စာပေအနုပညာကောင်းကင်တွင် အစဉ်တောက်ပနေမည့်ကြယ်တစ်ပွင့် သို့မဟုတ် ဆရာကြီးမင်းယုဝေ

Type

ြည်ကြည်ဝင်း(စာပေဗိမာန်

နိုင်ငံတော်အစိုးရသည် ၂၀၀၁ ခုနှစ်မှစတင်လျက် မိမိဘဝတာတစ်လျှောက်လုံး စာပေရေးသားခြင်း၊ စာပေသုတေသနပြုခြင်းလုပ်ငန်းများကို တစိုက် မတ်မတ်ပြုလုပ်လျက် မြန်မာစာပေဖွံ့ဖြိုးရေးကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်လျက်ရှိသည့် ပညာရှင်ကြီးများကို “အမျိုးသားစာပေ တစ်သက် တာဆု” အဖြစ် နှစ်စဉ်စာဆိုတော်နေ့တွင် ချီးမြှင့်ခဲ့ ပါသည်။


၂၀၁၁ ခုနှစ်အတွက်    အမျိုးသားစာပေ တစ်သက်တာဆုကို မြန်မာစာပေလောကတွင် အယ်ဒီတာ၊ စာရေးဆရာ၊ ကဗျာဆရာကြီးတစ်ဦး အဖြစ်   ထင်ရှားကျော်ကြားသည့်  ဆရာကြီး ဦးဝင်းမောင် (မင်းယုဝေ)က ရရှိခဲ့ပါသည်။   ဆု ချီးမြှင့်ခံရစဉ်က ဆရာကြီး၏ အသက်သည်  ၈၃ နှစ်အရွယ် ဖြစ်ပါသည်။
ဆရာကြီး၏ငယ်ဘဝနှင့် စာပေနှင့်နီးစပ်လာမှုများ


ဆရာကြီးမင်းယုဝေကို ၁၉၂၈ ခုနှစ် စက်တင် ဘာလ ၂၆ ရက်တွင် ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ်၌  အဖ ကုန်သည် ဦးထွန်းဆိုင်၊ အမိဒေါ်သင် တို့က ဖွားမြင်ခဲ့သည်။ မွေးချင်းရှစ်ယောက်ရှိသည့် အနက်  အငယ်ဆုံးဖြစ်သည်။   အမည်ရင်းမှာ ဦးဝင်းမောင်ဖြစ်သည်။ အထက်တန်းကျောင်းသား ဘဝတွင် ဝင်းမောင်ဆိုင်ဟု အမည်တွင်ခဲ့သည်။


အသက် ခုနစ်နှစ်အရွယ်တွင် မိဘများနှင့်အတူ ကန်ကြီးထောင့်မြို့မှ ပုသိမ်မြို့သို့ ပြောင်းရွှေ့နေ ထိုင်ခဲ့သည်။ ဆရာကြီးသည် စာဖတ်ခြင်း၊ စာရေး ခြင်းတို့ကို   ငယ်စဉ်မှစ၍  ဝါသနာပါခဲ့သည်။ အသက် ၁၄ နှစ်သားအရွယ်မှစ၍ အသင်းအဖွဲ့နှင့် ကျောင်းသားရေးရာ စာစောင်များတွင် စာပေများ စတင်ရေးသားခဲ့သည်။ အမျိုးသားကျောင်းဆရာ ဦးထွန်းရင် ဖွင့်လှစ်သော အထက်တန်းကျောင်းသား ဘဝ၌ရှိစဉ် ဆရာဖြစ်သူ ဆရာကြီးဦးထွန်းရင်က ဆရာမင်းယုဝေ၏ စာပေဝါသနာကို မြေတောင် မြှောက်ပေးခဲ့သည်။ ခေတ်သစ်တန်းမြင့် ကျောင်း တွင် ခုနစ်တန်းမှ ကိုးတန်းအထိ ပညာသင်ကြားခွင့် ရရှိခဲ့သည်။ ကန်ကြီးထောင့်မြို့တွင် ကင်းထောက် လူငယ် လက်ရေးစာစောင်ထုတ်ဝေရာ  ဆရာ မင်းယုဝေသည် အယ်ဒီတာအဖြစ် လုပ်ဆောင်ခွင့် ရခဲ့သည်။ ယင်းစာစောင်တွင် ကာတွန်းအောင်ရှိန် ဖြစ်လာမည့် ကိုအောင်ရှိန်သည်လည်း ကာတွန်း ရုပ်ပြများ ရေးဆွဲခဲ့သည်။ ဆရာကြီးမင်းယုဝေနှင့် ဆရာကာတွန်းအောင်ရှိန်သည် ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြသည်။ ထိုစဉ်က ဆရာကြီး မင်းယုဝေ၏ ကလောင်အမည်များမှာ ဂါမဏိ၊ နေဝင်းဝဏ်၊ ဝင်းမောင်ဆိုင်၊ ပုသိမ်ဖိုးကျားတို့ဖြစ် သည်။ ကျောင်းတွင်ပြုလုပ်သော စာပေပြိုင်ပွဲများ၌ ဝင်ရာက်ယှဉ်ပြိုင်ရာ  ဆုများရရှိခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၄ ခုနှစ် အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းတွင်  ပညာသင်ဆဲ၌  အာရှလူငယ် ကင်းထောက်လုလင် အဖွဲ့ဝင်ဖြစ်သည်။ ထိုစဉ်က ပုသိမ်ခရိုင် အာရှလူငယ်ညီလာခံကကျင်းပသည့် လူငယ်စာပေပြိုင်ပွဲ၌   “ပြုပြင်သွန်သင်ကြလော့” ဆောင်းပါးဖြင့် ဆောင်းပါးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ  ပထမဆုရရှိပြီး  ညီလာခံသို့လည်း တက်ရာက်ခွင့်ရရှိခဲ့ပါသည်။    ဆရာကြီးသည် ခေတ်စမ်းကဗျာစာအုပ်နှင့် အခြားကဗျာများကို စံနမူနာယူကာ ခုနစ်တန်း အရွယ်ကတည်းကပင် ကဗျာများ စတင်ရေးသားခဲ့သည်။ ထို့နောက် စစ်ပြီး ခေတ် အမျိုးသားကျောင်း ၁၀တန်း၌ ပညာဆည်းပူး စဉ်  ပုသိမ်မြို့ရှေ့နေကြီး ဦးပုက ဆရာ မင်းယုဝေ အပါအဝင်  မြန်မာစာဝါသနာရှင်  ကျောင်းသား ကျောင်းသူများအား မြန်မာကဗျာဖွဲ့နည်း သင်ကြား ပေးသည်။ ၁၉၄၆ ခုနှစ်တွင် ပုသိမ်မြို့အမျိုးသား အထက်တန်းကျောင်းမှ အထက်တန်းအောင်မြင်ခဲ့ သည်။


တက္ကသိုလ်ကျောင်းသားဘဝ၌ စာပေလောကသို့ တစ်စတစ်စရောက်ရှိလာပုံ


 ဆရာမင်းယုဝေသည် တက္ကသိုလ်၌ ပညာ ဆည်းပူးစဉ် စာနယ်ဇင်းများ၌ စာများ၊ ကဗျာများ ရေးသားပေးပို့သည်။ ၁၉၄၈ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်း၌ “မိခင်အသို့နေမည်နည်း” ကဗျာကို စတင်ဖော်ပြခြင်း ခံရသည်။ တာရာမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၂၅ တွင် ပုံနှိပ်ဖော်ပြသော “နှုတ်ခမ်းနီ” ဝတ္ထုတိုသည် ဆရာ ကြီးမင်းယုဝေ၏  ပထမဆုံးဝတ္ထုတိုဖြစ်သည်။ ဆရာကြီးမင်းယုဝေသည် ရန်ကုန်တက္ကသိုလ်၌ ပညာ ဆည်းပူးစဉ် ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် တို့နှင့်  သိကျွမ်းရင်းနှီးကာ တပည့်ရင်းတစ်ဦးဖြစ်လာ ခဲ့သည်။ ဆရာကြီးမင်းသုဝဏ်၏  ကျေးဇူးကြောင့် ကဗျာလောကသို့ခြေချခွင့်ရခဲ့သဖြင့်   ကလောင် အမည်ကို ‘မင်းယုဝေ’ ဟု ခံယူခဲ့သည်။  ခေတ်စမ်း ကဗျာလောကတွင် ထင်ရှားကျော်ကြားသော ဆရာကြီးမင်းသုဝဏ်နှင့်ဆရာကြီးဇော်ဂျီတို့ကို အနီးကပ် တွေ့ဆုံ၍    မြန်မာစာဆည်းပူးခွင့်ရသောအခါ ကဗျာရေးဖွဲ့လိုမှုစိတ်ဓာတ်သည် ပိုမိုပြင်းထန်လာ ခဲ့သည်။ ၁၉၄၉ ခုနှစ် ဒုတိယနှစ် ဥပစာအတန်း၌ရှိစဉ် ထုတ်ဝေခဲ့သည့် “ဘဝမာယာကဗျာများ” စာအုပ် သည် ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။ ထိုစာအုပ် တွင် ဆရာမင်းသုဝဏ်က တည်းဖြတ်ပေးပြီး အမှာစာ ရေးပေးခဲ့သည်။  စာအုပ်ထွက်လာသောအခါ ဆရာ ဒဂုန်တာရာက  တာရာမဂ္ဂဇင်းတွင် ဝေဖန်စာရေး၍ အားပေးခဲ့သည်။ ဆရာမ ငွေတာရီက  ဟံသာဝတီ သတင်းစာမှတစ်ဆင့် ဝေဖန်ခဲ့သည်။ ထိုအချိန်မှစ၍ ဆရာကြီးမင်းယုဝေနှင့်    ဆရာမငွေတာရီတို့ ခင်မင်ရင်းနှီးလာခဲ့သည်။  ၁၉၅၀ ပြည့်နှစ်တွင် ဆရာမင်းယုဝေသည် ဆရာမ ငွေတာရီနှင့်တွဲဖက်၍ “ရတနာကဗျာ” စာအုပ်ကိုထုတ်ဝေခဲ့သည်။ ဟံသာ ဝတီစာအုပ်တိုက်က ထုတ်ဝေခဲ့သည်။  ထိုကဗျာ စာအုပ်ကို ဆရာကြီးမင်းသုဝဏ်က တည်းဖြတ်ပေး ပြီး ဆရာကြီးဇော်ဂျီက အမှာစာရေးပေးသည်။ ၁၉၅၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာပေ၊ အင်္ဂလိပ်စာပေ၊ ပါဠိစာပေတို့ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ဆရာကြီးသည် ၁၉၅၂ ခုနှစ်တွင် ကဗျာဆရာမကြီး ငွေတာရီနှင့် လက်ထပ်ခဲ့ပြီး ဇနီးမောင်နှံတွဲဖက်၍ လည်း စာအုပ်များထုတ်ဝေခဲ့သည်။ 


လုပ်ငန်းခွင် တစ်ဖြစ်လဲ စာပေလောကနယ်ပယ်


ဆရာကြီးသည် ဘွဲ့ရရှိပြီးနောက် ပြန်ကြားရေး ဌာန  ညွှန်ကြားရေးဝန်ရုံးတွင်  အထက်တန်း ဘာသာပြန်အရာရှိ၊ ၁၉၅၂ ခုနှစ်မှ ၁၉၅၉ ခုနှစ် အတွင်း အင်းစိန်ခရိုင် ပညာအုပ်၊  စာပြု၊ စာပေ ဗိမာန်လက်ထောက်စာတည်း၊ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန စသည်တို့ တွင် လက်ထောက်စာတည်း အလုပ်တာဝန်တို့ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ထိုသို့ လုပ်ကိုင်နေစဉ် ၁၉၅၅-၁၉၅၆ ခုနှစ်တွင်   ဗြိတိသျှကောင်စီ ပညာသင်ဆုရရှိပြီး လန်ဒန်တက္ကသိုလ် အရှေ့တိုင်း ဘာသာရပ်များလေ့လာရေးကျောင်းတွင် အဘိဓာန် နှင့် ဘာသာပြန်စာပေတို့ကို သွားရောက်ဆည်းပူးခဲ့ ကြောင်း သိရပါသည်။ ၁၉၅၈ ခုနှစ်တွင် ဇနီး ငွေတာရီ ကွယ်လွန်ခဲ့သည်။ ထို့နောက် ၁၉၅၉ ခုနှစ် တွင် လက်ထောက်စာတည်းအလုပ်မှ နုတ်ထွက်ပြီး ၁၉၆၀ပြည့်နှစ်  ဇူလိုင်လတွင် မာလာမြိုင်ပုံနှိပ်တိုက် ကို တည်ထောင်ကာ ငွေတာရီအထိမ်းအမှတ်အဖြစ်  ငွေတာရီမဂ္ဂဇင်း၊         ငွေတာရီစာအုပ်များကို တည်းဖြတ်ထုတ်ဝေခဲ့သည်။ မြန်မာ့မဂ္ဂဇင်းလောက တွင် အအောင်မြင်ဆုံး မဂ္ဂဇင်းများအနက် မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သော ငွေတာရီမဂ္ဂဇင်းကို စောင်ရေ နှစ်သောင်းခန့်အထိရောက်အောင်  တာဝန်ခံ အယ်ဒီတာအဖြစ်  တာဝန်ယူကာ အောင်မြင်စွာ ထုတ်ဝေခဲ့သည်။ 


ငွေတာရီမဂ္ဂဇင်းသည် စာပေအရအောင်မြင် သော်လည်း ထိုစဉ်က စက္ကူစျေးကြီးမြင့်မှုကြောင့် စီးပွားရေးအရ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ငွေရေးကြေးရေး အခက်အခဲတွေ့ကာ ငွေတာရီ မဂ္ဂဇင်းကို မြဝတီပုံနှိပ်တိုက်သို့ လွှဲပြောင်းခဲ့ရသည်။ သို့သော်လည်း ဆရာမင်းယုဝေကပင် ငွေတာရီ မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ငွေတာရီမဂ္ဂဇင်းအမှတ် ၁၀၀ သို့ ရောက်ရှိလာ သောအချိန် ၁၉၆၈ ခုနှစ်တွင် မြဝတီစာပေတိုက်၏ အယ်ဒီတာချုပ်ဖြစ်လာကာ   မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊  လူငယ်ဂျာနယ်၊ တေဇရုပ်စုံ၊ တို့ကျောင်းသားစာအုပ်များအပြင် မြဝတီစာစဉ်မှ လုံးချင်းစာအုပ်များကို တည်းဖြတ်ထုတ်ဝေခဲ့ သည်။ ထိုအချိန်က မြဝတီစာပေတိုက်မှ ထုတ်ဝေ သော စာအုပ်စာစောင်များမှာ စောင်ရေသောင်းချီ ပုံနှိပ်ခဲ့ရသည်။  မြဝတီစာပေတိုက်၌ အယ်ဒီတာ ချုပ်တာဝန်ထမ်းဆောင်စဉ် စာပေဗိမာန်၊ အမျိုး သားစာပေဆုရွေးချယ်ရေးအဖွဲ့ဝင်၊  ပညာရေး ဝန်ကြီးဌာန မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊  ကျောင်းသုံး စာအုပ် ကော်မတီဝင်၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

 


ဆရာမင်းယုဝေနှင့်ကလေးစာပေ


ဆရာကြီးသည်  သူ၏သားနှင့်သမီး အပါ အဝင် မြန်မာကလေးငယ်များကို ချစ်ခင်မြတ်နိုး သော စေတနာအရင်းခံ၍ ကလေးကဗျာများကို ကြိုးပမ်းဖွဲ့ဆိုလေ့ရှိပါသည်။  ဆရာကြီးသည် သူငယ်စဉ်ကလေးဘဝက ခံစားမိသောအကြောင်း အရာများကို ဦးစားပေးကာ  ဖွဲ့ဆိုပါသည်။ အကြောင်းအရာ ကောင်းမွန်မှုသာမက ကလေး သူငယ်များ       ဖတ်ရှုရလွယ်ကူအောင်လည်း အားထုတ်လေ့ရှိပါသည်။ ပုံနှိပ်ခြင်းမပြုမီ ယင်းကဗျာ များအား ဆရာကြီးသည် သမီးနှင့်သားအား ဖတ်ရွတ်စေခဲ့ကြောင်း သိရှိရပါသည်။ မပြေပြစ် သော အသံကာရန်တို့ရှိပါက၊ မသိနားမလည်သော စကားဝေါဟာရများပါရှိပါက ပြန်လည်ပြင်ဆင် ပါသည်။ ခက်ခဲလွန်းသော အကြောင်းအရာများ ပါရှိပါကလည်း    ပြန်လည်ပြင်ဆင်ပါသည်။ ထို့နောက်မှ ပုံနှိပ်ခြင်းပြုပါသည်။ ဆရာကြီးသည် ဤကဲ့သို့ ကလေးသူငယ်တို့အပေါ် စေတနာဖြင့် လုပ်ဆောင်ပေးခဲ့ပါသည်။


အချိန်ပြည့်စာရေးဆရာ၊ အယ်ဒီတာဘဝ


၁၉၇၉ ခုနှစ်တွင်    မြဝတီပုံနှိပ်တိုက်၏ အယ်ဒီတာချုပ်အဖြစ်မှ အငြိမ်းစားယူကာ အချိန် ပြည့် စာရေးဆရာအဖြစ် စာပေများရေးသားပြုစုခဲ့ သည်။ ၁၉၈၀-၈၄  ခုနှစ်အထိ အံ့ဖွယ်သုတစာစောင်၊ မြစ်မခ စာပဒေသာ၊ မြစ်မခအင်္ဂလိပ်စာဥယျာဉ် တို့တွင် အယ်ဒီတာချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့ သည်။ ၁၉၈၄ ခုနှစ်မှ   စတင်ထုတ်ဝေခဲ့သော မြတ်မင်္ဂလာဘာသာရေးစာစောင်၊ ၁၉၈၈ခုနှစ်မှ စတင်ထုတ်ဝေသော မင်္ဂလာမောင်မယ် ကျောင်း သားလူငယ်စာစောင်တို့ကို ရေးသားတည်းဖြတ် ထုတ်ဝေခဲ့သည်မှာ ကွယ်လွန်ချိန်အထိဖြစ်ပါသည်။ 


ဆရာကြီးသည် ခေတ်စမ်းစာပေ၏ ဒုတိယ မျိုးဆက်ဟု ဆိုနိုင်သည့်အပြင် ကဗျာဆရာကြီး ဇော်ဂျီ၊ ဆရ

ာကြီးမင်းသုဝဏ်တို့၏ တပည့်ရင်း ဖြစ်သည်။ ကဗျာဆရာများဖြစ်ကြသည့် ဂုဏ်ဝင်း၊ နောင်၊ ဗန်းမော်ညိုနွဲ့၊   ထွဏ်းနေနွယ်တို့နှင့် ခေတ်ပြိုင်ဖြစ်သည်။
ဆရာကြီးမင်းယုဝေသည် စာနယ်ဇင်းများ တွင် စာမူများ၊ ကဗျာများ အဆက်မပြတ်ရေးသား ခဲ့ပြီး လုံးချင်းစာအုပ် ၆၀ ကျော် ရေးသားထုတ် ဝေခဲ့သည်။ ယင်းတို့တွင် ကဗျာစာအုပ်များ၊ စာပေ ဆိုင်ရာစာအုပ်များ၊ ခရီးသွားမှတ်တမ်းဆိုင်ရာ စာအုပ်များ စသည်တို့ပါဝင်သည်။ စာနယ်ဇင်း များတွင် ဖော်ပြခဲ့ပြီးသော ကဗျာ၊ ပုံပြင်၊ ဝတ္ထု၊  ဆောင်းပါး၊ ခေါင်းကြီး၊ ဘာသာပြန် စသည်တို့မှာ ပုဒ်ရေ ၂၀၀၀ ကျော်ရှိခဲ့သည်။ ယင်းတို့အနက် ဆရာမကြီးငွေတာရီနှင့် တွဲဖက်ဘာသာပြန်ဆို သော “အီစွတ်ပုံပြင်များ” စာအုပ်သည် ၁၉၅၄ ခုနှစ်အတွက် စာပေဗိမာန် ဘာသာပြန်စာပေဆု ရရှိခဲ့သည်။ ကမ္ဘာကျော်အီစွတ်ပုံပြင်များစာအုပ် မှာ ခရစ်မပေါ်မီ အနှစ် ၆၀၀ ခန့်က ဂရိနိုင်ငံတွင် ထင်ရှားခဲ့သော အီစွတ်ပုံပြင်များကို ပြန်ဆိုထား သည့်စာအုပ်ဖြစ်သည်။ ပုံပြင်များ၏ အဓိကဇာတ် ကောင်များမှာ တိရစ္ဆာန်များဖြစ်သော်လည်း လူတို့အတွက် သင်ခန်းစာပေးထားသော ပုံပြင်များ ဖြစ်ကြသည်။ ၁၉၇၂ ခုနှစ်တွင်ထုတ်ဝေသော “ရေခပ်ချိန်ကဗျာများ” စာအုပ်သည် ၁၉၇၂ ခုနှစ် အတွက် အမျိုးသားစာပေ (ကဗျာဆု) ရရှိခဲ့သည်။ 
ဆရာကြီးမင်းယုဝေ၏ ထင်ရှားသောစာအုပ် များမှာ ကဗျာ့ပရိယာယ်   (မင်းသုဝဏ်နှင့် မင်းယုဝေ-၁၉၆၃) သည် ဆရာကြီးမင်းသုဝဏ်နှင့် ဆရာမင်းယုဝေတို့၏  ကဗျာဆွေးနွေးချက်များကို စုစည်းထုတ်ဝေထားသောစာအုပ်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် သြဂုတ်လထုတ် ငွေတာရီမဂ္ဂဇင်း အမှတ်(၂) မှစ၍   ဆရာကြီးမင်းသုဝဏ်က ‘ကဗျာခန်း’ဟု အမည်ပေးကာ      ကဗျာဝါသနာရှင်များထံမှ ကဗျာများကို တောင်းယူပြီး ကဗျာလင်္ကာရေးစပ် သီကုံးရာတွင်  သတိပြုသင့်သည့်အချက်များကို အကြံပေးဖော်ပြချက်များနှင့် ဆရာမင်းယုဝေ၏ ‘ကဗျာခန်း’ကို ဆက်လက်ဆွေးနွေး အကြံပြုချက် များကို စုပေါင်းကာ ‘ကဗျာ့ပရိယာယ်’ အမည်ဖြင့် ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်ဖြစ်သည်။ ဆရာ မင်းယုဝေ၏ဆွေးနွေးချက်များကို    တင်အေး (ရှမ်းပြည်) နှင့် ဒဂုန်ဦးထွန်းမြင့်တို့က တည်းဖြတ် ပေးကြသည်။ စုစုပေါင်းကဗျာရှင် ၁၀၀ နှင့် ဆွေးနွေး ထားပြီး နောက်ဆက်တွဲအဖြစ် ခေတ်ပြိုင်စာဆို များ၏ ကဗျာစာအုပ်စာရင်းကို ဖော်ပြထားသည်။ 


 မြန်မာစာမိတ်ဖွဲ့ (တိုက်စိုးနှင့်တွဲဖက်- ၁၉၆၅) စာအုပ်သည် ဆရာတိုက်စိုးနှင့် ဆရာမင်းယုဝေတို့ စာနယ်ဇင်းများတွင် အခါအားလျော်စွာ ရေးခဲ့သော စာပေရေးရာဆောင်းပါးများကို  စုပေါင်းထုတ်ဝေ ထားသည့်စာအုပ်ဖြစ်သည်။ “မြန်မာစာမိတ်ဖွဲ့” သည် ဆရာတို့၏ ထင်ရှားသော စာပေလက်ရာတစ်ခု ဖြစ်သည်။ ဆရာတို့နှစ်ဦးသည် ခေတ်အဆက်ဆက် မြန်မာစာပေများမှ ကောင်းကွက်၊ လှကွက်များကို မိတ်ဆက်ပေးထားခြင်းဖြစ်သည်ဟု      ဆရာ မောင်ခင်မင်(ဓနုဖြူ)က   အဆိုပါစာအုပ်၏ အမှာစာ တွင် ရေးသားဖော်ပြခဲ့သည်။ “မြန်မာစာမိတ်ဖွဲ့” စာအုပ်သည် စာပေဝါသနာရှင်များ၏ အထူးအားပေး ခြင်းခံရပြီး အကြိမ်များစွာ ပြန်လည်ထုတ်ဝေခဲ့ရ သည်။ ၁၉၆၅ ခုနှစ်နှင့် ၁၉၆၆ ခုနှစ်တို့တွင် ပထမတွဲ၊ ဒုတိယတွဲ ခွဲထုတ်ခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် နှစ်တွဲကို တပေါင်းတည်း   ထုတ်ဝေခဲ့ကြောင်းသိရသည်။ မြန်မာစာပေသမိုင်းကို မိတ်ဆက်ထားသည့်စာအုပ် ဖြစ်ပြီး ပုဂံသားနှင့်စကားအသုံးအနှုန်းအကြောင်းမှ ဝတ္ထုတိုဆရာ သော်တာဆွေအထိ  မြန်မာစာပေသမိုင်း တစ်လျှောက် ထင်ရှားသောစာပေနှင့် ထင်ရှားသော စာရေးဆရာများအကြောင်း စုံလင်စွာတင်ပြထား သော စာအုပ်ဖြစ်ကြောင်း သိရပါသည်။ ယင်းစာအုပ် ကို တက္ကသိုလ်မြန်မာစာအဓိကတန်းများနှင့် ပညာ ရေးတက္ကသိုလ် မြန်မာစာအတန်းတို့တွင် ပြဋ္ဌာန်း သင်ကြားလျက်ရှိသည်။  ဆရာကြီးမင်းယုဝေ၏ ကဗျာ၊ ဆောင်းပါးအချို့ကို အလယ်တန်းနှင့်အထက် တန်းကျောင်းများ၊ ကောလိပ်များ၊ ဆေးတက္ကသိုလ် အပါအဝင် တက္ကသိုလ်များတွင်  နှစ်ပေါင်း ၄၀ကျော်မှ စ၍ ယနေ့အထိ       ပြဋ္ဌာန်းသင်ကြားနေဆဲဖြစ် သည်။ 


စာဆိုနှင့်သုတေသီ (တိုက်စိုးနှင့်မင်းယုဝေ- ၁၉၆၇) စာအုပ်သည်   ဆရာတိုက်စိုးနှင့် ဆရာ မင်းယုဝေတို့ ပူးတွဲရေးသားထားပြီး မောင်းထောင် ဦးကျော်လှ၊ မှော်ဘီဆရာသိန်း၊  ဂျိမ်းစ်လှကျော်၊ ဦးလတ်၊ သဘင်ဝန်ဦးနု၊ သခင်ကိုယ်တော်မှိုင်း၊ ဦးမြ၊ ပီမိုးနင်း၊ ဦးဖေမောင်တင်၊ ရွှေဥဒေါင်း၊ ဦးဖိုးကျား၊ ဦးဘသန်း(ဘီအေ)၊ သိပ္ပံမောင်ဝ၊ မဟာဆွေ၊ ဇေယျ စသည့် စာရေးဆရာနှင့် သုတေသီ ၁၅ ဦးအကြောင်း ရေးသားထားသည့် စာအုပ်ဖြစ်သည်။   


 ပထမမြန်မာများ(၁၉၆၈)   စာအုပ်တွင်  အင်္ဂလိပ်-မြန်မာအဘိဓာန်ကို ပထမဆုံးပြုစုသူ၊ သိပ္ပံစာပေကို  မြန်မာစာဖြင့်  ပထမဆုံးပြုစုသူ၊ ပထမဆုံးမြန်မာဆရာဝန်၊ ခေတ်သစ်ဝတ္ထုကို ပထမ ဆုံးရေးသားသူ၊ ပထမဆုံး လူမှုဝန်ထမ်းအမျိုးသမီး၊ မဂ္ဂဇင်းလုပ်ငန်းကို အဦးအစ လုပ်ကိုင်သူ၊ ခေတ်သစ် ဇာတ်ဆရာတို့၏ ရှေ့ဆောင်၊ နိုင်ငံခြားသွား ပထမ ဆုံး မြန်မာ့ဆိုင်းပညာရှင်၊ မြန်မာထဲမှ ပထမဦးဆုံး ပါမောက္ခ၊   အဦးဆုံးရုပ်ရှင်ပညာရှင်၊   ရှေးဦး ကာတွန်းဆရာ၊ ခေတ်သစ်ပန်းချီပညာရှင်၊ ကိုယ် ကာယ အလှဖော်ထုတ်သူ၊ ပထမဆုံးရုပ်ရှင်မင်းသား၊ ကာတွန်းရုပ်ရှင်ကို စတင်တီထွင်သူ၊ ခေတ်စမ်း ကဗျာကို စတင်ခဲ့သူ၊ ခေတ်သစ်ကလေးကဗျာကို စတင်ရေးစပ်ခဲ့သူ၊   အိုလံပစ်အားကစားပြိုင်ပွဲသို့ မြန်မာလူမျိုးထဲမှ ပထမဆုံးယှဉ်ပြိုင်ခဲ့သူ စသည်ဖြင့် စာပေ၊ လူမှုဝန်ထမ်း၊  ဆေးပညာ၊ ဆိုင်းပညာ၊ ကာတွန်းပညာ၊ အားကစားစသည်ဖြင့် သက်ဆိုင်ရာ ပညာရပ်တို့တွင် မြန်မာလူမျိုးထဲမှ အဦးအစ တီထွင် သူများအကြောင်း   ရေးသားထားသည့်စာအုပ် ဖြစ်သည်။ 
စာလောက လူလောက


၁၉၇၀ ပြည့်နှစ်တွင်ထုတ်ဝေခဲ့သော “စာလော ကလူလောက” စာအုပ်မှာ  ဆရာကြီးမင်းယုဝေ၏ စာနယ်ဇင်းများတွင်ရေးသားခဲ့သော စာပေယဉ်ကျေး မှု  သုတေသနနှင့် သမိုင်းဆိုင်ရာ ဆောင်းပါးများကို စုစည်းထုတ်ဝေထားသော      စာအုပ်ဖြစ်သည်။ ယင်းစာအုပ်တွင်  မြန်မာစာပေနှင့်  တိုင်းရင်းသား ယဉ်ကျေးမှုဆိုင်ရာ၊   သမိုင်းနှင့် စာပေဆိုင်ရာ၊ ပြည်တွင်းပြည်ပ ခရီးသွားဆိုင်ရာ၊ နိုင်ငံတကာ စာပေ ဆိုင်ရာဆောင်းပါးများနှင့် မြန်မာစာပေ ယဉ်ကျေး မှုနှင့် သုတေသီလောကမှ ထင်ရှားသောပုဂ္ဂိုလ်များ၊ ကမ္ဘာ့စာပေယဉ်ကျေးမှုဆိုင်ရာ ထင်ရှားသောပုဂ္ဂိုလ် များအကြောင်းတို့ ပါဝင်ကြောင်း သိရပါသည်။ စာလောက လူလောကစာအုပ်၌ မြန်မာသက္ကရာဇ် ၁၁၁၂ ခုနှစ်မှ ၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ် မတိုင်မီခေတ်အထိ မြန်မာစာပေ  အဆင့်ဆင့် ပြောင်းလဲလာပုံ သမိုင်းအကျဉ်းချုပ်၌   ဤသို့ ရေးသားတင်ပြထားပါသည်။


“ထို့နောက် ကုန်းဘောင်ခေတ်(၁၇၅၂- ၁၈၈၅) သို့ရောက်ခဲ့ပြန်ပါသည်။ ပုဂံခေတ်၌ စတင် ခဲ့သော ပါဠိကျမ်းဂန် လေ့လာမှုသည်လည်းကောင်း၊ အင်းဝခေတ်၌   စတင်ခဲ့သော   မြန်မာစာပေ လေ့လာပြုစုမှုသည်လည်းကောင်း  ဤခေတ်၌ အနည်ထိုင်တော့၏။   အဆီအနှစ်စုတော့၏။ ထိုခေတ်ပညာရှင်တို့သည် ဘိုးဘေးဘီဘင်အစဉ် အဆက် လေ့လာပြုစုခဲ့သော စာပေကျမ်းဂန်တို့ကို မနေမနား လေ့လာဆည်းပူးကြသည်။ ပျက်ယွင်း သည်တို့ကိုဖာထေးပြုပြင်ကြသည်။ တိမ်မြုပ်သည် တို့ကို ဖော်ထုတ်ကြသည်။ သာသနာပြုဆရာတော် အမှူးပြုသောပညာရှင်တို့သည် ပိဋကတ်တော်ကို တည်းဖြတ်၍ ကျောက်ထက်အက္ခရာ တင်ကြ သည်။ ဓမ္မသတ်ကျမ်း၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ ရာဇဝင်ကျမ်းစသည်တို့ကိုလည်း တည်းဖြတ် သုတ်သင်ကြသည်။ ပိဋကတ်ကျမ်းစာ၊ လောကီ ကျမ်းစာ၊   ပျို့လင်္ကာ၊   သမိုင်းစသည်တို့ကို စုဆောင်း၍ မှတ်တမ်းစာရင်းတင်ကြသည်။ ဤသို့ ဘိုးဘေးများ၏ အမွေအနှစ်ဖြစ်သော စာဟောင်း ပေဟောင်းတို့ကို ထိန်းသိမ်းရင်း တစ်ဖက်ကလည်း စာပေသစ်များကို   ပြုစုကြသည်။  ဝေါဟာရလီ နတ္ထိဒီပနီကျမ်း၊ ဝေါဟာရတ္တပကာသနီကျမ်း၊ ပေါရာဏ ကထာဋီကာကျမ်း၊ သတ်ပုံသတ်ညွှန်း ခွဲထားကျမ်း စသည့် စာပေအတွက် အဖိုးတန်သော စာပေစကားဆိုင်ရာ ကျမ်းများကို ပြုစုကြသည်။ ယောမင်းကြီးဦးဘိုးလှိုင်ဦးဆောင်သော ခေတ်မီ ပညာရှင်တစ်စုကလည်း  အနောက်တိုင်းဝိဇ္ဇာ၊ သိပ္ပံကျမ်းများကို ကြိုးပမ်းမြန်မာပြန်ဆိုကြသည်။ ပျို့လင်္ကာဆရာတို့သည် ဆန်းသစ်သော ကဗျာ များကို မဖွဲ့ဆိုနိုင်စေကာမူ အစဉ်အလာမပျက် ရှေးရိုးကဗျာမျိုးကို ဆက်လက်ဖွဲ့ဆိုကြသည်။ ထူးခြားချက်မှာ လေးချိုး၊ တေးထပ်၊ ဘောလယ်၊ သံချို၊ လွမ်းချင်းစသော ကဗျာတိုလေးများ ပေါ်ထွက်လာခြင်းဖြစ်သည်...........” အစရှိသဖြင့် ရေးသားပြုစုခဲ့ရာ မြန်မာစာပေသမိုင်းကို လေ့လာ စေလိုသော ဆရာကြီးမင်းယုဝေ၏ စိတ်စေတနာ ကို သိရှိရပါသည်။ 
(ဆက်လက်ဖော်ပြပါမည်)