
လန်ဒန် ဇန်နဝါရီ ၂
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သိန်းခြောက် သောင်းကျော် ရှိခြင်းကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း နေ့စဉ် ကူးစက်မှု စံချိန်တင်ခဲ့ကြောင်း ယနေ့ သတင်းများအရ သိရ သည်။
ယင်းသို့ ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၆၂၅၇၂ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၃၁၀၀၄၅၈ ဦးရှိလာကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅၄ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၁၄၈၇၇၈ ဦးရှိလာ ကြောင်းနှင့် ဆေးရုံများ၌ တက်ရောက်ဆေးဝါး ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၁၁၉၁၈ ဦးရှိကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၈၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးဖြစ် ကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၅၉ ရာခိုင်နှုန်းကျော် သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယ အကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရ သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်