
နေပြည်တော် ဇူလိုင် ၂
နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်း အသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီး သို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင် ကြောင်းနှင့် ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက် အပြည့်အစုံ မှာ -
ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်နှင့် CDM ဝန်ထမ်းများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ခြင်း
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပြင် အခြားကဏ္ဍ ပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ပြည်ထောင်စုအတွင်းရှိ ဒေသအသီးသီးတွင် တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်နိုင်ရေး အတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး လုပ်ငန်းများကို ထမ်းဆောင်လျက်ရှိသည်။ မိမိတို့အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို တည်ဆောက်သွားရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုအပ်ဘဲ ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်မှကင်းကွာနေသော အခြေခံ ပညာရေးဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခြင်း၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်နေသူများအနက်မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများကို ပြန်လည်ဖိတ်ခေါ်ခြင်းတို့အား အသိပေးထုတ်ပြန်ခဲ့ရာ ပြန်လည် ဝင်ရောက်လာသူများကိုလည်း စနစ်တကျလက်ခံပေးလျက်ရှိသည်။
နိုင်ငံတော်အားအလုံးစုံပျက်သုဉ်းစေလိုသည့် CRPH နှင့် NUG အကြမ်းဖက်အုပ်စုများက ဆွဲဆောင်စည်းရုံးမှု၊ သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် အချို့သော CDM ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များတို့သည် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများတည်ရှိရာ နယ်မြေဒေသများသို့ ရောက်ရှိသွားခဲ့ပြီး လက်နက်ပစ်ခတ်ခြင်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများသို့ စာရင်းသွင်း ပါဝင်တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။
ထိုသို့သင်တန်းတက်ရောက်ခဲ့သူများအနက်မှ အချို့သောသူများ သည် အကြမ်းဖက်တိုက်ခိုက်သည့် လုပ်ရပ်များတွင် ပါဝင်လိုခြင်း မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်ပြီး ပြည်တွင်း/ပြည်ပဒေသ အချို့၌ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်းကို ကြားသိရ သည်။ ၎င်းတို့သည် NUG အမည်ခံအကြမ်းဖက်အုပ်စုနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ် များကို မျက်ဝါးထင်ထင်တွေ့မြင်လာပြီး လက်ခံနိုင်မှုမရှိခြင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို ယုံကြည်လက်ခံလာခြင်း၊ မိမိတို့၏ နေရပ်ဒေသအသီးသီးရှိ မိဘဆွေမျိုးများနှင့်အတူ တည်ငြိမ် အေးချမ်းစွာ ပြန်လည်နေထိုင်လိုခြင်းတို့ကြောင့် မိမိတို့နေရပ်ဒေသသို့ ပြန်လည်ဝင်ရောက်လိုသော်လည်း CRPH နှင့် NUG အကြမ်းဖက်အုပ်စု များနှင့် ၎င်းတို့၏လက်ဝေခံများက ထိန်းချုပ်အကျပ်ကိုင် ခြိမ်းခြောက် ထားမှုတို့ကြောင့် ပြန်လည်ဝင်ရောက်ခြင်း မပြုနိုင်ကြသည်ကိုလည်း ဆက်သွယ်သတင်းပေးပို့ချက်များအရ သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ထိုသို့သော မြန်မာနိုင်ငံရှိနေရပ် အသီးသီးသို့ ပြန်လည်ဝင်ရောက်လိုသူများအား ကြိုဆိုလက်ခံနိုင်ရေး အတွက် နယ်စပ်ဒေသအသီးသီးတွင် ပြန်လည် ကြိုဆိုလက်ခံရေးစခန်း များ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါစခန်းများအပြင် နီးစပ်ရာတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းအသီးသီးသို့လည်း ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် ယင်းသို့သတင်းပို့ ဆက်သွယ် သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝ တွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့