင်း ၂၆၇၀၀ ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။ ထို့ပြင်  ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်    ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ   ၁၂၄၉ ဦး ရှိခြင်းကြောင့် အဆိုပါ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း  ၁၀၁၁၆၅၆ ဦး ရှိလာကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု    အစီအစဉ်အောက်တွင်  ကာကွယ်ဆေးအလုံးရေ  ၁၂၉ သန်းကျော် အသုံးပြု ပြီးဖြစ်ကြောင်းနှင့် ယင်းတို့အနက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၅၅ သန်းကျော်အား ဒုတိယ အကြိမ်ထိုးနှံရာတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်