
(၉-၆-၂၀၂၁ ရက်နေ့မှအဆက်)
ဖွားတော်မူချိန်
သန္ဓေယူခါ၊ ဆယ်လကြာသော်၊
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့လမ်းပါကို။
ဖွားတော်မူခန်း
မယ်တော်၌ ကြီးစွာအိပ်မက်မြင်မက်တော်မူခြင်း
မယ်တော်မာယာသည် နတ်မင်းကြီးလေးပါးတို့က မိမိအား ဟိမဝန္တာ၌ရှိသော အနောတတ်ရေအိုင်တွင် ရေချိုးစေပြီး နတ်တန် ဆာများ ဝတ်ဆင်စေသည်။ ထို့နောက် ငွေတောင်၏အတွင်းရှိ ရွှေဗိမာန်ကြီး၌ အရှေ့ဘက်သို့ ဦးခေါင်းပြုလျက် အိပ်စက်စေသည်။ ထိုအခါတွင် ဆင်ဖြူတော်တစ်စီးသည် လက်ယာနံပါးကိုဖောက်ထွင်း၍ ဝမ်းတွင်းသို့ ဝင်သကဲ့သို့ ဖြစ်သည်ဟု အိပ်မက်မြင်မက်တော်မူသည်။
လုမ္ဗိနီဥယျာဉ်၌ ဖွားမြင်တော်မူခြင်း
မယ်တော်မာယာသည် ဆွေမျိုးရှိရာ ကပိလဝတ်မှ ဒေဝဒဟ ပြည်သို့ ခရီးထွက်ခွာခဲ့သည်။ ယင်းအခါ၌ မယ်တော်မာယာသည် ကိုယ်ဝန်အရင့်အမာဖြင့် ထွက်လာသောကြောင့် မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (ဘီစီ ၆၂၄၊ ဧပြီလ ၂၆ ရက်) လုမ္ဗိနီ ဥယျာဉ်၌ နံနက် တစ်ချက်တီးအချိန် အင်ကြင်းပင်၏အခက်ကို လက် တစ်ဖက်ဖြင့် ကိုင်စဉ်မှာပင် ဘုရားလောင်းကို မွေးဖွားသန့်စင်ပါ သည်။ ထိုအခါ၌ မြေငလျင်လည်း ကြီးစွာလှုပ်၏။ အင်ကြင်းပန်းများ ကလည်း ပင်လုံးကျွတ် ပွင့်ကြပါသည်။ ဘုရားလောင်းသည် မြေပြင်ပေါ်၌ ရပ်တော်မူလျက် အရပ်ဆယ်မျက်နှာကို ကြည့်တော် မူသည်။ ထို့နောက် မြောက်အရပ်သို့ ခြေခုနစ်လှမ်း လှမ်း၍ လျှောက် တော်မူသည်။ မြေပြင်ပေါ်၌ တည့်မတ်စွာရပ်တော်မူပြီး အောက်ပါ စကားသုံးခွန်းကို မြွက်ဟတော်မူခဲ့ပါသည်။
(၁) အဂ္ဂေါဟမသ္မိ လောကဿ။
လောကတွင် ငါသည် ထိပ်ဆုံးလူ ဖြစ်သည်။
(၂) ဇေဌောဟမသ္မိ လောကဿ။
လောကတွင် ငါသည် အကြီးဆုံးလူ ဖြစ်သည်။ (ငါနှင့်တူသူ မရှိ)
(၃) သေဌောဟမသ္မိ လောကဿ။
လောကတွင် ငါသည် အမြတ်ဆုံးလူ ဖြစ်သည်။
အယ မန္တိမာ ဇာတိ။
ယခုဘဝသည် ငါ့အတွက် နောက်ဆုံးဘဝ ဖြစ်သည်။
နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ။
ငါ့အတွက် ဘဝသစ်တစ်ဖန်ဖြစ်ရန် မရှိပြီ။
ထို့နောက် မယ်တော်မာယာသည် သားတော်နှင့်အတူ ကပိလ ဝတ်နေပြည်တော်သို့ ပြန်လာတော်မူ၏။ ဘုရားလောင်းကို မွေးဖွားပြီးနောက် ခုနစ်ရက်မြောက်သောနေ့တွင် မယ်တော်မာယာ သည် စုတေ၍ တုသိတာနတ်ပြည်၏ နတ်သားဖြစ်တော်မူသည်။ ယင်းဘုရားလောင်း မွေးဖွားသည်နှင့်တစ်ပြိုင်နက် ဒေဝဒဟပြည်၏ သုပ္ပဗုဒ္ဓမင်း၏ မိဖုရားအမိတာသည် ဘဒ္ဒကဉ္စနာ မင်းသမီး (ယသော်ဓရာ)ကို မွေးဖွားသည်။
သုဒ္ဓေါဒနမင်း၏ညီတော် အမိတောဒနကလည်း အာနန္ဒာ မင်းသားကို မွေးဖွားပါသည်။ ဆန္နအမတ်၊ ကာဠုဒါယီ၊ ကဏ္ဍက မြင်းတို့လည်း မွေးဖွားကြပါသည်။ မဇ္ဈိမဒေသ မြေများအချာ၌လည်း မဟာဗောဓိပင်ပေါက်သည်။ ရွှေနန်းတော်အတွင်း၌ ရွှေအိုးကြီးလေးလုံး ပေါ်ထွက်လာပေသည်။ ယင်းတို့သည် ဘုရားလောင်း၏ ဖွားဖက်တော် များ ဖြစ်ကြပါသည်။ ဖွားဖက်တော် ခုနစ်ပါး ရှိပါသည်။
(ယသော်ဓရာ၊ အာနန္ဒာ၊ ဆန္နအမတ်၊ ကာဠုဒါယီ၊ ကဏ္ဍကမြင်း၊ ဗောဓိပင်၊ ရွှေအိုးကြီးလေးလုံး)တို့ ဖြစ်ပါသည်။
ဘုရားလောင်းနှင့် ကာဠဒေဝီလရသေ့တို့တွေ့ခြင်း
သုဒ္ဓေါဒနမင်းကြီး၏ ငယ်ဆရာဖြစ်သော “အသိတ”ဟု ငယ် နာမည်ရှိသော ကာဠဒေဝီလရသေ့သည် ယင်းငယ်ဆရာကိုလည်း မင်းကြီးသည် မရှိခိုးပါ။ သာကီနွယ်မင်းမျိုးတို့၏ ထုံးစံမှာ မိဘမှတစ်ပါး တခြားသူများကို ရှိခိုးခြင်းမပြုပါ။ ထို့ကြောင့် ကာဠဒေဝီလ ပုဏ္ဏား ပုရောဟိတ်ဆရာကို မရှိခိုးခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ဖြစ်သော ကြောင့် ၎င်းသည် ရဟန်းရသေ့ဝတ်ရန် မင်းကြီးအား ခွင့်ပန်၍ဝတ် သည်။ ၎င်းသည် ကမ္မဋ္ဌာန်းတရား အားထုတ်သည်။ အဘိညာဉ်ငါးပါး ရသည်။ ဈာန်ရသည်။ ထို့ကြောင့်လည်း ၎င်းသည် မင်းကြီး၏ တောင်းပန်ချက်အရ မင်းဥယျာဉ်တွင်နေပြီး မင်းကြီးကို ဆုံးမသွန်သင် ရပါသည်။ ကန်တော့ခံရအောင် ရဟန်း၊ ရသေ့ပြုခြင်း ဖြစ်ပါသည်။
ကာဠဒေဝီလရသေ့သည် ဘုရားလောင်း မွေးဖွားချိန်၌ တာဝတိံ သာနတ်ပြည်သို့ ကြွရောက်နေသောအချိန် ဖြစ်ပါသည်။ ၎င်းသည် ဘုရားလောင်း မွေးဖွားပြီးသည်ကြား၍ နတ်ပြည်မှ မင်းကြီးထံသို့ ပြန်ကြွလာပါသည်။ သုဒ္ဓေါဒနမင်းကြီးသည် ဘုရားလောင်းကို ရင်ဝယ် ပိုက်၍ သူ့ဆရာ ကာဠဒေဝီလရသေ့ကိုကန်တော့၊ ဘုရားလောင်း ကလေးလက်ကိုပူး ကန်တော့ရန်အလုပ်တွင် ဘုရားလောင်းသည် ၎င်းရသေ့ခေါင်းပေါ် မတ်မတ်ရပ်နေသည်။ ဘုရားလောင်းကို မင်းကြီး ကလည်း ကန်တော့သည်။ ရသေ့ကြီးကလည်း ကန်တော့သည်။ ကာဠဒေဝီလရသေ့ကြီးသည် ကလေးငယ်သည် ဘုရားအမှန်စင်စစ် ဖြစ်မည်ကို ပုဗ္ဗေနိဝါသ အနာဂတံသဉာဏ်ရသောကြောင့် သိတော်မူ၍ ရယ်ပြုံးသည်။
ဘုရားလောင်းသည် သက်တော် ၃၅ နှစ် ဖြစ်မည်ကို သိသည်။ သူသည် မမီပါ။ အသက်ရှည်တော့မည်မဟုတ်ပါ။ ဘုရားမဖူးရသူ အရူပဘုံ၌ ဗြဟ္မာဖြစ်နေမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်းနည်း၍ ငိုရပြန်ပါသည်။
သူ့နှမ၏သား တူဖြစ်သူ “နာဠက” သူကြွယ်ကို ခေါ်၍ သုဒ္ဓေါဒန မင်းကြီး၏သားသည် အသက် ၃၅ နှစ်တွင် ဘုရားဖြစ်မည်။ တရားနာ၍ နိဗ္ဗာန်ရအောင် ရဟန်းပြုလော့ဟု တိုက်တွန်းပါသည်။ မင်းကြီးက ရယ်ခြင်း၊ ငိုခြင်းကို ရသေ့ကြီးအားမေးသည်။ ၎င်းကလည်း အကြောင်းစုံကို ရှင်းပြလိုက်ပါသည်။
၎င်း၏တူဖြစ်သူ နာဠကလည်း ယင်းနေ့မှာပင် သားမယားနှင့် ကုဋေရှစ်ဆယ်သော ပစ္စည်းဥစ္စာကို စွန့်ပစ်ပြီး ဘုရားလောင်းရှိရာ အရပ်ကို ရှိခိုးရည်မှန်း၍ ရဟန်းပြုလေသည်။
ဘုရားလောင်း၏ လက္ခဏာကို ဖတ်ပြခြင်း
ဘုရားလောင်းမင်းသား မွေးဖွားပြီး ငါးရက်မြောက်သောနေ့တွင် သုဒ္ဓေါဒနမင်းကြီးသည် သားတော်အား အမည်ပေးခြင်းနှင့် နိမိတ်ဖတ် ဗေဒင်ဟောရန် စီစဉ်ပါသည်။ သားတော်ကို အမွှေးနံ့သာများ ပက် ဖျန်းပြီး မြင့်မြတ်သောနေရာတွင် ထားလေသည်။ နို့ဃနာများကျွေး ၍ ဗေဒင်ပါရဂူပုဏ္ဏား ၁၀၈ ယောက် ပင့်ဖိတ်သည်။ ယင်းသို့ ဖိတ်ထား သည့်ပုဏ္ဏား ၁၀၈ ယောက်အနက်မှ လက်ရွေးစင်ပုဏ္ဏား ခုနစ် ယောက်ကို ရွေးသည်။ ၎င်းတို့မှာ (၁) ရာမ၊ (၂) ဓဇ၊ (၃) လက္ခဏာ၊ (၄)ဇောတိမန္တ၊ (၅)ယည၊ (၆) သုဗောဓ၊ (၇) သုယာမတို့ ဖြစ်ကြပါသည်။
၎င်းတို့အား သားတော်ဗေဒင်နိမိတ်ဖတ်ခိုင်းရာ “ယင်း ခုနစ် ယောက်သောပုဏ္ဏားများသည် လက်နှစ်ချောင်းကို ထောင်ပြလျက် အရှင့်သားသည် ယောက်ျားမြတ်(ပုရိသ) လက္ခဏာတော်၌ လက္ခဏာ တော်ကြီး (၃၂) ပါး၊ လက္ခဏာငယ် (၈၀)၊ စက်လက္ခဏာ (၁၀၈) တို့ နှင့် ပြည့်စုံသောကြောင့် “လူ့ဘောင်တွင်နေသော် စကြဝတေးမင်း” ဖြစ်လတ္တံ့ သို့မဟုတ် ရဟန်းပြုသော် ဧကန်စင်စစ် ဘုရားဖြစ်မည်”ဟု နှစ်မျိုး ဟောကြားကြပါသည်။
ပုဏ္ဏားအငယ်ဆုံး ကောဏ္ဍညနွယ်ဖြစ်သော “သုဒတ္တ” အမည်ရှိ ပုဏ္ဏား (ကောဏ္ဍည ပုဏ္ဏား)က အရှင့်သားသည် လက္ခဏာတော်ကြီး (၃၂) ပါး၊ လက္ခဏာငယ် (၈၀)၊ စက်လက္ခဏာများနှင့် ပြည့်စုံသော ကြောင့် “လူတွင်ထင်ရှား ဘုရားစင်စစ်ဧကန်ဖြစ်မည်”ဟု ဟောတော်မူ ခဲ့ပါသည်။ သူ့သားတော်သည် ဘယ်အရာများကိုမြင်၍ တောထွက် မည်ကို ကောဏ္ဍညပုဏ္ဏားအား မေး၏။ သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်ပါလိမ့်မည်ဟု ထပ်ဟောသည်။ သုဒ္ဓေါဒနမင်းကြီးသည် သားတော် ဘုရားဖြစ်သည်ကို မလိုလားပါချေ။ စကြဝတေးမင်း ဖြစ်သည်ကိုသာ လိုလားသည်။ ထို့ကြောင့် ယင်း နိမိတ်ကြီးလေးပါးကို အသံတောင်မကြား မမြင်ရအောင် လုံခြုံစွာအစောင့် များ ချထားလေသည်။ မင်းသားအမည်ကိုလည်း လူနတ်ဗြဟ္မာတို့၏ အလိုခပ်သိမ်းကို ငြိမ်းစေတတ်၊ ပေးတတ်သောကြောင့် “သိဒ္ဓတ္ထ” အမည် မှည့်တော်မူ၏။ ဘုရားလောင်းကို ဖွားမြင်ပြီး ခုနစ်ရက် မြောက်သောနေ့တွင် မယ်တော်မာယာသည် သက်တော် ၅၆ နှစ်တွင် နတ်ရွာစံသည်။ မယ်တော်သည် တုသိတာနတ်ပြည်၌ “သန္တုဿိတ” မည်သော နတ်သား သွားဖြစ်လေသည်။ ။
(ဆရာကြည်၏ "ဗုဒ္ဓအကြောင်းသိကောင်းစရာ မှတ်တမ်း" စာအုပ်အား စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။)
ဆရာကြည်
- Log in to post comments