
လန်ဒန် ဒီဇင်ဘာ ၆
ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၆ ဦး ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၄၆ ဦး အထိ ရှိလာကြောင်း ဗြိတိန်ကျန်းမာရေး တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။
နိုင်ငံအတွင်းလက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၄၆၄၃၈၉ ဦးရှိကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၄၅၆၀၅ ဦးရှိလာသည်။ ဗြိတိန်နိုင်ငံသို့ လာရောက် မည့် နိုင်ငံတကာမှ အသက် ၁၂ နှစ်နှင့် အထက် ကလေးငယ်များအပါအဝင် ခရီးသည်များသည် ဒီဇင်ဘာ ၇ ရက် ဂရင်းနစ်စံတော်ချိန် ၄ နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုခံယူ ရန် လိုအပ်ကြောင်းနှင့် အဆိုပါစစ်ဆေးမှု များကို ခရီးစတင်မထွက်မီ ၄၈ နာရီ အတွင်း စစ်ဆေးရန်လိုအပ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗက်က ပြောကြားသည်။
ဗြိတိန်နိုင်ငံသည် လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်းတွေ့ရှိသော တောင် အာဖရိကရှိ နိုင်ငံအများအပြားအား ခရီးသွားလာမှုဆိုင်ရာ သတိပေးအဆင့် သတ်မှတ်ထားပြီး ဒီဇင်ဘာ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၄ နာရီမှစတင်၍ နိုင်ဂျီးရီးယားနိုင်ငံကိုလည်း ခရီးသွား လာမှုဆိုင်ရာ သတိပေးအဆင့်သတ်မှတ် လိုက်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဗြိတိန်နိုင်ငံအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိသူများ၏ ၈၈ ရာခိုင်နှုန်း ကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တစ်ကြိမ်ထိုးနှံပြီးစီးခဲ့ပြီး ၈၁ ရာခိုင် နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးခဲ့ကာ ၃၅ ရာခိုင်နှုန်း ကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုခံယူပြီးစီးကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ