
နေပြည်တော် မေ ၁၉
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ် လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများနှင့် စာသင် ကျောင်းများကို အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ် ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ ဝန်ထမ်းများ၊ ပြည်သူများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွတ် အမြတ်ထားရာ သာသနာပိုင် အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များကို ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မေ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်၊ ဆားတောင်မြို့ ရွာစိုက်ရပ်ကွက်ရှိ မစိုးရိမ်ကျောင်းတိုက်၌ သံဃာတော် တစ်ပါးအား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းတိုက်သို့ PDF အကြမ်းဖက်အဖွဲ့ဝင် အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ရှင်တေဇနိယ(ခ)ကိုရင်ကြီး(ခ)ဦးတင်ဝင်း(၅၃)နှစ် (ဘ)ဦးဘလှော်အား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ရှင်တေဇနိယ(ခ)ကိုရင်ကြီးတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသ နိုင်ရေး စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ သံဃာတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ အကြမ်းဖက်သမားများ ကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်