
နေပြည်တော် ဒီဇင်ဘာ ၂၆
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ သည် ယနေ့ နံနက် ၂ နာရီခန့်တွင် မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၈ မိုင် ခန့်အကွာ၌ မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အရှေ့တောင်ဘက် သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီး ခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင် ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ် လိုက်လံ ဖမ်းဆီးခဲ့ရာ မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၉ ဒသမ ၅ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါလှေကို စိစစ်ခဲ့ရာ တရားဝင်စာရွက် စာတမ်း တစ်စုံတစ်ရာမပါရှိဘဲ သစ်ခွဲသားဆိုက်စုံ ၁၅ တန်နှင့်အတူ ပေါက်တောမြို့နယ်နေ ဘင်္ဂါလီ ခြောက်ဦး (တစ်ဦး သေဆုံး၊ သုံးဦး လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာရ)တို့ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအနက် ဒဏ်ရာ ရရှိသူများအား လိုအပ်သော ဆေးဝါးကုသပေးမှု ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်