
နေပြည်တော် ဇူလိုင် ၂
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစား များ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်း သော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့်နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာရှိ အခြေခံ ပညာအလယ်တန်းကျောင်း ပင်မအဆောင်၏ အနောက်ဘက် ပေ ၅၀ ခန့်အကွာရှိ အသုံးပြုခြင်း မရှိသည့် သွပ်မိုး၊ ထရံကာ ကျောင်းဆောင်အဟောင်း အတွင်း၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း တစ်လုံးထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်း ဆောင်အဟောင်းရှိ အမိုးသွပ်သုံးချပ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇူလိုင် ၁ ရက် ညနေ ၃ နာရီတွင် ဖောင်းပြင်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဓားဒဏ်ရာ များဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖောင်းပြင်မြို့ နယ် သရောင်းကျေးရွာနေ အဆိုပါကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြ ကျောင်းဆရာဖြစ်သူ ဦးနေစိုး (၃၈) နှစ် (ဘ) ဦးရန်ထွန်းအား လည်ပင်းထိုးသွင်း၊ ပြတ်ရှဒဏ်ရာ သုံးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ဇွန် ၃၀ ရက် နံနက်ပိုင်းက ဖောင်းပြင်မြို့ ပညာရေးမှူးရုံးသို့ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသွားရာမှ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ အင်ဝိုင်းကျေးရွာ သုသာန်အနီး၌ အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ် ခြင်းခံထားရသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်