ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) ၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကို အီရန် နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာခံစတင်ကျင်းပခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကို “နိုင်ငံတကာ စာတတ်မြောက် ရေးနေ့” အဖြစ် ယူနက်စ်ကိုက သတ်မှတ်ပြဋ္ဌာန်းခဲ့ရာ ကမ္ဘာ့ နိုင်ငံအသီးသီးတို့တွင် နှစ်စဉ် စက်တင်ဘာလ ၈ ရက်နေ့တိုင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားများကို ကျင်းပ လျက်ရှိကြသည်။
စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်း၏ လူ့ဂုဏ်သိက္ခာ နှင့် လူ့အခွင့်အရေးတို့အတွက် အရေးကြီးသလို လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လည်း အရေးပါသည်။ စာတတ်မြောက်ရေးအစီအစဉ်များသည် ကမ္ဘာတစ်ဝန်း၌ ပုံမှန်တိုးတက်ဖြစ်ထွန်းလျက်ရှိနေသည့်တိုင် ၂၀၂၀ ပြည့်နှစ် စာရင်းဇယားများအရ ကမ္ဘာတစ်ခွင်၌ အခြေခံ စာရေးစာဖတ်မတတ်မြောက်သူ လူငယ်၊ လူကြီးဦးရေမှာ ၇၆၃ သန်းထက်မနည်း ရှိနေသည်။ ကိုဗစ် - ၁၉ ကပ်ရောဂါ ကမ္ဘာ တစ်ဝန်း ကူးစက်ပျံ့နှံ့ခြင်းအပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲ ခြင်းနှင့် ဒေသမတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ ကဲ့သို့သော အကျပ်အတည်းများက စာမတတ်သူပပျောက်ရေး ဆိုင်ရာ အခက်အခဲများ၊ စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေလျက် ရှိသည်။
မိမိတို့နိုင်ငံတွင်လည်း ကျောင်းပြင်ပရောက် ကလေးသူငယ် များ များပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းဟူ သော အခြေအနေနှစ်ရပ် ဖြစ်ပေါ်လျက်ရှိရာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှုအဖြစ် ရှုမြင်၍ အလေးအနက်ထား ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူဦးရေ ၃ ဒသမ ၅ သန်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံး အောင် မသင်ကြားနိုင်ခဲ့သည့် ကလေးသူငယ် ၂ ဒသမ ၇ သန်း ရှိသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံသည် စာမတတ်သူပပျောက် ရေး (အ သုံးလုံး) လူထုလှုပ်ရှားမှုစီမံကိန်း အောင်မြင်မှုဖြင့် ကမ္ဘာကျော်ခဲ့သော နိုင်ငံဖြစ်သည်။
ထိုစဉ်က စာတတ်မြောက်ရေး လူထုလှုပ်ရှားမှုဆောင်ရွက် ရာတွင် အောက်ခြေရပ်ကွက် ကျေးရွာမှသည် မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်နယ်အထိ စာတတ်မြောက်ရေးကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းကာ နွေကျောင်းပိတ်ရက်ကာလများအတွင်း တက္ကသိုလ်ကျောင်းသူ ကျောင်းသား စေတနာရှင် လုပ်အားပေး ဆရာ၊ ဆရာမများ၏အားဖြင့် သင်ကြားပေးခဲ့ကြရာ မြို့နယ် လုံးကျွတ်၊ တိုင်းလုံးကျွတ်၊ ပြည်နယ်လုံးကျွတ် စာတတ်မြောက် ခဲ့ကြပြီး အောင်ပွဲများကျင်းပနိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ လူထု လှုပ်ရှားမှုပုံစံသည် စာတတ်မြောက်ရေးစီမံကိန်းများ၏ စံပြ မော်ဒယ်တစ်ခုဖြစ်ခဲ့ပြီး ယူနက်စ်ကိုက ချီးမြှင့်သည့် “မိုဟာမက်ရီ ဇာပါလာဗီ” ဆုကို ၁၉၇၁ ခုနှစ်တွင်လည်းကောင်း၊ “နိုမာ” ဆုကို ၁၉၈၃ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဆောင်ရွက် ခဲ့သည်မှာ လာမည့်နှစ်ဆိုလျှင် နှစ်ပေါင်း ၆၀ ပြည့်ပြီဖြစ်သည်။
စာတတ်မြောက်ရေး စီမံကိန်းများကြောင့် သန်းနှင့်ချီသော ပြည်သူများ အခြေခံစာရေး၊ စာဖတ် တတ်မြောက်ခွင့်ရခဲ့ကြ သည်။ သို့ရာတွင် စာမတတ်သူများ သန်းနှင့်ချီ၍ ရှိနေသည်မှာ လည်း ပကတိအရှိတရားပင်ဖြစ်နေရာ သက်ကြီးစာတတ်မြောက် ရေး လူထုလှုပ်ရှားမှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် လိုအပ်မည့်အပြင် တစ်ဖက်တွင်လည်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ တန်းစဉ် မှန်မှန် ကူးပြောင်းရေးနှင့် နိုင်ငံတော်၏ ပညာရေးရည်မှန်းချက် ဖြစ်သော လူတိုင်း အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက် ရေးတို့ကို စဉ်ဆက်မပြတ် အနာဂတ်ကာလများသို့တိုင် သန္နိဋ္ဌာန် ခိုင်ခိုင်ချမှတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။