
မုံရွာ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့ အေးသာယာရပ်ကွက် အောင်မြေလောကကျောင်းတိုက်ရှိ ဝါဆိုဓမ္မာရုံကြီး၌ ဇူလိုင် ၉ ရက်ည ၁၀ နာရီခွဲခန့်တွင် ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် အေးသာယာ ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးဘေးသင့် အိမ်ထောင်စု ၃၂ စု၊ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၁၂၃ ဦးတို့အတွက် ကိုယ်စားလှယ်နှစ်ဦးထံ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဆံများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်အိမ်လျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် အိမ် ၁၇ အိမ်အတွက် စုစုပေါင်း ငွေကျပ် ၅၁၀၀၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာဖိုး ငွေကျပ် ၃၆၅၈၃၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးများကိုလည်းကောင်း မီးဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား သွားရောက် ကြည့်ရှုစစ်ဆေးကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား ချင်းတွင်းမြစ်ရေ ရောက်ရှိမှုအခြေအနေနှင့် မြစ်ရေဝင်ရောက်မှု မရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများက ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်း တာပေါင်များအား အဆင့်မြှင့်တင် ဆောင်ရွက် နေမှုများနှင့် ရေစိမ့်ဝင်သည့်နေရာများကို သဲအိတ် များဖြင့် ကာရံနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ချင်းတွင်း မြစ်ရိုးတစ်လျှောက် ရေထိန်းတာပေါင်များ ကြံ့ခိုင်မှုရှိစေရေးတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)