စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော် မတ် ၁၀ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မတ် ၉ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ကံကြီးကုန်း ကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝိုင်းရံပိတ်ဆို့ ဝင်ရောက်၍ ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးသဖြင့် ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ရာ ထိတွေ့မှုဖြစ်ပွားလျက်ရှိကြောင်း သိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ပူးပေါင်းခဲ့ရာ နံနက် ၆ နာရီတွင် အကြမ်းဖက်သမားများမှာ ကံကြီးကုန်းကျေးရွာ၏ အနောက်ဘက် ရွှေလှေကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းအား အသေးစိတ်လိုက်လံရှင်းလင်းရာ အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်စိန်ပြောင်း နှစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ ၅ ဒသမ ၅၆ ကျည် ၅၁ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၂၁ တောင့်၊ လက်လုပ်ကျည် ရှစ်တောင့်၊ ၁၂ ဗို့ ပြောင်းချောကျည်နှစ်တောင့်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ကားပစ်စတင် ခုနစ်လုံးတို့ကို သိမ်းဆည်း ရရှိခဲ့သည်။ အကြမ်းဖက်သမားများ ကျေးရွာအတွင်း လက်နက်များဖြင့် ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီး နေအိမ် ၇၅ လုံးနှင့် ပြည်သူများပိုင်ဆိုင်သည့် နွား ၁၇၅ ကောင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု ၇၅ စုမှ အမျိုးသား ၁၀၁ ဦးနှင့် အမျိုးသမီး ၁၁၇ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကံကြီးကုန်းကျေးရွာ “နန္ဒာရာမ”ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ ယာယီနေရာချထား၍ ၎င်းတို့အတွက် လုံခြုံ ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အလားတူ မတ် ၉ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် မကွေးတိုင်း ဒေသကြီး ပေါက်မြို့နယ် ရွှေဘုံသာကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ၇၀ ခန့်က သေနတ်များ ပစ်ဖောက်ကာ အော်ဟစ် ဆဲဆို၍ ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများက ၎င်းတို့အား အကြမ်းဖက်ရန်ပြုမည့်အန္တရာယ်မှ လွတ်မြောက်နိုင်ရေး ကျေးရွာ အတွင်းမှ ထွက်ပြေးတိမ်းရှောင်ရာ အကြမ်းဖက်သမားများက ကျေးရွာ အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ရာ အကြမ်းဖက်သမားများမှာ ရွှေဘုံသာကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ချောင်းဇောက်ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက မီးလောင်ကျွမ်း လျက်ရှိသော နေအိမ်များအား ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျေးရွာရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်များမှ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏ နေအိမ် များအား မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျေးရွာနေပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်