
နေပြည်တော် ဇွန် ၂၄
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ဇွန် ၂၃ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ချောင်းဦးတောင် ရပ်ကွက် ချောင်းဦး-အမြင့်လမ်းဆုံဘက်မှနေ၍ ချောင်းဦးမြို့တွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး ၎င်းတို့၏ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှု ကြောင့် တမာမြိုင်ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်းကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ပြီး အဆိုပါရပ်ကွက်နေသူများဖြစ်သည့် မြို့နယ် စည်ပင်သာယာဦးစီးဌာနမှ စာရေးဝန်ထမ်းဖြစ်သူ ဒေါ်ဝါဝါမိုး(၂၃)နှစ် (ဘ)ဦးကြည်လွင်နှင့် ဒေါ်ပေါက် ပေါက် (ခ) ဒေါ်ထားထားနွယ်(၅၀)နှစ် (ဘ)ဦးဌေး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံး သွားခဲ့ပြီး ဦးကြည်လွင်(၅၀)နှစ် (ဘ)ဦးချစ်အောင်၊ ပညာရေးဝန်ထမ်းဖြစ်သူ ဦးမောင်မောင်ကျော် (၄၁)နှစ် (ဘ)ဦးဉာဏ်ရှိန်၊ ဒေါ်နွယ်စန်း(၅၃)နှစ် (ဘ) ဦးဘိုလေးနှင့် ဒေါ်မိုးမိုးအောင်(၃၅)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိ ကြောင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများ အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိ သေဆုံး စေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်