စာပေအဆိပ်မသင့်ကြစေလို

 

 

ရန်ကုန်မြို့ရှိ စာပေတိုက်တစ်တိုက်မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်းမှ ဝေဖန်ကန့်ကွက် ရှုတ်ချမှုများ ပေါ်ထွက်လျက်ရှိသည်။ လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင်လည်း အဆိုပါစာအုပ်၏ မျက်နှာဖုံးပုံ၊ စာအုပ်ကိုဝယ်ယူ ရန်အတွက် စာပေတိုက်ရှေ့တွင် အမျိုးသမီးငယ်အများအပြား ပါဝင်သည့် တန်းစီနေသူများ စသည့်ပုံများတင်ထားသည်ကို တွေ့ရှိရပြီး  မြန်မာ့ယဉ်ကျေးမှုနှင့်   မြန်မာ့လူ့အဖွဲ့အစည်းကို  အန္တရာယ်ဖြစ်စေမည့်စာအုပ်ဖြစ်ကြောင်း ဝေဖန်သုံးသပ်ချက်များ ကိုလည်း တွေ့ရှိရသည်။
စာအုပ်ပါအကြောင်းအရာ၏ အကျဉ်းချုပ်မှာ အမျိုးသားချင်း အဓမ္မပြုကျင့်ပြီးနောက် ချစ်ကြိုက်သွားသည့်အကြောင်းဟုဆို သည်။ My Possessive Step-Bro ဟူသော အင်္ဂလိပ်စာခေါင်းစည်း ဖြင့် စာအုပ်၏အဆင်အပြင်မှာ မြင်နေကျ မြန်မာဝတ္ထုစာအုပ်များ နှင့်  လွန်စွာကွဲပြားခြားနားလှသည်။  ဝတ္ထုရေးသူသည်လည်း မြင်နေကျ၊  မြန်မာပရိသတ်တို့သိပြီး  ကလောင်အမည်မဟုတ် သဖြင့်   ကလောင်သစ်လား၊   ကလောင်ဟောင်းတစ်ဦးဦးက ကလောင်ပြောင်းထားခြင်းလားဟု ယူဆစရာဖြစ်သည်။ ထို့အပြင် ဝတ္ထုစာအုပ်တစ်အုပ်ကို ဝယ်ယူရန်အတွက် လူတန်းရှည်ကြီးဖြင့် တန်းစီစောင့်ဆိုင်း ဝယ်ယူကြသည့်မြင်ကွင်းမှာလည်း မြင်နေကျ မဟုတ်သော မြင်ကွင်းပင် ဖြစ်သည်။
မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်ရာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်အတွက် စာပေစိစစ်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်  ဩဂုတ်လ ၂၀ ရက်နေ့တွင်  ဖျက်သိမ်းပေးခဲ့သည်။ သို့ရာတွင်   လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ဟူသည်   ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဖြစ်သည်ကို သတိချပ်ရန် လိုသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် များသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများကို မဆန့်ကျင်ဖို့  လိုသည်။ ထို့အပြင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေတွင်လည်း လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာ စေမည့် အကြောင်းအရာများ၊ ညစ်ညမ်းစာများ၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစား၊ မူးယစ် ဆေးဝါးပြစ်မှုတို့ကို အားပေးခြင်း၊ လှုံ့ဆော်ခြင်းတို့ကို ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းမပြုရန်   တားမြစ်ထားသည်။    ဥပဒေဟူသည် လိုက်နာရန် ပျက်ကွက်ခြင်း၊ ဖောက်ဖျက်ကျူးလွန်ခြင်းတို့အတွက် ပြစ်ဒဏ်များပါရှိပြီး ဖြစ်သည်။
ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ပြောင်းလဲလာ သည့် လူ့အခွင့်အရေးစံနှုန်းများကို အသိအမှတ်ပြုကြရာတွင် LGBT ဟုဆိုကြသည့် Lesbian, Gay, Bisexual, Transgender တို့ကို လူတစ်ဦးချင်းစီ၏ ကျားမလိင်ရွေးချယ်မှုအခွင့်အရေး အဖြစ်  လက်ခံလာကြပြီဖြစ်သည့်တိုင်အောင် လိင်တူ လိင်ကွဲ အဓမ္မပြုကျင့်မှုများသည် ရာဇဝတ်မှုဖြစ်ပြီး ရိုင်းစိုင်းကြမ်းကြုတ် သည့်၊ စံလွဲသည့်အပြုအမူများသာဖြစ်သည်။ စာပေအနုပညာ ဖန်တီးမှု မျက်နှာဖုံးတပ်ပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု ကို ထိခိုက်စေသည့်၊ ညစ်ညမ်းမှုနှင့် အကြမ်းဖက်မှုတို့ကို အားပေး လှုံ့ဆော်သည့် အရေးအသားများကို ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေ ခြင်းတို့မှာ  ဥပဒေကို  ချိုးဖောက်ရာကျပြီး ထိရောက်စွာ အရေး ယူခံရမည် ဖြစ်သည်။
စာပေမြင့်မှ လူမျိုးမြင့်မည်ဟူသော ဆိုရိုးနှင့်အညီ စာပေ ဖတ်ရှုသူတို့ ဗဟုသုတတိုးပွားစေမည့်၊ အတွေးအခေါ်မြင့်မားစေ မည့်၊ စိတ်နှလုံး ယဉ်ကျေးသိမ်မွေ့စေမည့် စာကောင်းပေမွန်တို့ကို ရေးသားထုတ်ဝေခြင်းဖြင့် မြန်မာ့လူ့ဘောင်ကို မြှင့်တင်ကြရန် လိုသည်။ ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊ မရှုံးစေသားဟူသော စာရေး ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ သစ္စာကဗျာပါ စာပိုဒ်ကလေး ကဲ့သို့ပင် အပျင်းပြေဖတ်သည့်စာပင်ဖြစ်စေကာမူ စာရှုသူတို့ အတွက် အဆိပ်အတောက်ဖြစ်စေမည့်စာများ ရေးသားထုတ်ဝေ ခြင်းဖြင့် စာပေအဆိပ်မသင့်ကြစေလိုပါကြောင်း။      ။