စာရင်းကောက်များ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ကြပါ …….

Type
ဆောင်းပါး

ဝင်းမြင့်(တွံတေး)

အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၈၇၂ ခုနှစ်မှစတင်၍ ကောက်ယူခဲ့ပြီး ၁၀ နှစ်တစ်ကြိမ် ပုံမှန်ကောက်ယူခဲ့ပါသည်။ မှတ်တမ်းများအရ ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာပြည် လူဦးရေ ၂ ဒသမ ၇၅ သန်း၊ ၁၈၈၁ ခုနှစ်တွင် ၃ ဒသမ ၇၄ သန်း ကောက်ယူရရှိခဲ့ပြီး ၁၈၉၁ ခုနှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ရာ ၁၈၉၁ ခုနှစ်တွင် ၇ ဒသမ ၇၃ သန်း၊ ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၁၁ ခုနှစ်တွင် ၁၂ ဒသမ ၁၁ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ ဒသမ ၂၁ သန်း၊ ၁၉၃၁ ခုနှစ်တွင် ၁၄ ဒသမ ၆၇ သန်း၊ ၁၉၄၁ ခုနှစ် တွင် ၁၆ ဒသမ ၈၂ သန်း ကောက်ယူရရှိခဲ့ပါသည်။

နိုင်ငံတော်အစိုးရလက်ထက်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၀ နှစ်အကြာ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်ကောက်ယူခဲ့ ရာ ၁၉၇၃ ခုနှစ်တွင် စုစုပေါင်း လူဦးရေ ၃၅ ဒသမ ၃ သန်း ကောက်ယူရရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ် နှစ်လွန်နှစ်များတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ နှစ်ပေါင်း ၃၀ အကြာ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ဒီမိုကရေစီအစိုးရလက်ထက်တွင် မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရန် ရှိ/မရှိ အဆို တင်သွင်းခဲ့မှုအပေါ် နိုင်ငံတော်အကြီးအကဲက ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် အစီအမံများ စတင်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ သို့ဖြစ်၍ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ စာရင်းကောက်ယူခဲ့ပါသည်။ ယခု ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ပြီးဖြစ်ပါသည်။

လူဦးရေသန်းခေါင်စာရင်းဆိုသည်မှာ

ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းအဓိပ္ပာယ်ကို ကွဲကွဲပြားပြား မသိရှိကြသေးပေ။ မိမိတို့အိမ်တွင်ရှိသော အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံကို သန်းခေါင်စာရင်းဟု ထင်မြင်နေကြဆဲဖြစ်သည်။ လူဦးရေသန်းခေါင်စာရင်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေစာရင်း ကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်း၊ ဆန်းစစ်လေ့လာခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းစသည့် လုပ်ငန်းစဉ်တစ်ခုလုံးကိုဆိုလိုသည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် နေ့တစ်နေ့၏ သန်းခေါင်ယံအချိန်ကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ကောက်ယူရခြင်းဖြစ်၍ သန်းခေါင် စာရင်းဟု ခေါ်ဝေါ်သုံးစွဲလာကြခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့်အချိန်သည် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိဖြစ်၍ သန်းခေါင်စာရင်းရည်ညွှန်းချိန်မှာ ၃၀.၉.၂၀၂၄ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူများအားလုံးကို ကောက်ယူသွားပါမည်။

မေးခွန်းပေါင်း ၆၈ ခုကို မေးမြန်းပါမည်

သန်းခေါင်စာရင်း ကောက်ယူမည့်အချိန်သည် နီးကပ်လာပြီဖြစ်၍ ပြည်သူများအနေဖြင့် စာရင်းကောက်သူများ၏ မေးမြန်းချက်များကို ကြိုတင်သိရှိထားခြင်းအားဖြင့် အချိန်တိုအတွင်း ဖြေကြားနိုင်စေရန် ဖော်ပြပေးပါမည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်စဉ်က မေးခွန်းပေါင်း ၄၁ ခု မေးမြန်းခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူချိန်မှာတော့ မေးခွန်းပေါင်း ၆၈ ခုကို စာရင်းကောက်များက မေးမြန်းပါမည်။ မေးခွန်းပေါင်း ၆၈ ခုအနက် အရေးကြီးသော မေးခွန်းများ ကိုသာ ကောက်နုတ်တင်ပြသွားပါမည်။

စာရင်းကောက်များက ဖော်ပြပါမေးခွန်းများကို မေးမြန်းသွားပါမည် -

အမည်၊ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ၊ ပြည့်ပြီးအသက်၊ မွေးသက္ကရာဇ် ရက်၊ လ၊ နှစ်၊ ကိုးကွယ်သည့်ဘာသာ၊ အိမ်တွင်အဓိကပြောဆိုသော ဘာသာစကား၊ ကိုင်ဆောင်သည့်လက်မှတ် အမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်း ရှိ/မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာ ခြင်းအကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အားအကြောင်းအရာ၊ မွေးဖွားခြင်း အကြောင်းအရာ၊ (အိမ်ထောင်ကျဖူးသူအမျိုးသမီးများ အသက်(၁၀)နှစ်နှင့်အထက်) မသန်စွမ်းမှု အကြောင်းအရာ၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာ၊ နေအိမ်အမျိုးအစား၊ ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးပစ္စည်းများ၊ အိမ်ရှိအခန်းအရေအတွက်၊ အိပ်ခန်းအရေအတွက် သောက်သုံးရေရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုမှု၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်းအကြောင်းအရာ၊ လွန်ခဲ့သော ၁၂ လအတွင်း အိမ်ထောင်စုဝင်များထဲမှ သေဆုံးမှု စသည့်မေးခွန်းများဖြစ်ပါသည်။

စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း၊ အိမ်တိုင်ရာရောက် Tablet များဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့် စနစ် (Computer Assisted Personal Interviews– CAPI) ဖြင့် စာရင်းကောက်ယူသွားမည်။ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း အကြောင်းကြားစာကို အိမ်ထောင်စုတိုင်းသို့ မကောက်ယူမီ ကြိုတင်ပေးပို့သွားပါမည်။ အိမ်ထောင်စုတစ်စုအတွင်း စာရင်းကောက်ယူချိန် မိနစ် ၂၀ ခန့်ကြာမြင့်ပါမည်။

စာရင်းစစ်၊ စာရင်းကောက်များအပေါ် အဓိကတာဝန်ရှိ

သန်းခေါင်စာရင်းလုပ်ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းကောက်ယူရာတွင် မထပ်၊ မကျန်၊ အမှန်ပြည့်စုံသည့် စာရင်းကောင်းတစ်ခုရရှိရန် စာရင်းစစ်၊ စာရင်း ကောက်များအပေါ် အဓိကတာဝန်ရှိပါသည်။ အရည်အချင်းပြည့်ဝသည့် စာရင်းစစ်၊ စာရင်း ကောက်များဖြစ်ရန် အလွန်အရေးကြီးပါသည်။ သို့ဖြစ်၍ မကြာမီသင်ကြားပို့ချမည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းမှ ပို့ချမည့်သင်ခန်းစာများကို ကြိုးစားလေ့လာမှတ်သားကြရန် တိုက်တွန်း လိုပါသည်။

သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ သို့မဟုတ် ပုံစံ ၁၀ ရှိခြင်း/ မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိခြင်း/မရှိခြင်းနှင့်မသက်ဆိုင်ပါ။ သန်းခေါင်စာရင်း ရည်ညွှန်းချိန် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံကျော်လွန်ပြီးမှ သေဆုံးသူများ၊ နိုင်ငံခြားသို့ရောက်ရှိနေသော မြန်မာနိုင်ငံ သံရုံး ဝန်ထမ်းများကို စာရင်းကောက်ယူသွားပါမည်။

ပြည်ပရွှေ့ပြောင်းသွားလာခြင်းနှင့်ပတ်သက်၍ မေးခွန်းများကို ဖြေကြားရာတွင် အိမ်ထောင်ဦးစီးများအနေဖြင့် အမှန်ကိုသာဖြေကြားပေးရန်လိုအပ်ပါသည်။ တရားဝင်ဗီဇာဖြင့် သွားခြင်း/မသွားခြင်း၊ အောက်လမ်းမှ တရားမဝင်သွားခြင်း စသည်တို့ကို မေးမြန်းမည်မဟုတ်ပါ။ အဓိကမှာ မည်သည့်နိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည်ကို ဖြေကြားရန်သာ ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ နှစ်သန်းခန့် (ထိုင်းနိုင်ငံတွင် ၇၀ ဒသမ ၂ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံတွင် ၁၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၃ ဒသမ ၉ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ၀ ဒသမ ၉ ရာခိုင်နှုန်း၊ ကိုရီးယားနိုင်ငံတွင် ၀ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံတွင် ၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများ တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း) ရှိပါသည်။ စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရသောပိုင်ဆိုင်မှုများနှင့်ပတ်သက်၍လည်း အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝ လုံးဝ ပြုလုပ်မည်မဟုတ်ပါ။

၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအရ သန်းခေါင်စာရင်းကောက်ယူသည့်အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စအတွက်မှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုရဟု အတိအလင်း ဖော်ပြထားပြီးဖြစ်ပါသည်။

စာရင်းကောက်များမှ မေးမြန်းချက်များကို ပြည်သူများက မှန်ကန်စွာဖြေဆိုခြင်းဖြင့် နိုင်ငံတော်မှ သင်တို့နေထိုင်ရာ နယ်မြေအတွင်း လိုအပ်လျက်ရှိသော စာသင်ကျောင်း၊ ဆေးပေးခန်းအရေအတွက်၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရမည့်ပမာဏ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြန့်ဖြူးပေးမှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများစောင့်ရှောက်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ စောင့်ရှောက်ရေးစသည်တို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်က ပြည်သူတို့၏ အကျိုးပြုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူမည့် သန်းခေါင်စာရင်းလုပ်ငန်းကြီးကို ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

ကျမ်းကိုးစာရင်း

ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ဝေသော လက်ကမ်း စာစောင်

၂၀၁၄ ခုနှစ် ပြည်ထောင်စုသန်းခေါင်စာရင်း အစီရင်ခံစာ