Type

မိုးမိုးမြင့်
အခုတလော ကျွန်မတို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီး နိုင်ငံသားတစ်ဦး အနေနဲ့ စိတ်မကောင်းဖြစ်စရာတွေ မြင်တွေ့နေရပါတယ်။ လူတိုင်းလူတိုင်းဟာ မိမိယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တွေကို လွတ်လပ်စွာ ဆောင်ရွက် နိုင်ပေမယ့် အခြားသူတွေရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ ရပ်တည်ချက်တွေကို အနိုင်ကျင့်လွှမ်းမိုးပြီး အကျပ်ကိုင် တွန်းအားပေးတာမျိုးကတော့ အတော်ကို အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။
ပြောသမျှ စကားလုံးတိုင်းမှာ ဒီမိုကရေစီစကားလုံးကို ရေလဲသုံးပြောနေ ပေမယ့် ပြုကျင့်မှု တွေကတော့ ဒီမိုကရေစီမဆန်ဘဲ အဓမ္မဝါဒီဆန်နေတဲ့အတွက် ပြောစရာစကားတွေကို သိုသိပ်ဖုံးဖိထားခဲ့ရပါတယ်လို့ ဆိုရမှာပါပဲ။ ပြောလည်း ပြောချင်တယ် ပြောလည်းမပြောရဲဘူး ဆိုသလိုပေါ့။
မြင်ရတွေ့ရ စိတ်မချမ်းသာ
အခုတော့ အရဲစွန့်ပြီး ပြောကြည့်မိပါပြီ။ ဒီမိုကရေစီရဲ့ သဘောတရားတွေ ကို ပြည့်ပြည့်စုံစုံ မပြောလိုပေမယ့် လူတိုင်းနားလည်ထားကြတဲ့ သဘောတရား တစ်ခုက “မတူကွဲပြားမှုကို လက်ခံနိုင်ခြင်း”ပါပဲ။ ကိုယ်နဲ့ အမြင်မတူ၊ အတွေး မတူ၊ အလုပ်မတူခြင်းကို နားလည်လက်ခံပြီး အပြန်အလှန် ရပ်တည်နိုင်ခွင့်ကို လေးစားအသိအမှတ်ပြုတဲ့သဘောလို့ ကျွန်မနားလည်ထားမိပါတယ်။
အခုတော့ ဒီလိုမဟုတ်။ ကျွန်မတို့ငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ စစ်အေး တိုက်ပွဲသဘောတရားတွေလို မိမိနဲ့ ဆန့်ကျင်ဘက်တွေအပေါ် နားလည် လက်ခံမှုကင်းမဲ့ပြီး တိုက်ကွက်ဖော်နေတဲ့ပုံစံကို တွေ့နေရပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း တပ်မတော်က နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ အဲ့ဒီလိုဆောင်ရွက်မှုတွေကို မကျေမနပ်နဲ့ ဆန္ဒပြနေကြပါတယ်။ အဲဒီလိုဆန္ဒပြတာကို အပြစ်မပြောလိုပေမယ့် ဆန္ဒမပြလိုသူတွေကို အတင်း အဓမ္မပြအောင်လုပ်၊ ဝန်ထမ်းတွေနဲ့ တိုက်ကွက်ဖော်၊ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားအောင် ကြံစည်ကြိုးပမ်း၊ မိမိတို့နဲ့ ဆန္ဒမတူတဲ့ ဝန်ထမ်းတွေ၊ ပြည်သူ တွေကို အွန်လိုင်းပေါ်မှာ မဟုတ်မမှန်တာတွေတင်ပြီး အရှက်တကွဲ အကျိုး နည်းအောင်လုပ်၊ သူတို့က ဟီးရိုးတွေလုပ်ပြီး မိမိနဲ့ အမြင်မတူသူတွေ၊ အလုပ် မတူတွေကို ဗီလိန်တွေဖြစ်အောင် လုပ်နေတာတွေကိုတော့ ကျွန်မ ဘယ်လိုမှ ခံစားကြည့်လို့ မရတော့ပါဘူး။ သူတို့ပါးစပ်က ပြောနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားနဲ့ ပြုကျင့်နေတဲ့ အပြုအမူတွေဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် လွန်စွာ စိတ်ပျက်အားလျော့စရာတွေ ဖြစ်နေပါတယ်။
စာနယ်ဇင်းကောင်စီဆိုတာဘာလဲ
စာနယ်ဇင်းကောင်စီဆိုတာ စာနယ်ဇင်းလွတ်လပ်ခွင့်လို့ ကျင့်သုံးနေတဲ့ နိုင်ငံတော်တော်များများမှာ တွေ့ရတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ ဒီမိုကရေစီနိုင်ငံ အများစုမှာ စာနယ်ဇင်းကောင်စီဆိုတာ ရှိကြပါတယ်။ ဒါကို စာနယ်ဇင်း လွတ်လပ်ခွင့်ရဲ့ အင်္ဂါရပ်တစ်ခုလို့လည်း ပြောဆိုခဲ့ကြပါတယ်။
စာနယ်ဇင်းကောင်စီဆိုတာ ဘာကြောင့်ဖွဲ့ရတာလဲလို့ မေးရင်တော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့နဲ့ စာနယ်ဇင်းသမားများရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ ဆိုကြ ရမယ်ထင်ပါတယ်။
ဒါပေမယ့် စာနယ်ဇင်းကောင်စီဟာ စာနယ်ဇင်းသမားများရဲ့ အခွင့်အရေး နဲ့ အကျိုးစီးပွားကိုသာ ကာကွယ်ရမှာမဟုတ်ဘဲ ပြည်သူတွေရဲ့ အခွင့်အရေး တွေ၊ နစ်နာမှုတွေကိုလည်း ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဘယ်အစိုးရရဲ့ လက်အောက်ခံအဖွဲ့အစည်းမဟုတ်သလို ဘယ်ပါတီအဖွဲ့အစည်းရဲ့ လောင်းရိပ် အောက်မှာရှိနေရတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။
စာနယ်ဇင်းသမားတွေကို သတင်းအချက်အလက်တွေ လွတ်လပ်မျှတစွာ ရယူဖြန့်ချိပေးနိုင်ဖို့ လိုအပ်တဲ့ကျင့်ဝတ်စည်းကမ်းတွေ သတ်မှတ်ပေးမယ်။ ကျင့်ဝတ်နဲ့မညီတဲ့ ပြဿနာတွေ ပေါ်ပေါက်လာရင် ညှိနှိုင်းဖြေရှင်းပေးမယ်။ ဒါဟာ စာနယ်ဇင်းကောင်စီရဲ့ အဓိကတာဝန်ပါပဲ။ အဲဒီလို ဆောင်ရွက်နိုင်မယ် ဆိုရင် စာနယ်ဇင်းသမားများရဲ့ ဂုဏ်သိက္ခာမြင့်မားပြီး ပြည်သူလူထုယုံကြည်မှု တွေ ပိုမိုရရှိလာမယ်။ စာနယ်ဇင်းလောကအတွက် အကျိုးစီးပွားတွေ တစ်ဖက် တစ်လမ်းက ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မယုံကြည်ချက်။
ဒီနေ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသမိုင်းကို ပြန်ကြည့်ရင် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(ယာယီ)က အစပြုခဲ့တယ်လို ဆိုရမယ်ထင်ပါတယ်။ ၂၀၁၄ ခုနှစ်က စတင် ပြဋ္ဌာန်းလိုက်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့အတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး မီဒီယာသမားများရဲ့ အခွင့်အရေးတွေရရှိဖို့၊ အစိုးရနဲ့ မီဒီယာ အဖွဲ့အစည်းတွေကြား ညီညွတ်မျှတတဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်လာစေဖို့ အတွက် ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြတာကိုလည်း ကျွန်မတွေ့မြင်ခဲ့ရပါတယ်။ အမှန်အတိုင်းပြောရရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီဝင်များအား လစာမရရှိကြဘဲ မီဒီယာသမားများ အကျိုးနဲ့ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်၊ စေတနာထက်သန်စွာနဲ့ ကြိုးပမ်းခဲ့ကြတာကို ကျွန်မတို့ ငြင်းပယ်လို့ မရနိုင်ပါဘူး။
တကယ်တော့ သတင်းမီဒီယာကောင်စီဝင်တွေဟာ နိုင်ငံနဲ့ ပြည်သူအကျိုး/စာနယ်ဇင်းသမားတွေရဲ့အကျိုးကို ကိုယ်ကျိုးမဖက်ဘဲ စိတ်စေတနာကောင်း တွေနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်တယ်။ ကျွန်မ လေးစားအားကျရ သူတွေ ဖြစ်ပါတယ်။
သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာကောင်စီရဲ့ အဓိကလုပ်ငန်း တာဝန်တွေကို ပြန်ကြည့်ရင်…
သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနဲ့ အရည်အသွေးမြှင့်တင်ပေးဖို့၊
သတင်းမီဒီယာလုပ်ငန်းသုံးပစ္စည်းတွေကို ပြည်ပမှတင်သွင်းရာမှာ အဆင်ပြေချောမွေ့အောင် သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်းပေးဖို့၊
သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ စီစဉ်ကျင်းပပေးဖို့၊
သတင်းဆိုင်ရာထူးချွန်သူတွေကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်း အဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့၊
သတင်းမီဒီယာလုပ်ငန်း တိုးတက်ရေးအတွက် စီမံချက်များ ရေးသား ဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေ တွေ့ရမှာဖြစ်ပါတယ်။
အခုတော့ ဘယ်လို ပယောဂတွေ၊ ဘယ်လိုအခြေအနေတွေ ဆိုက်ရောက် ခဲ့သည်မသိ။ ကောင်စီဝင်အချို့ နုတ်ထွက်ကြပြီဆိုတဲ့ သတင်းက ကျွန်မအတွက် အင်မတန် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီတာဝန်တွေကို ဘယ်သူတွေက ထမ်းဆောင်ကြမှာပါလဲ။
အဲဒီလို သတင်းမီဒီယာကောင်စီဝင်အချို့ နုတ်ထွက်ကြတာကတော့ ရိုးရိုးသားသားမှ ဟုတ်ရဲ့လားလို့ စိတ်ထဲထင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တာဝန်ယူစဉ်ကာလမှာ စာနယ်ဇင်းလောက တိုးတက်အောင် လုပ်ခဲ့ကြ တာကို ကျွန်မမျက်မြင်ပဲဖြစ်ပါတယ်။ တကယ်လို့သာ သတင်းမီဒီယာကောင်စီ ကြီး မရှိတော့ရင်ဆိုတဲ့ အတွေးမျိုး ကျွန်မစိတ်ထဲရောက်ရှိပြီး အလွန်စိုးရိမ် မိပါတယ်။ အထူးသဖြင့် သတင်းမီဒီယာသမားများရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့် တွေ၊ အကျိုးစီးပွားတွေကို ဘယ်သူတွေက ဆောင်ကြဉ်းပေးကြမှာလဲ။ သတင်း မီဒီယာသမားများဘက်က မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖွဲ့အစည်း ကြီးက ဘယ်မှာလဲ။
အမှန်အတိုင်းပြောရရင် သတင်းမီဒီယာကောင်စီဝင်တွေဟာ အခြားအဖွဲ့ အစည်းတွေလို ဖွဲ့စည်းတာဝန်ပေးအပ်ထားတာမဟုတ်ဘဲ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းကြီးတစ်ခု ဖြစ်တဲ့အတွက် ကောင်စီဝင်တွေဟာ သိက္ခာသမာဓိ ပြည့်ဝသူများလည်း ဖြစ်ပါတယ်။
ယခုလိုအခြေအနေမှာ စုပေါင်းပြီး နုတ်ထွက်ခဲ့ကြတဲ့အတွက် ကျွန်မ စိတ်မကောင်းဖြစ်ရသလို ဖြစ်နိုင်မယ်ဆိုရင် တစ်ဦးချင်း၊ တစ်ယောက်ချင်းကို ကိုယ်တိုင်တွေ့ဆုံ စကားပြောချင်မိပါတယ်။ ဒီနေ့အချိန်ဟာ သတင်းမီဒီယာ လောက တိုးတက်ဖို့အတွက် ကျွန်မတို့အားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ဆောင်ရွက်ကြရမယ့်အချိန်၊ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ပြည်သူတွေအတွက် သတင်းအချက်အလက်တွေကို ဖြန့်ဝေဆောင်ရွက်ပေးရမယ့် အချိန်အခါတစ်ခုပဲ ဖြစ်ပါတယ်။
ဝိုင်းဝန်းဆောင်ရွက်ကြရအောင်
ကျွန်မ ကြီးပြင်းခဲ့ရတဲ့ဘဝတစ်လျှောက် လေးစားအားကျခဲ့ရတဲ့ သတင်းစာ ဆရာကြီးတွေ များစွာရှိခဲ့ပါတယ်။ သူတို့ပြောဆို ရေးသားခဲ့ကြတဲ့အကြောင်း အရာတွေဟာ စာနယ်ဇင်းသမားတိုင်းအတွက် လွန်စွာတန်ဖိုးရှိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဆရာကြီးလူထုစိန်ဝင်း သက်ရှိထင်ရှားရှိခဲ့စဉ်က စာနယ်ဇင်းတွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားခံရဖို့အတွက် အကြံပြု ရေးသားခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။
“စာနယ်ဇင်းဆိုတာ လူတစ်စုအတွက်၊ အသင်းအဖွဲ့တစ်ခုအတွက် မဖြစ် စေရဘူး၊ နိုင်ငံတစ်နိုင်ငံလုံး ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ဖြစ်စေရမယ်”ဆိုတဲ့ ပြောဆိုမှုတွေဟာ ကျွန်မတို့စာနယ်ဇင်းသမားတွေအတွက် သတိပြုကြရမယ့် ဆုံးမစကားတွေပဲ ဖြစ်ပါတယ်။
ကျွန်မ မှတ်သားမိတဲ့စကားတွေထဲမှာ “ဓမ္မဓိဋ္ဌာန်ကျမှုဆိုတဲ့ ဂုဏ်ထူး ဆောင်စကားလုံးဟာ တကယ်တမ်းကျတော့ စိတ်ကူးယဉ်ကမ္ဘာထဲမှာသာ ရှိနေတယ်ဆိုတာကို လက်တွေ့လုပ်ကိုင်နေတဲ့ စာနယ်ဇင်းသမားတိုင်းလိုလို သိရှိခဲ့ကြပါတယ်။ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်မှုကနေပြီး ဓမ္မဓိဋ္ဌာန်ဖြစ်မှုကို ပြောင်းလဲ သွားအောင် လုပ်ဆောင်ရေးဆိုတာ စာနယ်ဇင်းသမားတိုင်း တစ်သက်လုံး အဆက်မပြတ် ကြိုးပမ်းအားထုတ်နေရတဲ့ကိစ္စ ဖြစ်ပါတယ်” ဆိုတဲ့ စကား ကတော့ ကျွန်မနေ့စဉ် သတိထားနေရတဲ့ စကားလုံးပါပဲ။
တစ်နည်းအားဖြင့် ကျွန်မတို့ စာနယ်ဇင်းသမားတွေဟာ လူသားတွေပဲ ဖြစ်လို့ တစ်ခါတလေ ဖြစ်စဉ်ဖြစ်ရပ်များကို ဓမ္မဓိဋ္ဌာန်ကျကျ မရှုမြင်ဘဲ ပုဂ္ဂလ ဓိဋ္ဌာန်အစွဲနဲ့ ရှုမြင်လုပ်ကိုင်တတ်ကြပါတယ်။ အထူးသဖြင့် “အတ္တနောမတိ” ကင်းကင်းဖြင့် အရာရာကို ရေးသားရှုမြင်ဆင်ခြင်ကြဖို့ အဓိက လိုအပ်နေတာ ဖြစ်ပါတယ်။
အခုလည်း ကျွန်မစိုးရိမ်မိတာတစ်ခုရှိနေပါတယ်။ အချို့သော သတင်း မီဒီယာကောင်စီတွေ နုတ်ထွက်တာကို ဝေဖန်စောကြော မပြုလုပ်လိုပေမယ့် အချို့သော ကောင်စီဝင်တွေ နုတ်ထွက်ကြတာကိုတော့ စိတ်မကောင်းဖြစ်မိ ပါတယ်။ သူတို့တွေဟာ ဖိစီးမှုတစ်ခုခု၊ ဝေဖန်ပြစ်တင်မှုတစ်ခုခုကြောင့်များနုတ်ထွက်ခဲ့မိရင်တော့ ကျွန်မတို့ သတင်းမီဒီယာလောကအတွက် အနုတ် လက္ခဏာဆောင်တဲ့ အကျိုးရလဒ်လို့ ပြောရတော့မှာပါပဲ။
ဒီနေ့အချိန်မှာ နေရာတိုင်းလိုလိုဟာ “အစွဲ” တစ်ခုခုကြောင့် ဓမ္မဓိဋ္ဌာန်နဲ့ ကင်းဝေးနေကြပါတယ်။ ပုဂ္ဂလဓိဋ္ဌာန်နဲ့ မိမိထင်ရာမြင်ရာ ယုံကြည်ရာကိုသာ ဇောင်းပေးပြောဆိုနေကြပြီး အခြားတစ်ဖက်ရဲ့ မတူကွဲပြားတဲ့ အတွေးအမြင် တွေ၊ ယုံကြည်မှုတွေကို မျက်ကွယ်ပြုနေကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကြီးကို ယခုထက် ပိုမိုအားကောင်းခိုင်မာပြီး သတင်းမီဒီယာလောကအကျိုး… ပြည်သူများရဲ့အကျိုးကို ဆောင်ကြဉ်းပေးစေချင်တာပါပဲ။ ယခုလက်ရှိ ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း လေးစားအသိအမှတ်ပြုထားပြီး ဖြစ်တဲ့အတွက် နုတ်ထွက်ခြင်းမပြုဘဲ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့သာ တိုက်တွန်း ချင်ပါတယ်။
တကယ်လို့ အစွဲတစ်ခုခုကြောင့် နုတ်ထွက်ကြမယ်ဆိုရင်လည်း ဆရာကြီး လူထုစိန်ဝင်းရဲ့ “စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးသမားများလိုပဲ နိုင်ငံ့အရေး၊ နိုင်ငံသူ နိုင်ငံသားများအရေးကို တစ်နည်းတစ်ဖုံ ဆောင်ရွက်နေသူတွေဖြစ်တယ်။ နိုင်ငံရေးသမားကမှ သူ့ပါတီ အဖွဲ့အစည်းရဲ့အကျိုးကို ဆောင်ရွက်ရပါသေးတယ်။ စာနယ်ဇင်းသမားကတော့ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့ အကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး လုပ်ဆောင်ရပါတယ်။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ်လည်း အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမားဆိုတာ ဘယ်အနှောင်အဖွဲ့မျိုးမှ မခံတဲ့ နှောင်ကြိုးမဲ့ နိုင်ငံရေးသမားဖြစ်တယ်” ဆိုတဲ့ စကားကို ပြန်လည်အမှတ်ရစေချင်ပါတယ်။
ကျွန်မအနေနဲ့ကတော့ သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ လိုအပ်တယ်။ သတင်းမီဒီယာကောင်စီ တည်ရှိနေခြင်းဟာ သတင်းမီဒီယာသမားများရဲ့ အခွင့်အရေးတွေနဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ဖြစ်တယ်။ သတင်းမီဒီယာကောင်စီ အင်အားနည်းခြင်းဟာ အခြားဘယ်သူ့ကိုမှ မထိခိုက်နိုင်ဘဲ ကျွန်မတို့ သတင်း မီဒီယာလောကကိုသာ ရိုက်ခတ်နိုင်တယ်ဆိုတာကို သတိပြုစေချင်ပါ တယ်။
သတင်းမီဒီယာသမားဟာ လူသားတစ်ဦးဖြစ်တဲ့အတွက် ကိုယ်ပိုင်ယုံကြည် မှု၊ ကိုယ်ပိုင်တိမ်းညွတ်မှုတွေရှိကြမှာ ဖြစ်ပေမယ့် မိမိသတင်းမီဒီယာလောက အကျိုးအတွက် အရာရာ ချိန်ဆတွေးတော ဆောင်ရွက်ပေးကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်။ ဒါမှသာ ကျွန်မတို့အားလုံးဟာ ဆရာလူထုစိန်ဝင်း ပြောတဲ့ “နှောင်ကြိုးမဲ့ နိုင်ငံရေးသမား” စစ်စစ်တွေအဖြစ် ဂုဏ်ယူနိုင်မှာ ဖြစ်ပါ တယ်။
- Log in to post comments