
နေပြည်တော် ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ရေဦး-တန့်ဆည် ကားလမ်းပေါ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ အား အကြမ်းဖက်သမားများက ဧပြီ ၈ ရက် နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ သဖြင့် ကာကွယ်ဆေးထိုးနှံသည့် အဖွဲ့မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်တစ်စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ဒဏ်ရာအချို့ရရှိ
ဖြစ်စဉ်မှာ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် တန့်ဆည် မြို့ မေတ္တာမြိုင်ရပ်ကွက် ရေဦး-တန့်ဆည်သွား ကားလမ်းမကြီးပေါ် တပင်ရွှေထီးလမ်းဆုံနှင့် ရွှေဥယျာဉ်စားသောက်ဆိုင်ရှေ့၌ ကျန်းမာရေး ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပြီးစီးမှုအား စိစစ်၍ ကာကွယ်ဆေးမထိုးနှံ ရသေးသည့် ပြည်သူများကို ကာကွယ်ဆေးထိုးပေး ခြင်းများကို ဆောင်ရွက်ပေးနေစဉ် နံနက် ၉ နာရီ ၅ မိနစ်တွင် ကာကွယ်ဆေးထိုးပေးသည့် နေရာ၏ တောင်ဘက် ၄၅ ကိုက်ခန့်အကွာ လမ်း၏ယာဘက်မှ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြေင့် ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်း သုံးဦး၏ မျက်နှာ၊ လက်နှင့် ရင်ဘတ် တို့တွင် ပေါက်ကွဲစထိမှန် ဒဏ်ရာအချို့ရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့ စီးနင်းလာသည့် မော်တော်ယာဉ် တစ်စီး၏ ဝဲဘက်တံခါးမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့သည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား တန့်ဆည်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ပေးလျက်ရှိကြောင်းနှင့် ထိုသို့ဖောက်ခွဲ တိုက်ခိုက်ခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်