စာပေကျေးဇူး

Type

စာချစ်သူ

===

အချိန်က  ၁၉၉၀   ပြည့်နှစ်ဝန်းကျင်။   ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်    စမ်းကလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသို့  ဘုရားဖူး ယာဉ်တစ်စီး ဆိုက်ရောက်လာသည်။ ဘုရားဖူးယာဉ် အတွင်း၌ အသက် ၂၀ ကျော်လူငယ်လေးတစ်ဦးနှင့် မိဘမောင်ဖား မိသားစုများ လိုက်ပါလာသည်။
သူတို့သည် ရန်ကုန်မှ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ရှိ ဒေးစွန်ပါဆံတော်ရှင် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ရန် ဘုရားဖူးထွက်လာကြခြင်း ဖြစ်သော်လည်း ထိုစဉ်က ဘုန်းကြီးကျောင်းတစ်ဝင်း လုံး၌ ရောင်ခြည်တော်များ တလက်လက်တောက်ပ နေသည်ဟု  ကျော်ကြားနေသော  စမ်းကလေး ကျောင်းသို့ ဦးစွာဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ကျောင်းဝင်းကြီးက    ကျယ်ပြောလှသည်။ သစ်ပင်သစ်ရိပ်များနှင့်    အေးမြလှပေသည်။ ဟိုးအဝေးလယ်ကွင်းစပ်က   သစ်ပင်ကြီးပေါ်တွင် ဗျိုင်းအုပ်ကြီးများက ဖွေးဖွေးလှုပ်မျှ ခိုနားနေကြ သည်။   ကျောင်းဝင်းအတွင်းရှိ   သစ်ပင်တွေကို မော့ကြည့်လိုက်တော့   တလက်လက်ထနေသော ရောင်စုံလှိုင်းများ။
ဘုရားဖူးကားများကလည်း တစ်စီးပြီးတစ်စီး ထိုးဆိုက်လာသည်။  ဝင်လာမစဲ တသဲသဲ။ ကျောင်း ဝင်းအတွင်းမှာလည်း စမ်းကလေးဆရာတော်ကို လာရောက်ဖူးမြော်ကြသည့် ပရိသတ်ကလည်း မနည်းလှ။ ခုနက အသက် ၂၀ ကျော် လူငယ်လေးနှင့် မိသားစုတို့သည်လည်း ပရိသတ်နှင့်အတူ ဆရာ တော် အဖူးမြော်ခံကြွလာမည့်အချိန်ကို စောင့်မျှော် နေသည်။
နာရီဝက်ကျော်သည်အထိ စမ်းကလေးဆရာ တော်ကား  ကြွမလာသေး။  သို့ရာတွင် ကျောင်း အကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးက ပရိသတ်ကို ကနဦးတရားဓမ္မတွေ ဟောပြောပေးလျက်ရှိသည်။ လူငယ်လေးသည် သေချာနားစိုက်၍နာယူနေသည်။ 
“တကယ့်  ရဟန္တာကြီးပါဗျာ။  ပရိသတ်တွေ အတွက်  အတော့်ကို ကျေးဇူးများမှာပါ”
လေ့လာဖတ်ရှုခဲ့သူ
လူငယ်လေး၏စိတ်အစဉ်သည်  ရုတ်တရက်  လှုပ်ရှားသွားသည်။ သူသည် ငယ်စဉ်ကတည်းက သူ့အဖေ၏ ဓမ္မစာပေများကို ဖတ်ရှုခဲ့သူပီပီ မြတ်ဗုဒ္ဓ ၏ တရားဓမ္မနှင့်ပတ်သက်လျှင် အစိမ်းသက်သက် မဟုတ်။ အတော်အသင့် နားရည်ဝနေသူဖြစ်သည်။ ငါးရာ့ငါးဆယ်နိပါတ်တော်၊       ဇာတ်တော်ကြီး  ဆယ်ဘွဲ့မှအစ          ဆယ်ကျော်သက်အရွယ်တွင် ဓမ္မာစရိယ ဦးဌေးလှိုင်၏  ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊  မိုးကုတ်ဆရာတော်ဘုရားကြီး၏  သစ္စာလေးပါးနှင့် ပဋိစ္စသမုပ္ပါဒ်တရားတော်များအဆုံး လေ့လာဖတ်ရှု ခဲ့သူဖြစ်ပေသည်။
“အရိယာပုဂ္ဂိုလ်     ရဟန္တာအရှင်သူမြတ် တစ်ပါးကို သာမန်လူတွေမသိနိုင်ပါဘူး။ ဉာဏ်မမီပါ ဘူး။    အရိယာသူမြတ်တွေ ကိုယ်တိုင်ကလည်း အရိယာဉာဏ်အမြင်နဲ့ပတ်သက်ရင်  အမြဲသိုသိပ် လျှို့ဝှက်တော်မူကြတယ်။ အကျိုးထူးတစ်စုံတစ်ရာ ဖြစ်ဖွယ်မမြင်ရင် လူဒါယကာတို့ကို  မဆိုထားဘိ၊ တရားကျင့်ဖက်သီတင်းသုံးဖော်      ရဟန်းတော် အချင်းချင်းကိုပင် အသိမပေးလိုကြဘူး”
လူငယ်လေးသည်   အကျိုးတော်ဆောင်၏ ဟောပြောချက်ကို သူဖတ်ရှုခဲ့သော ဓမ္မစာပေများ နှင့် ချိန်ထိုး၍ ဓမ္မဒါသတရား ကြေးမုံပြင်ထက်ဝယ် မှတ်ကျောက်တင် စစ်ဆေးနေသည်။ အကျိုးတော် ဆောင်၏တရားကား အမျှင်မပြတ်သေးပါ။
“ကျောင်းဝင်းထဲက   အလင်းရောင်တွေကို သေသေချာချာကြည့်ရှုကြ။  အလင်းရောင်တွေမြင် ရင်   သောတာပန်ဖြစ်ပြီ”       လူငယ်လေးသည် ရုတ်တရက်ပရိသတ်အတွင်းမှ  ထရပ်လိုက်သည်။ ပြီးတော့  ကျောင်းဝင်းအပြင်ဘက်သို့ တစ်လှမ်းချင်း လှမ်းရင်း ထွက်ခွာသွားသည်။
“ဟေ့ကောင်လေး၊ မင်းဘယ်သွားမလို့လဲ”
အဖေဖြစ်သူက သားငယ်ကိုစိတ်မချ၍ နောက်က လိုက်လာရင်းမေးမြန်းလိုက်သည်။
“ကျွန်တော် ကားပေါ်ကပဲ အဖေတို့ကို စောင့်နေ တော့မယ်ဗျာ”
“ဟေ့ - ဘာဖြစ်လို့လဲကွ”
“အဖေပဲစဉ်းစားကြည့်လေ၊ အရောင်တွေမြင် တာနဲ့၊ ဖူးရတာနဲ့ သောတာပန်ဖြစ်မလားဗျ၊ အလွန် ဆုံး ပီတိအဆင့်ပဲဖြစ်မှာပေါ့။  လက္ခဏာရေးသုံးပါး မရှုဘဲ သောတာပန်ဖြစ်မလား”
“အေး၊ အေး။ ဒါဆိုလည်း  ကားပေါ်ကပဲစောင့် တော့။  ငါတို့က  လူကြီးတွေကွ၊ ထွက်လာလို့ မကောင်းဘူး”
ဖခင်ဖြစ်သူသည်   သူ့သားငယ်၏   သဘော သဘာဝအကြောင်းကို  နောကျေအောင်သိနေသူပီပီ အသာတကြည် ခွင့်ပြုပေးလိုက်သည်။ 
တစ်ခါကလည်း    ဘုရားဖူးခရီးစဉ်တစ်ခုတွင် “ဆယ့်တစ်မီးငြိမ်းချင်ရင်    မောင်းဆယ့်တစ်ချက် လာတီးကြ”ဟု ယောဂီဝတ်ပုဂ္ဂိုလ်တစ်ဦး၏ ဆော်ဩ မှုကို သူသားငယ်သည် မောင်းတီးရန် တန်းစီစောင့်ဆိုင်း နေသူ ပရိသတ်များရှေ့တွင် “မောင်း ၁၁ ချက်တီးလို့ သာ လောဘမီး၊  ဒေါသမီး၊  မောဟမီး၊  ဇာတိမီး၊ ဇရာမီး၊   မရဏမီး စတဲ့ မီး  ၁၁ မီးငြိမ်းမယ်ဆိုရင် မြတ်စွာဘုရားရှင်က လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဘယ်ဖြည့်တော့မလဲဗျ။ မောင်း ၁၁ ချက်ပဲတီး တော့မှာပေါ့”ဟု     ဟောင်ဖွာဟောင်ဖွာပြောနေ၍ မနည်းထိန်းခဲ့ရသည်ကို     သူမှတ်မိနေလေသည်။ ထို့ကြောင့်   ယခုတစ်ကြိမ်တွင်   သူ့သားငယ်ကို အတင်းအကျပ်မတားဆီးတော့။   သားငယ်၏ဆန္ဒ အတိုင်း ခွင့်ပေးလိုက်၏။ 


၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်။  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏  နိုင်ငံတော်  သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၀)ဖွဲ့စည်းခြင်း အမိန့်ထွက် ပေါ်လာသည်။  စမ်းကလေး  အယူဝါဒအပေါ် ဓမ္မ၊ အဓမ္မ အငြင်းပွားသော ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းကို    ဝိနည်းတရားတော်  လုပ်ထုံးလုပ်နည်း များနှင့်အညီ ကြားနာစစ်ဆေး အဆုံးအဖြတ်ပေးရန် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်  ဆရာတော်ကြီးများ ပါဝင်သော    နိုင်ငံတော်သီးခြား   ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၁)ကို ဖွဲ့စည်းလိုက်သည်။
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့က    ကြားနာ စစ်ဆေးမှုအပြီးတွင်   အမှတ်(၉)   ဆုံးဖြတ်ချက်၌ ဤဆိုအပ်ခဲ့ပြီးသော သုံးသပ်ချက်များအရ စမ်းကလေး ဆရာတော်၏   တပည့်များသည်  အင်္ဂါ(၄)ချက် သောတာပန်ဖြစ်ခြင်း၏  အကြောင်းအင်္ဂါများနှင့် မပြည့်စုံရကား တကယ့်သောတာပန်အစစ်မဖြစ်နိုင် ကြပေ။ စမ်းကလေးဆရာတော်က  သမုတ်ပေးလိုက် သော သောတာပန်အတုများသာ ဖြစ်ကြပေသည်။ ကိုယ်တိုင်တရားမကျင့်ဘဲ အခြားပုဂ္ဂိုလ်တစ်ဦးဦးက သမုတ်ပေးရုံဖြင့် သောတာပန်အစစ် ဖြစ်မလာနိုင်ဟု ဆုံးဖြတ်တော်မူကြသည်။ 


အမှတ်(၁၀) ဆုံးဖြတ်ချက်တွင် ဤသုံးသပ်ချက် များနှင့်အညီ စမ်းကလေးဆရာတော်၏ သဒ္ဓါနုသာရီ သောတာပန်သည် စာလော၊ ပေလော  သောတာပန် အစစ်မဟုတ်၊  အတုသာဖြစ်သည်။ သစ္စာလေးပါး တရားသည်လည်း    လောကီသစ္စာသာဖြစ်သည်။ ထို့ကြောင့် ၎င်းသစ္စာဒေသနာစကားအားလုံးသည် လောကုတ္တရာပါဟု ဟောရကား မဟုတ်မမှန်သော ကြောင့် အဓမ္မဝါဒ၊ မိစ္ဆာဝါဒသာဖြစ်သည်ဟု ဆုံးဖြတ် တော်မူကြသည်။
အတုသောတာပန်များသာ
အမှတ်စဉ်(၁၁)  ဆုံးဖြတ်ချက်တွင် ဤသုံးသပ် ချက်များနှင့်အညီ စမ်းကလေးဆရာတော်သည် သဒ္ဓါ၊ ပီတိ၊ ဩဘာသ၊ ပဿဒ္ဓိ စသည်ကိုပင် အရိယမဂ်ဟု အထင်မှားနေသူဖြစ်သည်။ သူပေးသော သောတာပန် ပုဂ္ဂိုလ်  (၃)မျိုးသည်  တကယ့်အရိယာပုဂ္ဂိုလ်များ မဟုတ်၊  ပါးစပ်ပေး  အတုသောတာပန်များသာ ဖြစ်ကြသည်။ သူ၏ဟောပြောချက်များသည်လည်း ဘုရားဟောမဟုတ်၊    အဋ္ဌကထာဖွင့်နှင့်လည်း မကိုက်ညီသော အဓမ္မဝါဒသာဖြစ်သည်ဟု ဆုံးဖြတ် တော်မူကြသည်။
ထို့နောက်  နိုင်ငံတော်  သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၁)သည်       စမ်းကလေးဆရာတော်၏ အယူဝါဒများသည် ဗုဒ္ဓဝါဒ ဗုဒ္ဓတရားတော်များမဟုတ် ကြသောကြောင့် အဓမ္မဝါဒ၊ မိစ္ဆာဝါဒများသာဖြစ်သည် ဟု ဆုံးဖြတ်တော်မူကြသည်။ ထို့ပြင် စမ်းကလေးဝါဒ တရားနှင့်    စမ်းကလေးဝါဒနှင့်ဆက်နွှယ်နေသော တရားအားလုံးတို့သည်လည်း  ထေရဝါဒ ပိဋကတ် တော်လာ  ဓမ္မဝိနယများနှင့်  ဆန့်ကျင်ဘက်ဖြစ် ရကား အဓမ္မဝါဒကို  ဖော်ပြရာဖြစ်သောကြောင့် အဓမ္မဝါဒပင်မည်ကုန်၏ဟူ၍         ဆုံးဖြတ်ကြ သည်။


အချိန်ကာလတို့သည် ရွေ့လျားပြောင်းလဲနေ သည်။   ဆရာမြသန်းစံ   ရေးသားပူဇော်သည့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာ ဘိဝံသ၏ ဘဝခရီးနှင့် ဓမ္မဆီမီး ထေရုပ္ပတ္တိစာအုပ် ကို  သက်လတ်ပိုင်းအရွယ်ရောက် လူတစ်ဦးသည် စိတ်ပါဝင်စားစွာ ဖတ်ရှုနေသည်။  ဆရာတော်ကြီး ကိုယ်တိုင်  အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သော  နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၁)၏ စမ်းကလေး ဝါဒနှင့်ပတ်သက်သည့်  ဆုံးဖြတ်ချက်အခန်းသို့ ရောက်သောအခါ  တစ်ချိန်တစ်ခါ  သူလူငယ်ဘဝက အဖြစ်အပျက် ပုံရိပ်အချို့ကို သို့ကလို  တရေးရေး ပြန်လည် မြင်ယောင်လာလေသည်။
ထိုစဉ်က သူ၏သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် မှန်ကန်ခဲ့မှုအပေါ်ကိုလည်း ကျေနပ်ပီတိဖြစ်လျက် ရှိသည်။ တစ်ဆက်တည်းမှာပင် စာပေ၏ဂုဏ်ကျေးဇူး တရားများကို    အောက်မေ့ဆင်ခြင်မိလေသည်။ စာပေ၏ဂုဏ်ကျေးဇူးနှင့်ပတ်သက်၍ကား ပြော၍ မကုန်နိုင်ပါပေ။ ကမ္ဘာပေါ်တွင်  ထိပ်တန်းရောက်သူ တိုင်း စာဖတ်နာခဲ့ကြသည်။ စာဖတ်နာခဲ့၍လည်း ထိပ်တန်းသို့ရောက်ခဲ့ကြသည်။

လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချုပ်အောင်ဆန်း သည်  ကျောင်းသားဘဝကတည်းက  စာဖတ်နာ သူတစ်ဦးဖြစ်ခဲ့၍   တိုင်းပြည်၏လွတ်လပ်ရေးကို ငယ်ငယ်ရွယ်ရွယ်နှင့်   ဆောင်ကြဉ်းရယူပေးနိုင်ခဲ့ သည်။  ဝန်ကြီးချုပ်  ဦးနု၊  ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းတို့သည်လည်း စာဖတ်နာသူများဖြစ် ကြသည်။  ဦးကျော်ငြိမ်းဆိုပါလျှင် စာအုပ်များကို ဂိုဒေါင်တစ်လုံးစာမျှ  စုဆောင်းထားရှိ၍ စာဖတ် ခဲ့သူဖြစ်သည်။  စာဖတ်နာခဲ့၍လည်း  သူတို့သည် ဗိုလ်ချုပ်အောင်ဆန်းရေးသားခဲ့သလို  ရာဇဝင်ကို သိရုံတင်မဟုတ်၊    ရာဇဝင်ကို ဖန်တီးနိုင်ခဲ့သူများ ဖြစ်ခဲ့ကြလေသည်။
စာအုပ်များ၏ကျေးဇူး


စကားပြောကောင်းသော  နိုင်ငံရေးသမားဟု ထင်ရှားကျော်ကြားခဲ့သူ      အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည်လည်း စာအလွန်ဖတ်သူ တစ်ဦးဖြစ်ခဲ့သည်။ သူစာဖတ်သည့်ရည်ရွယ်ချက်က လူတွေရဲ့အတွင်းစိတ်ကိုသိဖို့၊  လူ့စရိုက်တွေကိုသိဖို့ ဟုဆိုသည်။  လူပျိုပေါက်  အရွယ်လောက်မှာ ကတည်းက အတွေးအခေါ်စာပေများအပါအဝင်   စာကောင်းပေမွန်များကို  ရွေးဖတ်သူဖြစ်သည်ဟု နာမည်ရသည်။       သမ္မတတက်ဖြစ်သည်အထိ သူအောင်မြင်ခဲ့ခြင်းသည်      စာအုပ်များ၏ကျေးဇူး အများကြီးပါသည်ဟု ဆိုကြသည်။
သမ္မတ  အိုဘားမားသည်       စာအုပ်များမှ အတွေးအခေါ်အချို့ကို လက်တွေ့ဘဝတွင် ထုတ်ယူ အသုံးချတတ်သည်။    အိုဘားမားသမ္မတအဖြစ် အစိုးရကိုဦးဆောင်ဖွဲ့စည်းသည့်အခါ သူဖတ်ခဲ့သည့် စာအုပ်တွေထဲက နမူနာယူခဲ့သည်ဟု ထောက်ပြခဲ့ သည်များလည်း ရှိခဲ့သည်။ အိုဘားမားသည် သမ္မတ ဖြစ်လာသည့်တိုင်       စာပေနှင့်မလွတ်ကင်းခဲ့။ လေယာဉ်ပေါ်က ဆင်းလာလျှင် သူ့လက်ထဲတွင်စာအုပ်တစ်အုပ်ပါလေ့ရှိသည်။  ဖရန်ကလင် ဒီရုစဗဲ့ ၏ သမ္မတဘဝ ပထမရက် ၁၀၀ အတွေ့အကြုံ စာအုပ်ကို သူလက်စွဲအဖြစ် ထားရှိသည်။ 


သမ္မတနစ်ဆင်က ကျောင်းသားဘဝကတည်း က အမေရိကန်သမိုင်း ၁၀ တွဲလုံးကို ကျေညက်အောင်  ဖတ်ခဲ့သည်။  သမ္မတက လင်ကွန်းအကြောင်းကို အလွတ်နီးပါး    ကျက်မှတ်ခဲ့သည်။  ဝှစ်တီးယား ကောလိပ်ကျောင်းသားဘဝကတည်းက စကားရည် လုပွဲပေါင်းများစွာတွင်     ပါဝင်ပြောဆိုခဲ့သူဖြစ်၍ စာဖတ်အားကို  အမြဲအရှိန်မြှင့်  ဖတ်ရှုခဲ့သူဖြစ်သည်။
သမ္မတကနေဒီမူ      လူငယ်ဘဝကတည်းက အုပ်ချုပ်ရေးပညာနှင့်  သမိုင်းစာအုပ်များကို ဖတ် လေ့ရှိသည်။ အသက် ၂၄ နှစ်အရွယ် ဟားဗတ် တက္ကသိုလ်ကျောင်းသားဘဝတွင်     ဖခင်ကြီး၏ သံတမန်လုပ်ငန်းများကို  ကူညီဆောင်ရွက်ပေးသော အားဖြင့် စစ်တလင်းဖြစ်တော့မည့် ဥရောပနိုင်ငံများ သို့ လှည့်ပတ်လေ့လာခဲ့သည်။ နိုင်ငံရေးပညာရပ်တွင် ဂုဏ်ထူးရရှိရေးအတွက်  ကနေဒီသည်  လေ့လာသုံးသပ် ချက်များအပေါ်အခြေခံ၍  ဘွဲ့ယူစာတမ်း ရေးသား ခဲ့သည်။   ထိုစာတမ်းကို   “အင်္ဂလန်ဘာကြောင့် အိပ်မောကျနေသလဲ”ဟူ၍ အမည်ပေးကာ  စာအုပ် ထုတ်ဝေခဲ့လေရာ အရောင်းရအကောင်းဆုံးစာအုပ် တစ်အုပ်ဖြစ်ခဲ့သည်။
ကနေဒီသည်  ဒုတိယကမ္ဘာစစ်အတွင်း၌ အမေရိ ကန် ရေတပ်တွင် ထူးချွန်စွာအမှုထမ်းခဲ့ပြီး စစ်ကြီးပြီး သောအခါ နယူးယောက်မြို့ရှိ နိုင်ငံတကာသတင်းဌာန တွင် သတင်းထောက်အဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင် ခဲ့သည်။ စစ်ပြီးခေတ်ဥရောပ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့်ပတ်သက်၍   သတင်း ဆောင်းပါးများစွာ ရေးသားခဲ့လေသည်။


အထက်လွှတ်တော်အမတ်ဘဝတွင်   သမိုင်း အဆက်ဆက်    အမေရိကန်ခေါင်းဆောင်များ၏ ကြိုးပမ်းအားထုတ်မှုများကို  သရုပ်ဖော်ထားသော profiles in courage အမည်ရှိ စာအုပ်ကိုရေးသားခဲ့ရာ ပူလစ်ဇာဆုပင် ဆွတ်ခူးရရှိခဲ့သည်။ သမ္မတဖြစ်လာ သောအခါ ဂျွန်အက်ဖ်ကနေဒီသည် အလုပ်များသည့် ကြားထဲက နေ့စဉ်သတင်းစာ ၁၀ စောင်နှင့် လစဉ်ထုတ် မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်များကိုဖတ်ရှုလေ့ရှိသည်။


သို့ဆိုလျှင်     ထိပ်တန်းသို့တက်လှမ်းလိုသည့် မြန်မာလူငယ်မောင်မယ်များသည် အနာဂတ်တွင် တိုင်းချစ်ပြည်ချစ်စိတ်  ပြည့်ဝသောခေါင်းဆောင်ကောင်းများဖြစ်လာစေရန် စာကောင်းပေမွန်များကို ငယ်စဉ်ကတည်းက လေ့လာဖတ်ရှုကြဖို့ လိုအပ်သည်။ 
ဘဝခရီးကို လျှောက်လှမ်းရာတွင် အကြောင်း အကျိုး၊ အကောင်းအဆိုး၊ အမှားနှင့်အမှန်ကို ဝေဖန် သုံးသပ်ဆင်ခြင်နိုင်ဖို့   စာပေဗဟုသုတကြွယ်ဝရန် လိုအပ်ပေသည်။ စာပေမဖတ်ရှုဘဲ မည်သည့်အကြံ ကောင်းဉာဏ်ကောင်း အတွေးအခေါ်ကောင်းမျှ ထွက်ပေါ်လာလိမ့်မည်မဟုတ်။ ဟိုလူပြောဟုတ်နိုး သည်လူပြောဟုတ်နိုးနှင့်        သူများပါးစပ်ဖျား လမ်းဆုံးကာ သူများနောက်လိုက်မျှသာ ဖြစ်ပေလိမ့် မည်။ သို့ကြောင့်မို့ မိုးဂျာနယ်ထုတ်ဝေသူ သတင်းစာ ဆရာကြီး သခင်အောင်ဖေက “သင်အလိမ်မခံချင်ရင် စာဖတ်ပါ” ဟုဆိုခဲ့သည် မဟုတ်လော။     ။